လူချင်းနီးပြီး စိတ်ချင်းဝေးကွာနေတယ်လို့ ခံစားရတာ စုံတွဲတွေအကြားမှာ ဖြစ်တတ်တဲ့သဘာဝတစ်ခုပါပဲ။ တကယ်တော့ အဖော်နဲ့နေပြီး တစ်ယောက်တည်း အထီးကျန်တယ်လို့ ခံစားမိတာဟာ အကြောင်းရင်းတစ်ခုမက ရှိတတ်ပါတယ်။ ကိုယ်ချစ်တဲ့သူတွေနဲ့ အတူ ရှိပါလျက်နဲ့ Feeling Alone ဖြစ်နေရင် ဒါတွေကြောင့်လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်သင့်ပါတယ်။

(၁) အတွင်းစိတ်ထဲမှာ အထီးကျန်နေရင်

ဘာကြောင့်မှန်း မသိ စိတ်တွေ စုစည်းလို့မရ လေလွင့်ချင်သလို ဖြစ်နေတယ်။ ဘယ်သူ့ကြောင့်လဲလို့လည်း လက်သည်ဖော်မရဘူးဆိုရင် ဒါက သင့်ရဲ့ အတွင်းစိတ်ထဲမှာ ဖြစ်နေတဲ့အရာပါ။

များသောအားဖြင့် အလုပ်ကိစ္စတွေ ၊ လူမှုရေးနဲ့ တခြားစိတ်ဖိစီးစရာ ၊ စိတ်ဓါတ်ကျစရာတွေကြောင့် ကိုယ့်ရဲ့ Relationship မှာပါ Lonely ဖြစ်လာတာမျိုးပါ။ ဒီလိုမျိုး ဖြစ်လာရင် ရင်ဖွင့်တတ်ဖို့ လိုပါတယ်။

စိတ်ဓါတ်ကျနေရင် ကိုယ့်ကိုယ် ပြန်ပြီး ထူထောင်နိုင်အောင် Self-Care နည်းလေးတွေ ၊ Motivational Podcasts နားထောင်တာမျိုးလေးတွေ လုပ်ပါ။

(၂) Relationship ထဲမှာကို အထီးကျန်နေရင်

တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးမှာ နွေးထွေးရင်းနှီးနေတယ်လို့ မခံစားရရင် ဒါဟာ Communication အားနည်းလို့ ဖြစ်နိုင်ပါတယ်။ ဆက်ဆံရေးမှာ ဆက်သွယ်မှုက အခရာပါပဲ။ ဆက်သွယ်မှုရှိမှ ရင်းနှီးကျွမ်းဝင်မှု ဖြစ်ပါမယ်။

ဒီလို ဖြစ်လာရင် အချိန်ပေးပြီး တွေ့နိုင်အောင် ကြိုးစားပါ။ အတူတူ ရှိနိုင်အောင် အချိန်ဇယားလေးတွေ ဆွဲထားပါ။ အလုပ်တွေထဲ နစ်နေရင် ခဏလောက် အလုပ်က Break ပြီး Relationship အတွက် အချိန်ပေးကြည့်ပါ။

(၃) ရည်မှန်းချက်နဲ့ မျှော်လင့်ချက်တွေ မတူတဲ့အခါ

နောက်ထပ် စုံတွဲတွေ Feeling Alone ဖြစ်ရတဲ့အကြောင်းတစ်ခုက တစ်ယောက်နဲ့တစ်ယောက် ရည်ရွယ်ချက်ပန်းတိုင်ချင်း မတူတဲ့အခါ ဖြစ်တတ်ပါတယ်။ စိတ်ဝင်စားမှုမတူတဲ့ လူနှစ်ယောက်အဖို့ ကြာကြာပေါင်းလေလေ ငြီးငွေ့စရာကောင်းလေလေ ဖြစ်သွားတတ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် မျှော်လင့်ချက်တွေ ၊ ရည်မှန်းချက်ပန်းတိုင်တွေ မတူတဲ့အခါ ကြားအဆက်ပြတ် Disconnect ဖြစ်ပြီး သူစိမ်းလို ခံစားမိတတ်ပါတယ်။ နှစ်ဦးအကားတူတဲ့အပိုင်းတွေ ရှာပြီး Connect ဆက်သွယ်တတ်ဖို့ လိုပါလိမ့်မယ်။

(၄) သစ္စာဖောက်ခံရတဲ့အခါ

ကိုယ့်ကို တကယ်မချစ်လို့ သစ္စာပျက်တာကို သိတဲ့အခါ တစ်ယောက်ကို တစ်ယောက်ဖက်ထားလည်း မိုင်များစွာ ဝေးကွာတယ်လို့ ခံစားရပါတယ်။ အလိမ်ခံရတဲ့ ခံစားမှုမျိုး ချစ်သူတွေအကြား ရောက်လာပြီဆိုရင် အရင်လို နှစ်ယောက်ပေါင်းလို့ တစ်ဘဝမဖြစ်နိုင်တော့ပါဘူး။ တကယ်မချစ်တော့တဲ့ လူတစ်ယောက်ကို ဆက်မတွယ်ထားဖို့က နောက်ဆုံးမှာ အဖြေဖြစ်လာပါလိမ့်မယ်။