ယာဉ်မတော်တဆမှုကြောင့် လူ့အသက်ပေါင်း ၁.၃ သန်းခန့် နှစ်စဉ် ဆုံးရှုံးနေရပါတယ်။ ယာဉ်မောင်းသူက အရှိန်ပြင်းစွာ မောင်းနှင်ခြင်းကြောင့် သော်လည်းကောင်း၊ လမ်းသွားလမ်းလာများမှ စည်းကမ်းမဲ့စွာ လမ်းဖြတ်ကူးခြင်းကြောင့်သော်လည်းကောင်း ယာဉ်မတော်တဆမှုများ နေ့စဉ်ဖြစ်ပွားနေတာကို မြင်ကြကြားကြမှာပါ။ ယာဉ်မောင်းသူများအနေနဲ့လည်း မိမိတို့ အသက်အန္တရာယ်ထိခိုက်မှုမရှိအောင် ဘယ်လိုအချက်လေးတွေကို ရှောင်ကြဉ်သင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ကားမောင်းနေစဉ် ရေဒီယိုဖွင့်ပြီး သီချင်းနားထောင်ကာ အတူတူလိုက်ဆိုခြင်း

သင်က ကားမောင်းနေရင်းက သီချင်းဆိုလေ့ရှိတယ်ဆိုရင်တော့ အဲ့ဒီအကျင့်ကိုဖျောက်ပစ်လိုက်ဖို့လိုပါတယ်။ သီချင်းကြောင့် သင့်စိတ်ခံစားချက်က အပြောင်းအလဲအတက်မြန်ပြီး ကားမောင်းခြင်းကို အာရုံမစိုက်နိုင်အောင် နှောင့်ယှက်ပါတယ်။

ကားမောင်းနေစဉ် နားကြပ်တပ်ထားခြင်း

နားကြပ်တပ်ထားခြင်းကြောင့် ကားဟွန်းသံတွေ အရေးတကြီးကြေညာသံတွေကို မကြားလိုက်တာမျိုး ဖြစ်နိုင်ပါတယ်။ နားကြပ်တပ်ပြီး သီချင်းနားထောင်ခြင်းကလည်း သင့်ကိုအိပ်ချင်စိတ်ဖြစ်ပေါ်စေပါတယ်။

ဒေါက်ဖိနပ်စီးပြီး ကားမောင်းခြင်း

အကယ်၍သင်က ပွဲတက်စရာရှိလို့ ဒေါက်ဖိနပ်စီးရမယ်ဆိုရင် ကားမောင်းနေချိန်မှာတော့ ဒေါက်မဝတ်ဘဲ ကားမောင်းခြင်း၊ ဒါမှမဟုတ် ညှပ်ဖိနပ်လေးတွေဆောင်ထားခြင်းတို့ ပြုလုပ်ပေးပါ။ ဒေါက်မြင့်အချွန်ကညှပ်နေတတ်ပြီး ယာဉ်မတော်တဆမှုဖြစ်စေနိုင်လို့ပါပဲ။

ကားမှန်ဘောင်ပေါ်တွင် ခြေထောက်တင်ထားခြင်း

သင်က ကားစီးနေစဉ်မှာ ကားမှန်ပေါ်မှာ ခြေထောက်တင်ထားတတ်တဲ့အကျင့်ရှိရင်တော့ ဖျောက်ပစ်လိုက်ပါ။ အဲ့ဒီလိုပြုလုပ်တဲ့သူတွေက ယာဉ်မတော်တဆမှုကြုံတွေ့ရတဲ့အခါ အန္တရာယ်အရှိဆုံးနဲ့ ထိခိုက်ဒဏ်ရာအများဆုံးဖြစ်တတ်လို့ပါပဲ။

ကားမောင်းသူဘေးနားမှာ အိပ်ခြင်း

အခြားတစ်ယောက် သမ်းဝေတာကို မြင်ရင် ကိုယ်လည်း လိုက်သမ်းတာမျိုး ဖြစ်ဖူးကြတယ်မလား။ အဲ့ဒီလိုပါပဲ ကားမောင်းသူဘေးနားမှာ အိပ်ခြင်းက ကားမောင်းတဲ့သူကို အိပ်ငိုက်စေပါတယ်။

ကားမောင်းနေစဉ် မက်ဆေ့ချ်ပို့ခြင်း

ကားမောင်းနေစဉ်မှာ ဖုန်းပြောခြင်း၊ မက်ဆေ့ချ်ပို့ခြင်းတွေ လုံးဝရှောင်ကြဉ်သင့်ပါတယ်။

ကားမောင်းနေစဉ် အဝတ်အစားလဲခြင်း

ရုံးနောက်ကျတာပဲဖြစ်ဖြစ်၊ သွားစရာတစ်ခုခုနောက်ကျနေလို့ပဲဖြစ်ဖြစ် ကားပေါ်မှာ အဝတ်အစားလဲခြင်းကို မပြုလုပ်သင့်ပါဘူး။ ကားလေအေးပေးစက်ကြောင့် ချမ်းလာတဲ့အခါမှာလည်း အပေါ်အင်္ကျီထပ်ဝတ်မယ့်အစား လေအေးပေးစက်ကိုပဲ လျော့လိုက်ပါ

တိရိစ္ဆာန်လေးများ

တိရိစ္ဆာန်လေးတွေကို ချစ်တတ်တာက သင်ကကြင်နာတတ်တဲ့သူတစ်ယောက်ဆိုတာ ဖော်ပြနေတာပါပဲ။ ဒါပေမဲ့ ကားမောင်းနေစဉ်မှာတော့ ခွေးလေးတွေ ကြောင်လေးတွေကို သင့်ပေါင်ပေါ်တင်မထားပါနဲ့။ သင့်ဘေးနားက ခုံမှာထိုင်နေတယ်ဆိုလည်း ကားမောင်းနေတဲ့အချိန်မှာ ခုန်ပေါက်မနေနဲ့ သေချာလေ့ကျင့်ပေးထားပါ။

ကားမောင်းနေစဉ် စာဖတ်ခြင်း

ကားမောင်းနေစဉ် မက်ဆေ့ချ်ပို့တာထက် စာအုပ်ဖတ်တာက ပိုအန္တရာယ်များပါတယ်။ သင့်အာရုံတွေက စာအုပ်ထဲမှာပဲ စိတ်ဝင်စားနေတဲ့အပြင် စာဖတ်ခြင်းကြောင့် သင့်ကိုအိပ်ချင်စိတ်ဖြစ်ပေါ်စေပါတယ်။

ဒူး (သို့) တံတောင်ဖြင့် ကားမောင်းခြင်း

ကားမောင်းနေစဉ်မှာ လက်နှစ်ဖက်ကိုသာသေချာအသုံးပြုပြီး ဂရုတစိုက်မောင်းပေးသင့်ပါတယ်။ သင့်အနေနဲ့ သေးသေးမွှားမွှားလေးပါ၊ ဘာမှမဖြစ်လောက်ပါဘူးလို့ ထင်နေပေမယ့်လည်း မတော်တဆမှုဆိုတာ ကြိုတင်မကြေညာဘဲ ဗြုန်းစားကြီး ရောက်ချလာတတ်လို့ သတိဝီရိယနဲ့ ကြိုတင်ကာကွယ်တာက ဘေးအကင်းဆုံးပဲမဟုတ်လား။

Source: Brightside.me

Featured Image Source: Greeley Tribune