စင်ကာပူဆိုတာ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ ပေါင်းစုနေထိုင်ကြတဲ့ နိုင်ငံ၊ လုံခြုံရေးအတွက်လည်း စိတ်ပူစရာမလိုတဲ့နိုင်ငံ၊ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း၊ ဥပဒေတို့နဲ့ ပတ်သက်တဲ့ အပိုင်းတွေမှာလည်း သေချာအရေးယူဆောင်ရွက်တဲ့နိုင်ငံ( ဥပမာ၊ မူးယစ်ဆေးဝါးဆိုရင် တွေ့တာနဲ့ ဘာမှရှင်းပြခွင့်မရှိဘူး သေဒဏ်ထိချမှတ်ထားတာမျိုး) ။ ဒါ့အပြင် စင်ကာပူဟာ မြန်မာနိုင်ငံသားတွေအတွက် ဗီဇာကင်းလွတ်ခွင့်လည်းရတဲ့နိုင်ငံ ဖြစ်ပါတယ်။သေးငယ်တဲ့ တံငါကျွန်းငယ်မြို့လေးတစ်မြို့ကနေ တိုးတက်ပြီး အချမ်းသာအကြွယ်ဝဆုံးနိုင်ငံ ဖြစ်အောင် ကြိုးစားခဲ့ကြတဲ့ စင်ကာပူနိုင်ငံသားတွေရဲ့ ကြိုးစားအားထုတ်မှုကို တကမ္ဘာလုံးက ချီးကျူးနေကြတာပါ။

အစားအသောက်

စင်ကာပူနိုင်ငံဟာဆိုရင် မလေးရှား၊တရုတ်၊အိန္ဒိယ၊အင်ဒိုနီးရှား စတဲ့ လူမျိုးစုတွေ အတူတကွပေါင်းစုံနေထိုင်တဲ့ နိုင်ငံတစ်ခုဖြစ်တာကြောင့်လူမျိုးတိုင်းရဲ့ ရိုးရာအစားအသောက်တွေ၊ စုံလင်တဲ့ လူမျိုးစုတွေရဲ့ မတူညီတဲ့ ဟင်းလျာတွေ၊ ဆန်းသစ်တီထွင်ထားတဲ့ Menuအသစ်တွေ အားလုံးကို တစ်နေရာထဲမှာပဲရနိုင်တာဖြစ်ပါတယ်။ ဘယ်သွားသွား Food Court တွေရှိနေတာကြောင့်လည်း ရွေးချယ်စရာတွေကလည်းများပါတယ်။ ဒါ့ကြောင့်လည်း ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့ စင်ကာပူကို ရောက်တိုင်း ထူးခြားကောင်းမွန်တဲ့ အစားအသောက်တွေကြောင့် ချီးကျူးထောပနာပြုနေကျပဲဖြစ်ပါတယ်။မြန်မာ့ဟင်းလျာတွေနဲ့ ဆင်တူတဲ့ အစားအသောက်တွေ မျိုးစုံရှိနေပြီး မြန်မာပါးစပ်နဲ့ တကယ်ကိုက်ညီတဲ့ အစားအသောက်မျိုးစုံ၊ မုန့်မျိုးစုံကိုလည်း ရနိုင်တာကြောင့် မြန်မာတွေအနေနဲ့ အစားအသောက်အတွက် လုံးဝပူစရာမလိုတော့ပါဘူး။ ဒါ့အပြင် အစားအသောက်ဈေးနှုန်းတွေကလည်း လူတိုင်းတတ်နိုင်တဲ့ ဈေးချိုတဲ့ နှုန်းကနေစပြီး ထိပ်တန်းစားဖိုမှူးလက်ရာတွေရဲ့ဟင်းလျာနှုန်းထိ အမျိုးမျိုးရှိတာကြောင့် အရမ်းကို အဆင်ပြေလှပါတယ်။

စင်ကာပူရောက်ရင် မဖြစ်မနေ သွားရောက်သင့်တဲ့ထင်ရှားကျော်ကြားတဲ့ စားသောက်ဆိုင်အချို့ကတော့

Quentin’s Eurasian Restaurant

European နဲ့ Asian လူမျိုးတွေ ပေါင်းစပ်ထားတဲ့ Eurasian လူမျိုးများရဲ့ ထူးခြားဆန်းသစ်တဲ့ ဟင်းလျာတွေကို မြည်းစမ်းနိုင်မှာဖြစ်ပါတယ်။ ထမင်းနဲ့အတူ စားနိုင်တဲ့ ဟင်းလျာတွေဖြစ်ပြီး ငရုတ်သီးစပ်စပ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရှာလကာ၊ မှို စတဲ့ ပါဝင်ပစ္စည်းတွေကို အခြေခံပြီး ချက်ထားလို့ မြန်မာပါးစပ်နဲ့တော့ လုံးဝကွက်တိပါပဲ။

