လာမယ့် အောက်တိုဘာလ ၂၇ ရက်နေ့ကစတင်ပြီး ရုံတင်ပြသတော့မယ့် “ရင်ဘတ်ထဲကဓား” ဇာတ်ကားက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပရိသတ်စိတ်ဝင်စားမှု အမြင့်ဆုံး ရရှိနေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

ဒါရိုက်တာဝိုင်း (Own Creater) ရိုက်ကူးပြီး ပြေတီဦး၊ ထွန်းအိန္ဒြာဗိုလ်၊ အိန္ဒြာကျော်ဇင်၊ မြတ်ကေသီအောင် အပါအဝင် တခြားသရုပ်ဆောင်တွေများစွာ ပါဝင်အားဖြည့်ထားတဲ့ ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။

ဝတ္ထုရဲ့ မူရင်းဖန်တီးရှင် ဆရာမ လမင်းမိုမိုကတော့ ရင်ဘတ်ထဲကဓားနဲ့ပတ်သက်ပြီး အခုလို ပြောပြထားပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀အတွင်း ရုပ်ရှင်ရိုက်ကူးဖို့  စီစဉ်ပြီးမှ မင်းသားတွေရဲ့  ငြင်းပယ်မှုခံရပြီး ၄ကြိမ်တိုင်အောင် ပျက်ခဲ့ဖူးတဲ့ ဇာတ်လမ်းတစ်ပုဒ်မို့ လို့  ဒီဇာတ်ကားက ကျမအတွက် တန်ဖိုးကြီးတယ် , အဓိပ္ပာယ်ရှိတယ် , မျှော်လင့်ချက်ကြီးမားတယ်လို့  ပြောရမှာပါ .. ခရေဖြူရုပ်ရှင်ထုတ်လုပ်ရေးကို ကျေးဇူး အထူးတင်ပါတယ် .. ရိုက်ဖြစ်တော့မယ် , ဒါရိုက်တာကိုဝိုင်းရိုက်ကူးပြီး အူဝဲ သရုပ်ဆောင်မယ် , ဆိုတာ သိရပြီးတဲ့အချိန်မှာ မင်းသားဇာတ်ကောင်နေရာမှာတော့ တက်သစ်စမင်းသား တစ်ဦးဦးပဲ ဖြစ်လိမ့်မယ်လို့  မျှော်လင့်ထားမိတယ် .. နာမည်ရ ဝါရင့် အောင်မြင်နေတဲ့မင်းသားတွေထဲက ရိုက်ချင်လိမ့်မယ်မထင်ဘူးလို့  အတွေ့ အကြုံတွေအရ ကျမ ယူဆထားမိတယ် .. သီဟနိုင် (မောင်မောင်ကျေး) နေရာမှာ ကိုပြေတီဦး ရိုက်ပေးမယ်လို့  ကြားသိလိုက်ရတဲ့အခါ အံ့သြဝမ်းသာပြီး ကိုပြေတီဦးကို အလွန် ကျေးဇူးတင်မိပါတယ် .. ဇာတ်ကောင်စရိုက်ကြောင့် ပရိသတ်ချစ်ခြင်းမုန်းခြင်းကို ပဓာနမထားပဲ ကိုယ့်အနုပညာ ဖန်တီးနိုင်အားအပေါ်သာ ဦးစားပေးလက်ခံပြီး ရိုက်ကူးလိုက်တယ်ဆိုတာ ထင်ရှားပါတယ် ..

