MyStyle Myanmar ပရိသတ်ကြီးတွေထဲမှာ မကြာခဏခေါင်းကိုက်တတ်တဲ့သူတွေ ရှိလားဟင်။  ခေါင်းကိုက်ခြင်းက သင့်ရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ မလုပ်ဆောင်နိုင်အောင် တားဆီးနေတဲ့အဟန့်အတားတစ်ခုပါပဲ။ ခေါင်းကိုက်ခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ မူးမော်ခြင်း၊ နှလုံးခုန်မမှန်ခြင်းနဲ့ အမြင်အာရုံဝေဝါးခြင်းတို့ကိုပါ ခံစားရရှိနိုင်ပါတယ်။

ဒါကြောင့် ခံရခက်တဲ့ခေါင်းကိုက်ဝေဒနာကို ဆေးဝါးတွေအကူအညီမယူပဲ့ လွယ်ကူရိုးရှင်းတဲ့ ဒီယောဂလေ့ကျင့်ခန်းလေးတွေ လုပ်ရင်း ‌‌ဖယ်ရှားပစ်လိုက်ပါနော်။ ကဲ.. တစ်နေ့ကို ၁၀ မိနစ်ခန့် အချိန်ပေးပြီး ဒီယောဂကျင့်စဉ်လေးသာ ပြုလုပ်ပေးမယ်ဆိုရင်တော့ ခေါင်းကိုက်ခြင်းဝေဒနာတွေ အကုန်အစင်ပျောက်ကင်းသွားမှာပဲ့ ဖြစ်ပါတယ်။

ခန္ဓာကိုယ်ကို အရှေ့သို့ ကိုင်းညွှတ်ပါ

မတ်မတ်ရပ်နေရင်း အသက်ပြင်းပြင်းရှုသွင်း ရှုထုတ်ပြုလုပ်ပါ။ လက်နှစ်ဖက်ကို အပေါ်မြှောက်ရင်း တဖြည်းဖြည်းချင်း ကြမ်းပြင်နဲ့ ထိကပ်လိုက်ပါ။ ပုံမှာ ပြထားတဲ့အနေအထားအတိုင်းဖြစ်သွားပြီဆိုရင် ၂ စက္ကန့်ခန့် တောင့်ထားပါ။ မူလအနေအထာအတိုင်း ပြန်နေပါ။ ၅ ကြိမ်မှ ၆ ကြိမ်အထိ ပြုလုပ်ပေးရပါမယ်။

ထိုင်ရင်း ခြေထောက်အကြောလျော့ပါ

ပုံပါအတိုင်း ခြေဖဝါးနှစ်ဖက်ကို ပူးပြီးထိုင်နေပါ။ လက်ဖဝါးနှစ်ဖက်က ဒူးခေါင်းပေါ် တင်ထားပါ။ ထို့နောက် ဒူးခေါင်းကို ကြမ်းပြင်နဲ့ ထိအောင် တဖြည်းဖြည်းချင်း ဖိချလိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့် ၂၀ မှ ၃၀ အထိ တောင့်ခံထားပါ။

ခြေထောက်ထောင်ထားပြီး အသက်ရှုပါ

ခြေထောက်နှစ်ချောင်းကို နံရံနဲ့မျဉ်းပြိုင်ပုံသဏ္ဍာန်ဖြစ်အောင် ထိကပ်လိုက်ပါ။ လက်နှစ်ဖက်က ခန္ဓာကိုယ် ဘေးဘက်သို့ ဆန့်တန်းထားပါ။ လက်ဖက်ဝါးများက ပက်လက်လန်ထားရပါမယ်။ ထိုအနေအထားအတိုင်း အသက်ကို ဖြည်းဖြည်းလေးနဲ့ မှန်မှန်လေး ရှုသွင်းရှုထုတ် ပြုလုပ်ရပါမယ်။ စက္ကန့် ၆၀ မှ စက္ကန့် ၉၀ အထိ ပြုလုပ်ပေးပါ။ အကယ်၍ ခြေထောက်ထောင်ထားရတာ သက်သောင့်သက်သာမရှိပါက ကူရှင်လေးဖြစ်ဖြစ် စောင်ဖြစ်ဖြစ် ခါးအောက်နားမှာ ပုံမှာပြထားတဲ့အတိုင်း ထိုးထည့်ထားလိုက်ပါ။

တံတားပုံစံပြုလုပ်ပြီး အသက်ရှုပါ

ဒူးနှစ်ဖက်ကို ထောင်ထားပါ။ လက်နှစ်ဖက်ကို ခန္ဓာကိုယ် ဘေးဘက်သို့ ကပ်ထားပါ။ တင်ပါးကို အပေါ်ကြွလိုက်တဲ့အခါ ပေါင်တံနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းက တစ်ဖြောင့်တည်း ဖြစ်နေရပါမယ်။ ထိုအနေအထားအတိုင်း ၂ စက္ကန့်ခန့် တောင့်ထားပြီး အသက်ရှုသွင်း ရှုထုတ်ပြုလုပ်ပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။ ၁၀ ကြိမ် ပြုလုပ်ပေးရပါမယ်။

မှောက်ခုံ နေရင်း အသက်ရှုပါ

လက်မြှောက်ပြီး မတ်မတ်ရပ်နေပါ။ ထိုအချိန်မှာ အသက်ပြင်းပြင်း ရှုသွင်းလိုက်ပါ။ အသက်ရှုထုတ်ပြီး ခန္ဓာကိုယ်ကို ပုံမှာပြထားသလို ကိုင်းချလိုက်ပါ။ လက်နှစ်ဖက်က ကြမ်းပြင်နဲ့ ထိကပ်နေရပါမယ်။ ထိုအနေအထားအတိုင်း စက္ကန့် ၆၀ တောင့်ထားလိုက်ပါ။ လက်မောင်း၊ ပေါင်နဲ့ ခြေထောက်က အကြောအချဉ်တွေ ပြေသွားပါလိမ့်မယ်။

တစ်ဝက်ထိုင်ပြီး တစ်ဝက်မှောက်ခုံနေပါ

ခြေထောက်နဲ့ ပေါင်တို့ကို ထပ်ထားပြီး ခါးမတ်မတ်ထိုင်နေပါ။ ခန္ဓာကိုယ်ကို အရှေ့သို့ ဖြည်းဖြည်းချင်းစီ ကွေးချလိုက်ပါ။ နဖူးက ကြမ်းပြင်နဲ့ ထိနေရပါမယ်။ လက်နှစ်ဖက်ကလည်း မှောက်လျက်သားလေး ကြမ်းပြင်နဲ့ ထိကပ်ထားလိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့် ၆၀ နေနေပါ။

နောက်ပြန် အသက်ရှုပါ

အရင်ဦးဆုံး ဒူးနဲ့ကြမ်းပြင်နဲ့ ထိကပ်ထားပါ။ တင်ပါးကို ဖြည်းဖြည်းချင်းကြွပြီး ခါးမတ်မတ် ထားပါ။ ထို့နောက် ခန္ဒာကိုယ်အပေါ်ပိုင်းကို အနောက်ဘက်သို့ ဖြည်းဖြည်းချင်း ကိုင်းချလိုက်ပါ။ လက်ချောင်းလေးများက ခြေဖနောင့်ကို ထိကပ်လိုက်ပါ။ ထိုအနေအထားအတိုင်း ၂ စက္ကန့်ခန့် တောင့်ထားပါ။ ခါးကို ပြန်မတ်ထားပါ။ ထိုနည်းအတိုင်း ၅ ကြိမ် ၆ ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

Source: Brightside.me