စိတ်ဓာတ်ကျတဲ့အခြေအနေက ပိုဆိုးလာမယ်ဆိုရင် လုံးဝမကောင်းပါဘူး။ အရမ်းဆိုးတဲ့အခြေအနေကို ရောက်လာခဲ့ရင် အသက်အန္တရာယ်ကိုပါ စိုးရိမ်ရပါတယ်။ ဒါကြောင့် မလုပ်မိအောင် သတိထားထိန်းချုပ်နိုင်ဖို့အတွက် စိတ်ဓာတ်ကျမှုကို ပိုဆိုးလာစေနိုင်တဲ့ အလေ့အကျင့် ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

မလှုပ်မရှားနေခြင်း

စိတ်ဓာတ်ကျလာရင် တော်တော်များများက ဘာမှလုပ်ချင်စိတ်မရှိပဲ တစ်နေရာထဲမှာပဲ အကြာကြီးထိုင်နေတာမျိုး၊ အိပ်ယာထဲမှာပဲ လှဲနေတာမျိုး၊ ငြိမ်နေတာမျိုးတွေ လုပ်တတ်ကြပါတယ်။ ဒီလိုမလှုပ်မရှားပဲနေရင် အခြေအနေက ပိုဆိုးလာမှာပါ။ ဒီတော့ အပြင်သွားတာပဲဖြစ်ဖြစ်၊ အိမ်မှာ မအားအောင် တစ်ခုပြီးတစ်ခု လုပ်နေတာပဲဖြစ်ဖြစ် လုပ်ကြည့်ပါ။ စိတ်ဓာတ်ကျနေတာပါ သက်သာလာပါလိမ့်မယ်။

အိပ်စက်ချိန်နည်းခြင်း

အိပ်စက်ချိန်နည်းရင် စိတ်အခြေအနေပိုဆိုးပြီး စိတ်ဓာတ်ကျတဲ့အခြေအနေလည်း ပိုဆိုးလာမှာပါ။ တော်တော်များများကတော့ စိတ်ဓာတ်ကျမှုကို ရင်ဆိုင်နေရတဲ့အချိန်မှာ အိပ်မပျော်တာတွေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကြိုးစားပြီးတော့ အိပ်ကြည့်ပါ။ တရားထိုင်၊ ယောဂကျင့်ပြီးတော့ ကောင်းကောင်းအိပ်ပျော်အောင် ကြိုးစားကြည့်ပါ။

Social နဲ့ သီးခြားခွဲနေခြင်း

စိတ်ဓာတ်ကျတဲ့သူက ဘယ်သူနဲ့မှမပတ်သက်ပဲ social life နဲ့ကွဲထွက်ပြီး တစ်ယောက်ထဲနေတတ်ကြပါတယ်။ တစ်ယောက်ထဲနေရင် စိတ်အားငယ်ပြီး အခြေအနေပိုဆိုးလာပါလိမ့်မယ်။ ဒါကြောင့် ရင်ဖွင့်ပါ။ သူငယ်ချင်းတွေနဲ့ တွေ့ပါ။ ပျော်ပါးပါ။

အစားအသောက်မမှန်ခြင်း

အစားအသောက်မမှန်ရင် အားမရှိပဲ နုံးချိပြီး ကိုယ်ရောစိတ်ပါ ပင်ပန်းတာ၊ ဖျားနာတာတွေအထိ ဖြစ်လာပါလိမ့်မယ်။ ဒီလိုအခြေအနေတွေနဲ့ ထပ်ကြုံတွေ့ရရင် စိတ်ဓာတ်ကျတဲ့အခြေအနေကလည်း အဆိုးဘက်ကိုပဲ ပိုဦးတည်လာမှာပါ။ ဒါကြောင့် အစားအသောက်ကို သေချာလေးဂရုစိုက်ပြီး စားပေးပါ။ စိတ်ပျော်အောင် ကိုယ်ကြိုက်တာလေးတွေ စားပေးပါ။

အတွေးလွန်နေခြင်း

စိတ်ဓာတ်ကျတဲ့အခြေအနေ၊ စိတ်ညစ်နေတဲ့အခြေအနေကို ပိုဆိုးသွားအောင် လုပ်နိုင်တာကတော့ အတွေးလွန်ခြင်းပါပဲ။ တွေးလွန်းတဲ့သူက သူများထက်ပိုပြီးတော့ စိတ်ပင်ပန်းရပါတယ်။ ဒါကြောင့် အတွေးမလွန်ပါနဲ့။ မတွေးမိအောင် အလုပ်များများလုပ်ပါ။ မအားအောင်နေပါ။