လူတော်တော်များများက အကြောင်းအမျိုးမျိုးကြောင့် အိပ်ချိန်နည်းလာကြပါတယ်။ ညကို နောက်ကျမှအိပ်လာကြတယ်။ မနက်နဲ့ ညအိပ်ချိန် မှားယွင်းလာကြတယ်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အိပ်ချိန်ကို မလျှော့လိုက်ပါနဲ့။

အိပ်ချိန်လျော့လျင် အသက်ပါမြန်မြန်တိုတတ်တယ်ဆိုတာ သတိပြုပေးပါ။ ဒီနေ့မှာတော့ အိပ်ရေးဝဝအိပ်စက်ခြင်းရဲ့ ကောင်းကျိုးတွေအကြောင်း ပြောပြပေးသွားမှာပါ။

မေ့တတ်တဲ့ အကျင့်ရှိနေလား။ ဒါမှာမဟုတ် အလုပ်ခွင်မှာ ပိုပြီးအာရုံစူးစိုက်နိုင်ချင်လား၊ တွေးခေါ်ကြံဆတဲ့ ဉာဏ်တွေ ထက်မြက်စေချင်လား။ ဒါဆိုရင်တော့ အိပ်ချိန်ကို အပြည့်အဝ ပေးလိုက်ပါ။ အိပ်ချိန်ပြည့်တာနဲ့အမျှ ဦးနှောက်ဟာ ကျန်းမာသွက်လက်နေပြီး ကိုယ့်ရဲ့ တွေးခေါ်နိုင်မှုစွမ်းရည်တွေကို မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။ အသက်ငယ်ငယ်လေးနဲ့ မျက်စိမှုန်တာ၊ အယ်လ်ဇိုင်းမားရောဂါဖြစ်တာ၊ အာရုံကြောအားနည်းတာကိုလည်း ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

အိပ်စက်ခြင်းဟာ ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်ကို ပုံမှန်လည်ပတ်စေပြီး လူကိုကျန်းမာစေပါတယ်။ လူတိုင်းကတော့ တစ်နေ့အိုကြမှာပါပဲ။ ဒါပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ကြီးတယ်လို့ ဘယ်သူမှ မထင်စေချင်ကြပါဘူး။ အိပ်ချိန်မှန်အောင် သေချာဂရုစိုက်ပါ။ အိပ်ချိန်အနည်းဆုံး (၇) နာရီပြည့်အောင်အိပ်ပါတယ်။ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပါတယ်။

အဝလွန်တာက ကိုယ့်ကိုယ်ကိုယ် ကြည့်ရဆိုးစေတယ်လို့ ထင်ရစေနိုင်သလို နောက်ဆက်တွဲအနေနဲ့လည်း နှလုံး၊ သွေးတိုး၊ ဆီးချို၊ အာရုံကြောနဲ့ သက်ဆိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ လူတစ်ယောက်က အိပ်ချိန်ပြည့်ဝနေတဲ့အခါ ကိုယ်တွင်းမှာရှိတဲ့ အဆီပိုတွေ၊ ကယ်လိုရီတွေကို လောင်ကျွမ်းမှုပိုဖြစ်စေတယ်။

အားကစား၊ လေ့ကျင့်ခန်းလုပ်ရာမှာလည်း ပိုမိုအားစိုက်ထုတ်နိုင်စေတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ရောက်အောင် ထိန်းပေးထားနိုင်တဲ့အတွက် အဝလွန်နေတဲ့သူတွေရော၊ ပိန်တဲ့သူတွေပါ အိပ်ချိန်ကို သေချာဂရုစိုက်သင့်ပါတယ်။

လူတစ်ယောက်က အိပ်ချိန်ပြည့်ဝနေရင် လန်းဆန်းတက်ကြွနေမယ်၊ အားအင်တွေ ပြည့်ဝနေမယ်၊ စိတ်ကလည်း ကြည်လင်နေပါမယ်။ နောက်တစ်ခါ စိတ်က ကြံ့ခိုင်သွားတဲ့အခါ ကြုံလာသမျှ အခက်အခဲတွေကို ကောင်းကောင်းရင်ဆိုင်ဖြေရှင်းသွားနိုင်တယ်။

ဘဝက စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ အရာရာ အောင်မြင်လာတဲ့အခါ နေ့ရက်တိုင်းက ပျော်ရွှင်စရာကောင်းလာတယ်လို့ ကိုယ်တိုင်သိနားလည်လာပါလိမ့်မယ်။ ဒီနေ့ကစပြီးတော့ ညဘက်တွေကို အချိန်မှန်မှန် ပြန်အိပ်ဖို့နဲ့ တစ်နေ့အိပ်ချိန် (၈) နာရီလောက်အိပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။