အချစ်ဆိုတာ တစ်ခါတစ်လေမှာ သိပ်ကိုဆန်းကြယ်တဲ့အရာတစ်ခုလို့ တွေးကောင်းတွေးဖူးကြမယ်ထင်ပါတယ်။ ဟုတ်ပါတယ် အချစ်မှာမမြင်တဲ့ စွမ်းအားတွေများစွာရှိပြီး ဖန်တီးလုပ်ယူလို့မရတဲ့ ခံစားမှုတွေလည်းရှိပါတယ်။ ဒီနေ့ပြောပြပေးမယ့်အချက်လေးတွေကတော့ သင်ဟာလူတစ်ယောက်ကို အချစ်စစ်နဲ့ ချစ်မိသွားပြီဆိုရင် သူ့အလိုလိုပြောင်းလဲလာမယ့် အရာလေးတွေ ဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ဆက်ဖတ်ကြည့်လိုက်ရအောင်။

(၁) သတ္တိတွေပိုရှိလာမယ်

လူတစ်ယောက်ဟာ တကယ်ပဲ အချစ်စစ်နဲ့ ချစ်မိသွားပြီဆိုရင် မမြင်နိုင်တဲ့ ပါဝါတွေရလာတတ်ပါတယ်။ ကိုယ်ချစ်တဲ့သူအတွက် ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးနိုင်တယ်။ ဘယ်လိုအခက်အခဲ အတားအဆီးကိုမဆို ချစ်ရတဲ့သူရဲ့လက်ကိုဆွဲပြီး ဖြတ်ကျော်ရဲတဲ့ဆိုတဲ့ သတ္တိမျိုးတွေ ခွန်အားတွေ ရရှိသွားတတ်ပါတယ်။

(၂) ဂုဏ်ပကာသနတွေ မရှိတော့ဘူး

နှလုံးသားရဲ့ ခံစားချက်တွေက အားပိုကြီးလာတဲ့အခါ အခြေအနေမတူညီတဲ့ လူနှစ်ယောက်ကြားမှာတောင် ငွေကြေးတွေ ဂုဏ်ဒြပ်တွေ စည်းစိမ်းချမ်းသာနှင့် အဆင့်အတန်းတွေ ဆိုတာမရှိနိုင်တော့ပါဘူး။ ဒီလိုအရာတွေကို အပေါ်ယံ ပကာသနတွေလို့ မြင်မိပြီး နှစ်ယောက်အတူတူရှိနေရတဲ့ အချိန်တွေကသာ ပိုပြီးတန်ဖိုးရှိတဲ့အရာလို့ သတ်မှတ်လာတတ်ကြပါတယ်။

(၃) အားနည်းချက်တွေကို လက်ခံလာမယ်

အားလုံးသိကြတဲ့အတိုင်း ကိုယ့်ကလူတစ်ယောက်ကို တကယ်ချစ်မိသွားပြီဆိုရင် အဲ့ဒီလူရဲ့ အားနည်းချက်တွေ ချို့ယွင်းချက်တွေကို ကိုယ့်အနေနဲ့ အပြစ်တစ်ခုတော့ မမြင်တော့ပါဘူး။ ကိုယ့်ချစ်သူရဲ့ ဖြစ်တည်မှုအားလုံးကို လက်ခံပြီး အဲ့ဒီအားနည်းချက်တွေ ချို့ယွင်းချက်တွေကို ကိုယ်တိုင်ဖေးမချင်စိတ် ကာကွယ်ပေးချင်စိတ်တွေပါ ဖြစ်လာတတ်ပါတယ်။

(၄) စွန့်လွတ် အနစ်နာခံတတ်လာမယ်

အချစ်စစ်နဲ့ တကယ်ချစ်တဲ့သူတွေက အချစ်ဟာ ပေးဆပ်ခြင်းလား ရယူခြင်းလားဆိုတာ မေးခွန်းထုတ်မနေတော့ပါဘူး။ ကိုယ်ချစ်သူပျော်ရွှင်ဖို့ စိတ်ချမ်းသာဖို့အတွက်ပဲ ဦးစားပေးစဉ်းစားလာမှာဖြစ်ပြီး သူ့အတွက်ဘယ်အရာကိုမဆို စွန့်လွတ်အနစ်နာခံဖို့ အသင့်ရှိနေတတ်ပါတယ်။ ဒါဟာ တကယ်ပဲ အချစ်စစ်နဲ့ ချစ်မိသွားတဲ့အခါ ဖြစ်ပေါ်လာတတ်တဲ့ ခံစားမှုတစ်ခုဖြစ်ပါတယ်။