တစ်ခါတစ်လေကျရင် ကိုယ့်ချစ်သူအပေါ်မှာ ချစ်တော့ချစ်ပေမယ့် စိတ်ကုန်သလို ခံစားလာရတာမျိုး ဖြစ်တတ်ပါတယ်။ စိတ်ကုန်လာလို့ဆိုပြီး လမ်းခွဲဖို့ကလည်း မဖြစ်နိုင်ပါဘူး။ သေချာမဆုံးဖြတ်ပဲ ခံစားချက်အတိုင်းလုပ်လိုက်မိလို့ နောက်မှ နောင်တရတာမျိုး ဖြစ်လာရင် ဘာမှလုပ်လို့မရတော့ပါဘူး။ ဒါကြောင့် ဆုံးဖြတ်ချက်လည်း မမှားအောင် ကိုယ့်ချစ်သူအပေါ်မှာ စိတ်ကုန်သလိုခံစားရပြီဆိုရင် ပြန်စဉ်းစားသင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။

အကြောင်းအရင်းကိုစဉ်းစားပါ

ကိုယ့်အနေနဲ့ ဘာကြောင့် သူ့အပေါ်မှာ စိတ်ကုန်လာတာလဲဆိုတဲ့ အကြောင်းအရင်းကို သေချာပြန်စဉ်းစားပါ။ ကိုယ်တိုင်ကိုက စိတ်တိုင်းမကျတာလား၊ ဒါမှမဟုတ် သူ့အမှားတွေကြောင့်လား၊ ကိုယ်သည်းမခံနိုင်တဲ့အရာတွေ၊ မကြိုက်တဲ့အရာတွေကို ခဏခဏလုပ်နေလို့လား စသဖြင့် သေချာစဉ်းစားပြီး သူ့အမှားတွေကြောင့်ဆိုရင်တော့ ကိုယ့်စိတ်ကြိုက် ဆုံးဖြတ်နိုင်ပါတယ်။ သူ့အမှားကြောင့်မဟုတ်ဘူး ကိုယ်တိုင်ကိုက အလိုမကျတာမျိုးဆိုရင်တော့ ကိုယ်လည်း သူ့ကိုချစ်တယ်ဆိုရင် သေချာအချိန်ယူပြီး ပြန်အဆင်ပြေအောင် လုပ်ကြည့်ပါ။

သူမရှိပဲနေနိုင်လားပြန်စဉ်းစားပါ

ကိုယ့်ဘက်က မတွဲချင်တော့တာ၊ ငြီးငွေ့လာတာ၊ ရိုးလာတာမျိုးကြောင့် စိတ်ကုန်လာလို့ လမ်းခွဲမယ်ဆိုရင်တော့ သူမရှိပဲ တကယ်နေနိုင်လားဆိုတာကို သေချာပြန်စဉ်းစားပါ။ အခုချိန်လမ်းခွဲပြီး နောင်မှနောင်တရတာမျိုး မဖြစ်ရအောင် သေချာအချိန်ယူပြီး ပြန်စဉ်းစားသင့်ပါတယ်။

ပြန်အဆင်ပြေမလားစဉ်းစားပါ

အကြောင်းအမျိုးမျိုးကြောင့် စိတ်ကုန်လာပြီ ဒါပေမယ့် လမ်းခွဲဖို့ကလည်း မလုပ်နိုင်ဘူး ကိုယ့်ဘက်ကလည်း အရမ်းချစ်တယ်ဆိုရင်တော့ သူနဲ့ရှေ့ဆက်ပြီး အဆင်ပြေနိုင်မလားဆိုတာကို သေချာပြန်စဉ်းစားကြည့်ဖို့ လိုပါတယ်။ သူကကော ကိုယ့်အပေါ် တကယ်ချစ်ရဲ့လား၊ ပြန်ညှိုနှိုင်းမယ်ဆိုရင် အဆင်ပြေနိုင်မလားဆိုတာတွေ စဉ်းစားပါ။ ညှိုနှိုင်းပြီးလည်း အဆင်မပြေဘူး၊ ရှေ့ဆက်ဖို့လည်း အဆင်မပြေဘူးဆိုရင်တော့ ကိုယ်စိတ်ချမ်းသာမယ့်အရာကိုပဲ ဦးစားပေးလုပ်ဆောင်ပါ။

တစ်ယောက်တည်းအဆင်ပြေအောင်ကြိုစဉ်းစားပါ

လက်ရှိချစ်သူကို စိတ်ကုန်လာလို့ လမ်းခွဲမယ်ဆိုရင် လမ်းခွဲပြီးမှ နာကျင်ခံစားနေရတာမျိုး၊ အလုပ်ပျက်အကိုင်ပျက်နဲ့ ခံစားနေရတာမျိုးတွေ မဖြစ်ရလေအောင် သူနဲ့ပြတ်ပြီးလည်း ဘယ်လိုတွေ ကိုယ့်ကိုယ်ကို Strong ဖြစ်အောင်၊ အဆင်ပြေအောင် နေထိုင်သွားမလဲဆိုတာကို ကြိုတင်စဉ်းစားထားရင် ထင်ထားတာထက် ပိုပြီးတော့ ကိုယ့်အတွက် အဆင်ပြေလာမှာပါ။