အခုနောက်ပိုင်းမှာ သဘာဝဆန်ပြီး မိတ်ကပ်လိမ်းထားမှန်း မသိသာတဲ့ Look လေးတွေ ခေတ်စားလာတဲ့နောက်မှာ ဖောင်ဒေးရှင်းကို တတ်နိုင်သမျှ ပါးပါးလျလျလေးပဲ လိမ်းလာကြပါတယ်။ Foundation မိတ်ကပ်စမလိမ်းခင် အရင်ဦးဆုံး မျက်နှာသစ်ပေးမယ်။

ပြီးရင် Moisturizer လိမ်းမှ အသားအရည်ခြောက်သွေ့ခြင်း မရှိဘဲ၊ မိတ်ကပ်မညီမညာဖြစ်လို့ ကွက်တာမဖြစ်တော့မှာပါ။ Moisturizer အသားထဲစိမ့်ဝင်သွားအောင် ၅ မိနစ်ခန့် ထားထားပေးပါ။ ပြီးမှ Primer ထပ်လိမ်းပေးရမှာပါ။

Primer လိမ်းပေးခြင်းက ဖောင်ဒေးရှင်းလိမ်းတဲ့အခါ ညီညာနေစေဖို့ ကူညိပေးပါတယ်။ ဒါမှလည်း သဘာဝဆန်တဲ့ မိတ်ကပ် Look လေး ရရှိမှာပါ။

အခုလို မိတ်ကပ်လေးဖို့ အခြေခံအချက်လေးတွေ လိုက်နာပြီးသွားပြီဆိုရင် Foundation လိမ်းဖို့အတွက် အခုဖော်ပြပေးမဲ့ နည်းလမ်း ၃ မျိုးထဲက ကြိုက်ရာနည်းလမ်းကို ရွေးချယ်နိုင်ပါတယ်။

၁။ လက်ချောင်းလေးနဲ့ လိမ်းပေးမယ်

အရင်တုန်းကတော့ မိန်းကလေးတွေက ဖောင်ဒေးရှင်းလိမ်းတဲ့အခါ လက်ချောင်းလေးတွေနဲ့ပဲ ညီညီညာညာ ပွတ်သပ်ပေးခဲ့ကြတာပါ။ ကြမ်းတမ်းမာကျောတဲ့ မိတ်ကပ်ဘရက်ရှ်တွေနဲ့ မျက်နှာပေါ် ကြမ်းကြမ်းတမ်းတမ်းလိမ်းမိတဲ့အခါ အသားအရည်ပျက်စီးခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဒါပေမဲ့လည်း မိတ်ကပ်ကွက်မနေဖို့တော့ အရမ်းဂရုစိုက်ရပါတယ်။ အခုခေတ်မှာကတော့ နူးညံ့တဲ့ မိတ်ကပ်ဘရက်ရှ်လေးတွေလည်း အမျိုးမျိုး ထွက်နေပြီဆိုတော့ လက်ချောင်းနဲ့ဖောင်ဒေးရှင်းလိမ်းတာက သိပ်ခေတ်မစားတော့ပါဘူး။

၂။ ဘရက်ရှ်သုံးမယ်

အခုခေတ်မှာတော့ ဘရက်အမျိုးအစားစုံ ဆိုဒ်အစုံရနေပြီမို့ မိတ်ကပ်လိမ်းခြယ်သူများက ဘရက်ရှ်ကိုသာ အသုံးပြုလာကြပါတယ်။ ဘရက်ရှ်တွေကို အသုံးပြုတဲ့အခါမှာတော့ ဘရက်ရှ်လေးတွေကို အမြဲတမ်းသန့်သန့်ရှင်းရှင်းထားဖို့ ဂရုစိုက်ရပါမယ်။ ဒါမှ အသားအရေပေါ်မှာ အဖုအပိမ့်တွေ မပေါက်မှာပါ။

၃။ ရေမြှုပ်သုံးမယ်

ရေမြှုပ်လေးတွေက ဖောင်ဒေးရှင်းလိမ်းရတာ လွယ်ကူဖို့ရည်ရွယ်ပြီး ထုတ်လုပ်ထားတာပါ။ ရေမြှုပ်လေးတွေက ပျော့ပျောင်းနူးညံ့ပါတယ်။ ဖောင်ဒေးရှင်းအရည်နဲ့ ပေါင်ဒါနဲ့ အသုံးပြုမယ်ဆိုရင် ရေမြှုပ်လေးတွေက သုံးရတာ အဆင်ပြေဆုံးပါ။ ဒါမှလည်း မိတ်ကပ်ကွက်မနေမှာပါ။

ဘယ်ဖောင်ဒေးရှင်းအမျိုးအစားသုံးပြီးတော့ ဘယ်လိုနည်းလမ်းနဲ့ လိမ်းခြယ်မလဲဆိုတာတော့ သင့်အပေါ်မှာပဲမူတည်ပါတယ်။