Hjh Maimunah Restaurant

မလေးရှား Kampung စတိုင်ဟင်းလျာတွေကို ရောင်းချနေတာဖြစ်ပြီး နှစ်ပေါင်း ၁၀၀ ကျော်တိုင်အောင် ဆွေစဉ်မျိုးဆက်အောင်မြင်ခဲ့တဲ့ဆိုင်ပဲဖြစ်ပါတယ်။ ဟင်းလျာဈေးနှုန်းက အထူးချိုသာပြီးတော့ ထူးခြားတဲ့ အစပ်အချိုအဆိမ့် ဟင်းလျာပေါင်းစုံရဲ့ အရသာကြောင့် မဖြစ်မနေသွားရောက်သင့်တဲ့ ဆိုင်ပဲဖြစ်ပါတယ်။

Hawker Chan’s Liao Fan Hong Kong Soya Sauce Chicken Rice

စင်ကာပူက “Michelin Star” ဆုတံဆိပ်ရစာဖိုမှုးကြီး Hawker Chan ရဲ့ အကောင်းဆုံးအကျော်ကြားဆုံးဖြစ်တဲ့ ပဲပိစပ်ဆော့နဲ့ အထူးရောစပ်ပေါင်းထားတဲ့ ကြက်သားနဲ့ ခေါက်ဆွဲ၊ ထမင်းတို့ကတော့ လျာအလည်ဆုံး အစားအသောက်တစ်ခုပဲဖြစ်ပါတယ်။ ဆိုင်ခွဲပေါင်းများစွာရှိပြီးတော့ ဈေးချိုလွန်းတာကြောင့် လူအမြဲတမ်းစည်ကားပြီး တချို့ဆိုင်များဆို လူပေါင်းများစွာ တန်းစီစောင့်နေကြတာတောင် တွေ့နိုင်ပါတယ်။

Starbucks Singapore 

Starbucks ရဲ့ Original ကော်ဖီတွေကို ရနိုင်တဲ့ အပြင် စင်ကာပူရဲ့ ထူးခြားဆန်းပြားတဲ့ အခြား ကော်ဖီ မီနူးတွေကိုလည်း သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ တကယ့်ကို ကောင်းမွန်တဲ့ Snacks နဲ့ ပေါင်မုန့်များကလည်း လိုက်ဖက်ညီစွာ ရောင်းချနေပါသေးတယ်။

အံ့သြဖွယ်ရာများနဲ့ ပြည့်နေတဲ့ လည်ပတ်စရာနေရာများ

 

Marina Bay Sands လို ၅၅ ထပ်ရှိပြီး ၂၇၀ မီတာရှည်တဲ့ ဟော်တယ်ရဲ့အပေါ်ဆုံးက Marina Bay Sands Skypark ကနေ စင်ကာပူတစ်မြို့လုံးက ရင်သပ်ရှုမောဖွယ် ကြည့်ရှုနိုင်တဲ့ နေရာတွေကြောင့်လည်း မဖြစ်မနေသွားရောက်လည်ပတ်သင့်တဲ့ နိုင်ငံတစ်ခုဖြစ်နေတာပါ။ Marina Bay Sands ဟိုတယ်ဟာ တကယ့်ကို ကြီးကျယ်ခမ်းနားလှပြီး နိုင်ငံတကာမှာ အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ ဇိမ်ခံဟော်တယ်ပဲဖြစ်ပါတယ်။

ဟိုတယ်အထဲမှာ စိုက်ထားတဲ့  ဧရာမသစ်ပင်ကြီးတွေကြောင့်လည်း အထဲဝင်လိုက်တာနဲ့ ဟင်ခနဲ့ ဟာခနဲ ဖြစ်ပြီး အဆောက်အဦးတစ်ခုထဲမှာ ဒီလောက်ကြီးတဲ့ သစ်ပင်ကို ဘယ်လိုစိုက်ထားလဲဆိုတာ စဉ်းစားခန်းဝင်မိပြန်ဦးမှာပါ။

