အလှအပချစ်မြတ်နိုးသူတိုင်းအတွက် အုန်းဆီက သဘာဝပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ အလှအပအတွက်တင်မဟုတ်ပါဘူး။ ကျန်းမာရေးအတွက်ရော ကိုယ်အလေးချိန်လျော့ချချင်သူတွေအတွက်ပါ အသုံးဝင်ပါတယ်။ ဒါတင်မကသေးပါဘူး။ သွားများကို သန့်ရှင်းစင်ကြယ်စေပြီး သွားပိုးစားခြင်းမှကင်းဝေးကာ သွားများဖြူဝင်းတောက်ပလာအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

အဆင့်မြင့်နည်းလမ်းတွေနဲ့ သွားချေးချွတ်လို့ သွားကြွေလွှာပျက်စီးသွားမှာကို စိုးရိမ်နေကြသူတွေအတွက် အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေက အသုံးတည့်မှာပဲဖြစ်ပါတယ်။

သွားများ ဖြူဝင်းလာအောင် အုန်းဆီကို ဘယ်လိုအသုံးပြုရမလဲ။

တကယ်တော့ အုန်းဆီနဲ့ သွားဖြူလာအောင် ပြုလုပ်တဲ့နည်းလမ်းက အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ထောင်ပေါင်းများစွာကတည်းက ကျင့်သုံးလာကြတာပဲဖြစ်ပါတယ်။ အုန်းဆီကို ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ပါးစပ်ထဲမှာငုံထားပြီး ပလုပ်ကျင်းပေးရမှာပဲဖြစ်ပါတယ်။

အရင်ဦးဆုံး အုန်းဆီ စားပွဲတင်ဇွန်း တစ်ဇွန်းခန့်ကို ပါးစပ်ထဲထည့်လိုက်ပါ။ ထို့နောက် အာခံတွင်းထဲမှာ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ရှေ့တိုး နောက်ဆုတ်နဲ့ ပလုပ်ကျင်းတဲ့ပုံစံမျိုး ငုံထားပေးရပါမယ်။ အချိန်ပြည့်ပြီဆိုမှ ငုံထားတဲ့အုန်းဆီကို ထွေးထုတ်လိုက်ပါ။ ပြီးမှ သွားတိုက်ရပါမယ်။

အုန်းဆီထဲမှာ ပါဝင်တဲ့ ဖက်တိအက်ဆစ်က ဘက်တီးရီးယားတွေကို ချောင်ပိတ်မိသွားစေပြီး သွားမှာကပ်ငြိနေတဲ့ သွားချေးများကို ဖယ်ရှားပေးမှာပဲဖြစ်ပါတယ်။ ဒီနည်းလမ်းလေးကို မနက်အိပ်ရာနိုးနိုးချင်းမှာ ပြုလုပ်သင့်ပါတယ်။

အုန်းဆီနဲ့ ပြုလုပ်ထားတဲ့ သဘာဝသွားတိုက်ဆေး

သွားအတွက် ဘေးထွက်ဆိုးကျိုးမရှိတဲ့ သဘာဝသွားဖြူဆေးကို သင် ကိုယ်တိုင် ဖန်တီးပြုလုပ်နိုင်ပါတယ်။ လိုအပ်မယ့် ပစ္စည်းတွေကတော့ အုန်းဆီ စားပွဲတင်ဇွန်း ၈ ဇွန်း၊ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သစ်ကြမ်းပိုးခေါက် အဆီ (သို့) Peppermint အဆီ ၁၀ စက်မှ အစက် ၂၀ ခန့် တို့ လိုအပ်ပါမယ်။

အုန်းဆီ ခဲနေပါက အုန်းဆီကို အရည်ပျော်သွားအောင် အပူပေးပါ။ အုန်းဆီအပူပေးပြီးတဲ့အခါ ထိုအုန်းဆီထဲသို့ မုန့်ဖုတ်ဆိုဒါ ထပ်မံရောလိုက်ပါ။ အနှစ်ကဲ့သို့ ပျစ်သွားပါက သစ်ကြမ်းပိုးခေါက် အဆီ (သို့) Peppermint အဆီတို့ ပေါင်းထည့်လိုက်ပါ။ ထို့နောက် ရရှိလာတဲ့အနှစ်ကို အအေးခံလိုက်ပါ။ ပြီးမှ ထည့်ခွက်တစ်ခုထဲ ထည့်ထားလိုက်ပါ။

အသုံးပြုမယ်ဆိုမှ ဇွန်း (သို့) သွားပွတ်တံနဲ့ ခပ်ထုပ်လိုက်ပြီး ၂ မိနစ်ခန့် သွားတိုက်ပေးရပါမယ်။

Source: Healthline.com

By MyStyle Myanmar