မကြာခင်သီတင်းကျွတ်လပြည့် ရောက်တော့မှာပါ။ မီးလုံးတွေ စီရီပြီး စိတ်ကူးယဉ်ဆန်ဆန် တောက်ပနေတဲ့လမ်းတွေမှာ လမ်းလျှောက်ခဲ့ဖူးတာ၊ မီးပုံးပျံလွှတ်နေကြတာ၊ မီးရှူးမီးပန်းတွေ ဖောက်ခဲ့ဖူးတာ၊ မီးပုံးတွေနဲ့ဖယောင်းတိုင်ဆီမီးတွေ အတန်းလိုက် ထွန်းထားတဲ့ မြင်ကွင်းတွေကို သင်ပြန်လိုချင်သလို အမှတ်ရနေမှာလည်းမလွဲမသွေပါပဲ။ သင်က ဒီအချိန်ထိ ချစ်ရတဲ့ မိဘတွေ ပိုင်ဆိုင်ထားသေးရင်တော့ မဟာကံထူးမှုပါပဲ။ သင်သူတို့ကိုချစ်ကြောင်းပြသတဲ့အနေနဲ့ သီတင်းကျွတ်မှာ ကန်တော့ပြီး လက်ဆောင်ပေးနိုင်ပါတယ်။ ဘာပေးရမလဲ စဉ်းစားမရရင်တော့ အောက်ဖော်ပြပါ အိုင်ဒီယာတွေအတိုင်း ပေးနိုင်ပါတယ်။

၁။ အိမ်စီးဖိနပ်

​မကြာခင် ဆောင်းဝင်တော့မှာကြောင့် သင်ချစ်ရတဲ့ အမေနဲ့ အဖေ နွေးနွေးထွေးထွေးရှိဖို့ အိမ်စီးဖိနပ်လေးတွေ ဝယ်ပေးန်ိုင်ပါတယ်။

၂။ ဝါသနာပါရာ ပစ္စည်း

သင်ချစ်ရတဲ့ မိဘတွေ ဝါသနာပါရာ စိတ်ဝင်စားရာ ပစ္စည်းတွေကို ဝယ်ကန်တော့နိုင်ပါတယ်။ ဥပမာ သင့်မေမေကအပင်စိုက်ရတာ ဝါသနာပါရင် အပင်လှလှလေးတွေ ဝယ်ပေးနိုင်ပါတယ်။

၃။ Skincare

တစ်နေ့တခြား အသားအရေ ပြောင်းလဲလာတဲ့ သင့်မိဘတွေအတွက် Skincare ကောင်းကောင်းလေးတွေ ဝယ်ပေးနိုင်ပါတယ်။ မေမေ့အတွက်သာမက အဖေ့အတွက်ပါ Skincare ပစ္စည်း ဝယ်နိုင်ပါသေးတယ်။

၄။ အဝတ်အစား

ငါ့သားလေး သမီးလေး ဝယ်ပေးထားတဲ့ အင်္ကျီဆိုပြီး ပြုံးပြုံးကြီး ဝတ်မှာ ဒီမိဘတွေပါပဲ။ အကောင်းစား မဟုတ်ရင်တောင် ကိုယ်တက်နိုင်တဲ့ အဝတ်အစားပုံစံလေး ဝယ်ပေးနိုင်ပါတယ်။

၅။ ရေမွှေး

ရေမွှေးသုံးတတ်သူဆိုရင် သူတို့သဘောကျတဲ့ ရေမွှေးနံ့လေးတွေ ရှာဝယ်ပေးနိုင်ပါတယ်။

၆။ Wireless Charger

သင့်မိဘတွေက အားသွင်းကြိုးပျောက်ပြီး ခဏခဏ ရှာရတတ်တဲ့ အကျင့်ရှိတယ်ဆိုရင် သူတို့အတွက် ကြိုးမလိုတဲ့ Charger ဝယ်ပေးဖို့ အခွင့်အရေးပါပဲ။

၇။ အားကစားပစ္စည်း

သင်ချစ်ရတဲ့ မိဘတွေ ကျန်းမာရေး လိုက်စားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အားကစားပစ္စည်းတွေ ဝယ်ပေးနိုင်ပါတယ်။ဥပမာ ယောဂဖျာ၊ Dumbbells ဝိတ်တုံး စတာတွေ ဖြစ်ပါတယ်။

၈။ Handmade ပစ္စည်း

သင်က Handmade ပစ္စည်းလေးတွေ လုပ်တတ်သူဆိုရင် သင်လုပ်ထားတဲ့ Handmade ပစ္စည်းလှလှလေးကို သင့်မိဘတွေအတွက် အမှတ်တရ လက်ဆောင်ပေးနိုင်ပါတယ်။

၉။ ကျေးဇူးတင်စာ

သင်က ဝင်ငွေမရှိတဲ့သူ ဒါမှမဟုတ် ပိုက်ဆံမစုဖြစ်လို့ လက်ထဲ ပိုက်ဆံတစ်ပြားမှ မရှိဘူးဆိုရင် ဒီလက်ဆောင်ကိုသုံးနိုင်ပါတယ်။ ဒါကတော့ ကိုယ်ချစ်ရတဲ့ အမေနဲ့ အဖေဆီ စာပေးတာပါ။ စာထဲမှာ ကိုယ့်ကို ဒီအရွယ်ထိကျွေးမွေးပြုစုခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း၊ အမေနဲ့ အဖေကို ချစ်ကြောင်း စာရေးနိုင်ပါတယ်။ သင့်လက်ရေးနဲ့ သင်ကိုယ်တိုင်ရေးတာဖြစ်ရပါမယ်။

၁၀။ အနားမှာရှိပေးပါ

မိဘတွေက အပေါ်က လက်ဆောင်တွေ တစ်ခုမှ မပေးနိုင်ရင်တောင် ငြိုငြင်မယ့်သူတွေမဟုတ်ပါဘူး။ သူတို့အတွက် အဖိုးအတန်ဆုံး လက်ဆောင်ကတော့ သူတို့အသက်ကြီးတဲ့အချိန်ထိ သားသမီးတွေ အနားမှာရှိပေးတာပါပဲ။

Photo Source: Pinterest

By MyStyle Myanmar