လူတိုင်းနီးပါးမှာတော့ ကိုယ့်ဘဝအတွက် ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေ၊ အောင်မြင်ချင်တဲ့ဆန္ဒတွေ ရှိကြတာပါပဲ။ ကိုယ့်ရဲ့ ရည်မှန်းချက်တွေ ပြည့်ဝဖို့ဆိုရင် အစွမ်းကုန်ကြိုးစားရမှာဖြစ်ပြီး ရည်မှန်းချက်ကို ဖျက်ဆီးပစ်နိုင်တဲ့အရာတွေကိုလည်း မလုပ်မိအောင် ရှောင်မှဖြစ်မှာပါ။ ဒီအရာ ၅ ခုကတော့ သင့်ဘဝရည်မှန်းချက်တွေကို ဖျက်ဆီးပစ်နိုင်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။

အရမ်းပျင်းလွန်းခြင်း

လူတိုင်းကတော့ ပျင်းတာပါပဲ။ ဒါပေမယ့် ကိုယ့်ဘဝရည်မှန်းချက်တွေ ဖြစ်မြောက်အောင်လို့ ကြိုးစားနေချိန်မှာ အရမ်းပျင်းလွန်းနေရင် အဆင်မပြေပါဘူး။ အရမ်းပျင်းနေရင် ပျင်းတဲ့အကျင့်ကြီးက အနိုင်ယူသွားပြီး ဘာမှမလုပ်ဖြစ်တာ၊ တစ်ခုခုလုပ်တော့မယ်ဆိုလည်း ပျင်းနေတာနဲ့ပဲ ဘာမှဆက်မဖြစ်တော့တာမျိုးတွေ ကြုံတွေ့ရပါလိမ့်မယ်။

အချိန်ဆွဲနေခြင်း

ချက်ချင်းလုပ်၊ ချက်ချင်းအကောင်းအထည်ဖော်တာကမှ ဖြစ်မြောက်တာပါ။ အဲ့လိုမဟုတ်ပဲ တစ်ခုခုဆို လုပ်ချင်တဲ့စိတ်တော့ရှိပါရက်နဲ့ ချက်ချင်းမလုပ်ပဲ အချိန်တွေဆွဲနေရင် ရသင့်တဲ့အခွင့်အရေးတွေ လက်လွတ်ပြီးတော့ အရာရာ သူများထက် နောက်ကျကျန်နေပါလိမ့်မယ်။ မြန်မြန်လုပ်လေ ရည်မှန်းချက်နဲ့နီးလေကို အချိန်ဆွဲနေရင်တော့ ရည်မှန်းချက်တွေက တော်ရုံနဲ့ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။

မကောင်းတဲ့အတွေးတွေများနေခြင်း

တစ်ခုခုဆို အကောင်းဘက်ကအရင်မတွေးပဲ မကောင်းတာတွေ၊ အဆိုးဘက်တွေကို ဦးတည်နေတဲ့ အတွေးတွေကိုပဲ တွေးနေမယ်ဆိုရင် အားယုတ်ပါတယ်။ မကောင်းတာလေးတစ်ခုဖြစ်တာနဲ့ အဆိုးဆုံးအထိတွေးချလိုက်ပြီး လက်လျှော့ချင်စိတ်တွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် အရာရာကို အကောင်းဘက်ကတွေးပါ။

အဆုံးထိမလုပ်ခြင်း

ကိုယ့်ရည်မှန်းချက်ရှိလို့ ဒီလမ်းကိုလျှောက်ပြီဆိုရင် ဆုံးအောင်လျှောက်ပါ။ ဖြစ်မြောက်အောင် ကြိုးစားပါ။ အဲ့လိုမဟုတ်ပဲ တစ်ဝတ်တစ်ပျက်မှာတင် ရပ်ပစ်လိုက်မယ်ဆိုရင် ရှေ့မှာကိုယ်အပင်ပန်းခံပြီး ကြိုးစားထားတာတွေလည်း အလဟသဖြစ်သလို ကိုယ့်ရည်မှန်းချက်ကလည်း ဖြစ်လာတော့မှာမဟုတ်ပါဘူး။ ရပ်လိုက်ပြီးရင် နောက်တစ်ကြိမ်ပြန်စဖို့က ပိုခက်ခဲပါတယ်။ ဒါကြောင့် မရပ်ပဲ အဆုံးထိသာလုပ်ပါ။

လွယ်ကူတာပဲလုပ်ချင်နေခြင်း

ကောင်းတဲ့အရာကိုရဖို့ အခက်အခဲဆိုတာ ရှိတာပါပဲ။ အခက်အခဲတွေကို ကျော်ဖြတ်နိုင်မှ အကောင်းဆုံးတွေကို ရရှိမှာပါ။ ရည်မှန်းချက်တော့ရှိပါရက်နဲ့ အပင်ပန်းမခံချင်ဘူး၊ ခက်ခက်ခဲခဲတွေ မကြိုးစားချင်ဘူး၊ လွယ်ကူတာပဲလုပ်ချင်တယ်၊ အလွယ်လမ်းပဲလိုက်ချင်တယ်ဆိုရင် ဒုက္ခရောက်နိုင်သလို ကိုယ့်ရည်မှန်းချက်တွေ ဖြစ်မြောက်လာဖို့ကလည်း အလှမ်းဝေးသွားပါလိမ့်မယ်။