ရုပ်ရှင်ကား ရိုက်ကူးတည်းဖြတ်ပြီးတဲ့အချိန် ကားကို


မိသားစု ပြန်ကြည့်ကြတဲ့အခါ ခရေဖြူထုတ်လုပ်ရေးက ကျမကို လာကြည့်ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် အကြောင်းမတိုက်ဆိုင်လို့  ကျမသွားမကြည့်နိုင်ပဲ ဖြစ်ခဲ့တယ် .. ဒီနေ့ အထီဒီကားကို မကြာခင်က facebook မှာတင်ထားတဲ့ Trailer အတိုကလေးသာ ကျမ ကြည့်ရပါသေးတယ် .. ဒီနေ့  Press Show ကျမှ အစအဆုံး အသေအချာခံစားပြီး ကြည့်ရတာပါ .. ကျမက ဘယ်ရုပ်ရှင်ကားကြည့်ကြည့် စိတ်နှစ်ခံစားပြီး ကြည့်တတ်သူမို့  Trailer ကြည့်ပြီးကထဲက ဒီကားကြည့်ရင် မျက်ရည်ကျရတော့မယ်လို့  ကြိုသိပါတယ် .. ကိုယ်တိုင် ဒီဇာတ်လမ်းရေးချိန်ကထည်းက ကျမ မွန်းကျပ်ရင်တွေနာပြီး ရေးခဲ့ရတာပါ .. စိတ်အာရုံကို ဇာတ်ထဲမှာ နှစ်မြှုပ်ထားလေလေ ပင်ပန်းလေလေဇာတ်မျိုးပါ .. ကိုဝိုင်းကိုယ်တိုင်လည်း ဇာတ်ညွှန်းကို ၁၅ခန်းလောက်ရေးအပြီး မခံစားနိုင်လွန်းလို့  ၂လလောက် ရပ်ထားခဲ့ရတယ်လို့ ပြောပြပါတယ် ..

မိန်းမတစ်ယောက် , ကိုယ့်မိဘရဲ့ အိမ်ထောင်ရေးက ဆိုးဆိုးဝါးဝါးပြိုပျက်ခဲ့ရလို့  အခြားသောမိန်းမတွေထက်ပိုပြီး မိမိအိမ်ထောင်ရေးကို အောင်မြင်သာယာစေလိုသော ဆန္ဒဇောပြင်းထန်ခဲ့တယ် .. အောင်မြင်မယ်လည်း ယုံကြည်ခဲ့တယ် .. ကြိုးလည်းကြိုးစားခဲ့တယ် .. နောက်ဆုံးမှာ သူမျှော်လင့်သလို မအောင်မြင်ခဲ့ဘူး .. ဘာဆက်လုပ်ရမယ်မှန်းကို မသိတော့အောင် ထွက်ပေါက်ကင်းမဲ့တဲ့ မိန်းမတစ်ယောက်ဘဝကို ကျမရေးခဲ့ပါတယ် .. အမျိုးသမီးစာရေးဆရာမ တစ်ယောက်အနေနဲ့  ကျမဇာတ်တွေက မိန်းမဇာတ်တွေ များခဲ့တဲ့အလျောက် ဒီဇာတ်လမ်းမှာလည်း မိန်းမဖက်ကို ဇာတ်နာအောင် ဖန်တီးရတဲ့အခါ အပြိုင်အမျိုးသားဇာတ်ကောင်ကို လူဆိုးဖြစ်အောင် ဖန်တီးရပါတယ် .. သတ်ပစ်ချင်လောက်အောင် တဖြည်းဖြည်းချင်း မုန်းစရာကောင်းလာတဲ့ လင်ယောက်ျားတစ်ယောက် ဇာတ်ရုပ်ကို ကျမရေးဖွဲ့ ရပါတယ် .. ချစ်လို့ ယူခဲ့ကြတဲ့ လင်နဲ့ မယားမှာ ဒီယောက်ျားဘာကြောင့် ဒီလောက်ထိ အာဃာတတွေကြီးလာရသလဲ , ဘယ်အရာတွေက သူဆိုးလာအောင် တွန်းပို့ ခဲ့သလဲဆိုတဲ့ ဇာတ်လမ်းထဲမှာ အတိအလင်းရေးပြမထားပဲ တွေးပြီးနားလည်ရမယ့် , hide လုပ်ထားတဲ့ အခြားတစ်ဖက်ရဲ့ အခြေအနေခံစားချက်တွေ ဒီဇာတ်လမ်းမှာပါပါတယ် ..

