မိတ်ဆွေဘဝဆိုတာ ခင်မင်မှုချည်း သက်သက်နဲ့ တည်ဆောက်ထားတာ မဟုတ်ပါဘူး။ အပြန်အလှန်လေးစား အထင်ကြီးမှုတွေ ၊ သစ္စာရှိရှိ ဆက်ဆံမှုတွေနဲ့လည်း ဖွဲ့ယှက်ထားတာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် တစ်ခါတလေ သူငယ်ချင်းတွေ Friendship ဖြစ်စဉ်မှာလည်း ထိခိုက်နစ်နာမှုတွေနဲ့ ကြုံလာနိုင်တဲ့ ပြဿနာတွေ ရှိလာနိုင်ပါတယ်။

အခုပြောမယ့် လက္ခဏာတွေကတော့ သူငယ်ချင်းတွေ မိတ်ပျက်ခါနီး ကြုံရတဲ့ အကြောင်းရင်းတွေထဲက တချို့ပါပဲ။

(၁) အကန့်ကျော်လာတာ

အပေါ်မှာ ပြောခဲ့သလိုပဲ။ သူငယ်ချင်းတွေအကြားမှာလည်း လေးစားမှုဆိုတာ ရှိရပါတယ်။ သူငယ်ချင်း စည်းကျော်ပြီး အထင်မြင်သေးတာ ၊ မလေးမစား ဆက်ဆံတာမျိုးဟာ မိတ်ဆွေစည်းဖောက်တာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ဖြစ်လာပြီဆိုရင် မကြာခင် သူငယ်ချင်းအဖြစ်က ပြတ်စဲဖို့ နီးလာပြီလို့ အချက်ပြနေတာပါပဲ။

(၂) ဆက်တိုက် Bully လုပ်လာတာ

အချင်းချင်း နှိမ်ပေါက်နဲ့ လုပ်တာ ၊ အကွက်ပေါ်လာရင် နှိပ်တာ နဲ့ ချောက်တွန်းတာ အားလုံးဟာ Bully လုပ်တာပဲ ဖြစ်ပါတယ်။ အချင်းချင်း ခင်လို့ စ,နောက် ရင်တောင် ဘောင်မကျော်ဖို့ လိုပါတယ်။ ဒါဟာ ရေရှည်မှာ အချင်းချင်း မုန်းတီးနာကြည်းဖို့ကို ဦးတည်နေတဲ့ ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။

(၃) ပုခုံးချင်းယှဉ်လာတာ

သူငယ်ချင်းဆိုတာ ပြိုင်ဘက်မဟုတ်ပါဘူး။ ပြိုင်ဘက်လို ရန်သူလို ဆက်ဆံရင် အဲ့ဒါဟာ သူငယ်ချင်းအဖြစ်ကနေ ပြတ်စဲဖို့ လုပ်နေတာနဲ့ အတူတူပါပဲ။ သူငယ်ချင်းအချင်းချင်း အောင်မြင်မှုကို မုဒိတာ မပွားနိုင်တာ ၊ ကူညီဖို့ထက် နိမ့်ကျအောင် လုပ်နေတာမျိုး ရှိလာရင် အကောင်းဆုံးက မိတ်ဆွေအဖြစ်က ရပ်စဲလိုက်ဖို့ပဲ ဖြစ်ပါတယ်။ မိတ်ဆွေတွေအကြားမှာ အချင်းချင်း နှိုင်းယှဉ်တာ ၊ ဂုဏ်တုဂုဏ်ပြိုင်လုပ်တာမျိုးက ဘယ်တော့မှ မဖြစ်သင့်တဲ့ အမှားတစ်ရပ် ကျူးလွန်နေတာပဲ ဖြစ်ပါတယ်။

(၄) စိတ်မချရတော့တာ

ယုံကြည်လို့တောင် ရင်ဖွင့်လို့မရရင် ဘယ်လိုလုပ် မိတ်ကောင်းဆွေကောင်း ဖြစ်တော့မှာတဲ့လဲ။ ကိုယ့်အတွက် မြွေပွေးခါးပိုက်ပိုက်ထားသလို စိတ်မချရတဲ့ ၊ နောက်ကျောမလုံတဲ့ သူငယ်ချင်း ရတာပဲ ဖြစ်တော့မှာပေါ့။ အချင်းချင်း ပေါင်းသင်းနေရင်းနဲ့ စိတ်ထဲမှာ Safe မဖြစ်တော့ဘူးခံစားရရင် တည့်ဖြေရှင်းပါ။ အကောင်းဆုံး ရလဒ်ကိုပဲ ရွေးပါ။ မိတ်ဆွေဆိုတာ စစ်မှန်နေဖို့ လိုပါတယ်။