ArtScience Museum

ArtScience Museum လို့ ခေါ်တဲ့ သိပ္ပံနဲ့ အနုပညာစုံစည်းရာနေရာမှာ တစ်နှစ်တစ်ခါ အမြဲ ထူးခြားတဲ့ ရှိုးတွေကလည်း လာရောက်သူတိုင်းက ပါးစပ်အဟောင်းသားဖြစ်စေပြီး အမှတ်တရများစွာဖြစ်စေဦးမှာပါ။ မထင်မှတ်ထားလောက်အောင် တိုးတက်နေတဲ့ နည်းပညာကို တွေ့မြင်နိုင်မှာဖြစ်တဲ့အပြင် အားလုံးရဲ့ နှလုံးသားထဲက အနုပညာအိမ်မက်တွေကို ပုံဖော်ပေးနိုင်ဦးမယ့် နေရာဆိုလည်းမမှားပါဘူး။

Gardens by the Bay

Gardens by the Bay မှာဆိုရင် Supertree ဆိုတဲ့ ကမ္ဘာ့အကြီးဆုံး လူလုပ် သစ်ပင်မြင့်ကြီးတွေ၊ အဲ့က ဆက်သွားရင် ရောက်နိုင်တဲ့ Cloud Forest က ကမ္ဘာ့အကြီးဆုံး လူလုပ် Indoor ရေတံခွန်ဖြစ်ပြီး Flower Dome ကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ အပင်မျိုးစုံ၊ ပန်းမျိုးစုံကို စိုက်ပျိုးထားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးဆိုတဲ့ ဆောင်ပုဒ်ကို သက်သေပြလိုက်သလိုပါပဲ။

ကြီးမားလှပြီး သဘာဝအတိုင်းမဟုတ်ဘဲ နည်းပညာနဲ့ လူအင်အားတို့ ပေါင်းစပ်ပျိုးထောင်ထားတဲ့ သစ်ပင်ပန်းပင်တွေကို ရှင်သန်အောင် ဘယ်လိုပြုစုဂရုစိုက်ကြလဲ။ နေ့တိုင်းစည်ကားနေအောင် လာရောက်လည်ပတ်နေကြတဲ့ ခရီးသည်တွေကို အမြဲတမ်းလန်းဆန်းသစ်လွင်တဲ့အပင်တွေ ပြနိုင်အောင် အမြဲစည်းစနစ်ကျကျ စည်းကမ်းရှိရှိ ထားနိုင်အောင် ဘယ်လိုစီမံခန့်ခွဲကြလဲဆိုတာကလည်း မေးခွန်းထုတ်စရာတွေနဲ့ စိတ်ကို ဖမ်းစားထားနိုင်ဦးမှာဖြစ်ပါတယ်။

စင်ကာပူလို့ပြောတာနဲ့ ပြေးမြင်မိစေတဲ့ Merlion  ရုပ်တုကလည်း သူ့ရဲ့စိတ်ဝင်စားစရာကောင်းတဲ့သမိုင်းကြောင့် သွားကြည့်သင့်တဲ့ နေရာတစ်ခုဖြစ်နေပြန်ပါသေးတယ်။

နိုင်ငံတကာမှာ အကောင်းဆုံးလို့ သတ်မှတ်နိုင်တဲ့ Singap0re Zoo (အပူပိုင်းတိရိစ္ဆာန်ဥယျာဉ်) မှာဆိုရင်လည်း စုံလင်များပြားတဲ့ တိရိစ္ဆာန်တွေကို စနစ်တကျ မွေးမြူစောင့်ရှောက်ထားတာကို တွေ့ရပါတယ်။

မိသားစုနဲ့သွားတဲ့ အခါ ပော်ျစရာအစီအစဉ်တွေ ကလေးငယ်တွေအတွက် ဆော့ကစားစရာဇုန်လေးတွေစသဖြင့် ပျော်ရွှင်လွတ်လပ်တဲ့အပန်းဖြေမှုကို ရရှိနိုင်ဦးမှာဖြစ်ပါတယ်။


ရထား၊ ဘတ်စ်ကား၊ စက်ဘီးစတဲ့ Public Transportation အရမ်းကိုကောင်းတဲ့ စင်ကာပူမှာ ခရီးထွက်ရတာ လျှောက်လည်ရတာ တော်တော်ကို အဆင်ပြေလှပါတယ်။ တစ်ယောက်တည်း ခရီးထွက်မယ်ဆိုရင်တောင် အရမ်းကို လုံခြုံစိတ်ချရပြီး လွတ်လွတ်လပ်လပ်သွားလာလို့ရပါတယ်။ ဒါ့ကြောင့် စင်ကာပူကို တစ်ခေါက်လောက်တော့ မဖြစ်မနေ သွားသင့်တယ်လို့ အကြံပေးပါရစေ။