ရင်ဘတ်ထဲကဓား ဇာတ်ကားထဲမှာ အခန်းအရေအတွက် နည်းသော်လည်း အပိုအလိုမရှိအောင် တိုတိုနဲ့ ထိအောင် သရုပ်ဆောင်သွားတဲ့ မခိုင် , မေကဗျာ , မြတ်ကေသီအောင် , ခင်မို့ မို့ အေး , ဒေါ်နွဲ့ နွဲ့ စန်း တို့ ရဲ့ ဇာတ်ရှိန်ကို တက်အောင်ပံ့ပို့ ပေးမှုကြောင့် ဇာတ်က သက်ဝင်ရုပ်လုံးကြွရပါတယ် .. ကိုပြေတီဦးဟာ အမေ့စကား အစ်မစကား နားယောင်လွယ်တဲ့ စိတ်ဓါတ်ပျော့ညံ့ယိမ်းယိုင်လွယ်တဲ့ သီဟနိုင်ဇာတ်ရုပ်ကို မုန်းစရာကောင်းလောက်အောင် ပီပီပြင်ပြင် မညှာမတာ သရုပ်ဆောင်သွားပါတယ် .. ဇာတ်လမ်းထဲ အတိအလင်းရေးမထားသော ကျမ hide လုပ်ထားသော သူ့ ဖက်နောက်ခံ ခံစားချက်အားလုံးကိုလည်း ကိုပြေတီဦးက အပြည့်အဝ သရုပ်ဆောင်ပြသွားပါတယ် .. ‘မင်းကိုမှ ဂျုံးဂျုံးကျအောင် မနှိပ်စက်နိုင်ရင် ငါညံ့လို့ ပဲ’ ဆိုတဲ့စကားတစ်ခွန်းဟာ ကိုယ့်ပါးကိုယ်ရိုက်ပြီးပြောတဲ့ သရုပ်ဆောင်ချက်နဲ့ အတူ ပေါက်သွားပါပြီ ..

ရုပ်ရှင်ကြည့်ရင်း အူဝဲကို ဒီလောက်ပင်ပန်းရတဲ့အတွက် ကျမ အားလည်းနာမိတယ် , သနားလည်း သနားမိတယ် .. အိန္ဒြာကျော်ဇင်မဟုတ်တော့ပဲ ဘယ်လိုကြည့်ကြည့် ‘အဝေး’ ဖြစ်နေတဲ့အတွက် ဒီဇာတ်ရုပ်အပေါ် ဘယ်လောက်ထိ စိတ်သွင်းထားသလဲ အံ့အားသင့်မိတယ် .. အဝေးဖြစ်သွားတဲ့အတွက် သူအရမ်းပင်ပန်းပါတယ် .. မျှော်လင့်ချက်ကြီးခဲ့တာတွေ , ခါးသည်းနာကျည်းရတာတွေ , ကြိတ်မနိုင်ခဲမရ ဖြစ်ရတာတွေ , ပွင့်အန်ထွက်လာတာတွေ , ကြိတ်မှိတ်မြိုသိပ်လိုက်ရတာတွေ , ချစ်ခြင်း မုန်းခြင်း ပူလောင်ခြင်း နာကျင်ခြင်းဆိုတဲ့ ဆင်းရဲခြင်းမျိုးစုံကို ရင်နဲ့ အမျှ ခံစားသရုပ်ဆောင်ထားပါတယ် .. ဇာတ်ကားထဲက မျက်ရည်ကျခြင်း ငိုကြွေးခြင်းတိုင်းဟာ မည်ကာမတ္တမျက်ရည်တွေမဟုတ်ပဲ ဘယ်လောက်ထိ သူတကယ်နာနာကျင်ကျင် ငိုကြွေးခဲ့တယ်ဆိုတာ ရုပ်ရှင်ကိုကြည့်သူတိုင်း အသေအချာမြင်ရမှာပါ ..

ဒီနေ့  ဒီဇာတ်ကားကို ရင်နင့်နင့်နဲ့  ပင်ပင်ပန်းပန်းကြည့်ရပါတယ် .. ကားတစ်ကားရိုက်ရင် မကောင်းကောင်းအောင် စိတ်ရောကိုယ်ပါ အာရုံစိုက်တတ်လွန်းတဲ့ ဒါရိုက်တာကိုဝိုင်းကြောင့် ဇာတ်ကားက သက်ဝင်ရုပ်လုံးကြွနေတာမို့  ကြည့်တဲ့သူတိုင်း သီဟနိုင်နဲ့ အဝေးတို့ နောက်ကို သူတို့ နဲ့ အတူ ထက်ကြပ်မကွာ မျောပါသွားလိမ့်မယ်လို့  ယုံကြည်မိတယ် .. ထိမိတဲ့ သရုပ်ဆောင်ချက်တွေနဲ့  စကားပြောတွေမှာ တစ်ရုံလုံး လက်ခုပ်တွေ အခါခါတီးကြတာ တွေ့ ရတဲ့အခါ ဇာတ်ကားကြည့်ရင်း ဝမ်းနည်းနေတဲ့ကြားက အောင်မြင်မှုအတွက် ဝမ်းသာပီတိဖြစ်မိတယ် .. ဒီဇာတ်ကား ဖြစ်လာဖို့ ပါဝင်ထောက်ကူတဲ့ ထုတ်လုပ်သူ , ဒါရိုက်တာ , သရုပ်ဆောင်များ , စက်အဖွဲ့  , တည်းဖြတ်ကားဆက်သူများကအစ ကျမမသိနိုင်တဲ့ နောက်ကွယ်က အားဖြည့်ပံ့ပိုးသူများအားလုံး တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ် ..

ဒီဇာတ်လမ်းမှာ ကျမပေးချင်သော Message က အိမ်ထောင်ရေးဆိုတာသည် လွယ်ကူတဲ့ကိစ္စ မျှော်မှန်းသလို အတိအကျ ထင်တိုင်းပေါက်တဲ့ကိစ္စ မဟုတ်ပါဘူး .. အိမ်ထောင်ရေးဆိုတာ Challenge တစ်ခုပါ .. အနိုင်တိုက်မယ်လို့  စိတ်ပိုင်းဖြတ်နိုင်မှသာ အိမ်ထောင်ပြုတာ ကောင်းပါတယ် .. အနိုင်တိုက်မယ်ဆိုတာ တစ်ယောက်ကို တစ်ယောက် စီးချင်းထိုးဖို့  ဆိုလိုတာမဟုတ်ပါဘူး .. ဒီအိမ်ထောင်ရေးက ကြုံတွေ့ ရင်ဆိုင်ရမယ့် အခက်အခဲ ပြသနာ စိန်ခေါ်မှုများကို အပြုံးမပျက် စိတ်ဓါတ်မကျ ကြံ့ကြံ့ခံရင်ဆိုင် အနိုင်တိုက်ဖို့ ကို ဆိုလိုပါတယ် .. ဒီလိုကြံ့ကြံ့ခံနိုင်ဖို့ အိမ်ထောင်တစ်ခု အောင်မြင်ဖို့ ရာ အပေးအယူမျှတသော နားလည်မှု , ကိုယ်ချင်းစာတရား နဲ့  မိမိအတ္တကိုလျှော့သော အချိုးညီညီ ကိုယ်ကျိုးစွန့် မှု လိုအပ်ပါတယ် .. ဒီကားလေးကြည့်ပြီးရင် ဒါတွေ သင်ခန်းစာယူနိုင်မယ် မျှော်လင့်ပါတယ် .. ချစ်ခြင်းအားဖြင့် မျှော်လင့်ချက်အပြည့် ထူထောင်တည်ဆောက်ခဲ့သော အိမ်ထောင်အားလုံး အောင်မြင်သာယာစေချင်ပါတယ် ..