၈၀ ရာခိုင်နှုန်းသော လူသားတွေက ခါးနာဝေဒနာကို တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ခံစားဖူးကြပါတယ်။ ခါးနာဝေဒနာ၊ နောက်ကျောအောင့်ခြင်း၊ အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်းဝေဒနာက အသက်ကြီးလာမှ အိုမင်းမစွမ်းဖြစ်လာမှ နာကျင်တတ်တဲ့ဝေဒနာမဟုတ်ပါဘူး။ ငယ်ရွယ်စဉ်အချိန်အခါမှာလည်း ထိုဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

ဒီဆောင်းပါးလေးထဲမှာတော့ မိမိ ခန္ဓာကိုယ်ရဲ့ နာကျင်မှုနေရာပေါ်လိုက်ပြီး ဝေဒနာသက်သာသွားအောင် ဘယ်လိုအိပ်စက်သင့်လဲဆိုတာ ပြောပြချင်ပါတယ်။

လည်ပင်းနဲ့ ကျောကုန်းနာတဲ့အခါ

လည်ပင်းနဲ့ ကျောကုန်းနာတယ်ဆိုရင် ဒူးခေါင်းအောက်မှာ ခေါင်းအုံးလေး ထားအိပ်လိုက်ပါ။ ဒီလိုအိပ်လိုက်ခြင်းအားဖြင့် ကျောရိုးဆစ်များနဲ့ ခန္ဓာကိုယ်တွင်းရှိအင်္ဂါအစိတ်အပိုင်းများကို နေရာတကျဖြစ်သွားစေမှာပဲဖြစ်ပါတယ်။

ကျောရိုးအောင့်တဲ့အခါ

ကျောရိုးနာကျင်တဲ့အခါ ဝမ်းလျားမှောက်အိပ်ပြီး ဝမ်းဗိုက်အောက်တည့်တည့်မှာ ခေါင်းအုံးထားအိပ်လိုက်ပါ။ ဒါပေမဲ့ ခေါင်းအုံးအထူကြီးမဟုတ်ဘဲ သေးသေးလေးနဲ့ ပါးတဲ့ ခေါင်းအုံးလေးကိုသာ ရွေးချယ်ပေးဖို့ လိုမယ်နော်။

ခါးအောက်ပိုင်း နာကျင်တဲ့အခါ

ခါးနာတယ်ဆိုရင်တော့ ဘေးတစောင်းအိပ်မှ အဆင်ပြေမှာပဲဖြစ်ပါတယ်။ ဘေးတစောင်းအိပ်တဲ့အခါ ဒူးခေါင်းနှစ်ခုကြား ခေါင်းအုံးသေးသေးလေး ထားအိပ်လိုက်ပါ။ ဒီလိုအိပ်စက်ခြင်းအားဖြင့် ခါးနာဝေဒနာ သက်သာသွားမှာပဲဖြစ်ပါတယ်။

ခါးတစ်ခုလုံး နာတဲ့အခါ

ခါးတစ်ခုလုံးနာကျင်နေတယ်ဆိုရင်တော့ အိပ်စက်ရတာခက်ခဲတတ်ပါတယ်။ နာကျင်မှုသက်သက်သာသာနဲ့ အိပ်စက်အနားယူချင်တယ်ဆိုရင်တော့ ကူရှင်နှစ်ခုနဲ့ ခေါင်းအုံးနှစ်လုံး လိုအပ်ပါလိမ့်မယ်။ ကူရှင်နဲ့ ခေါင်းအုံးတို့ကို ပုံမှာ ပြထားတဲ့အတိုင်း အစီအရီထားပြီး အိပ်စက်အနားယူပေးလိုက်ပါ။

အာရုံကြောများ တောင့်တင်းပြီး နာကျင်နေတဲ့အခါ

အာရုံကြောတွေ တောင့်တင်းနေပြီးတော့ ဇက်ကြောတက်နေတယ်ဆိုရင် ကျောရိုးဆစ်လေးတွေ ကျဉ်းကြပ်သွားလို့ပဲဖြစ်ပါတယ်။ ကျောရိုးဆစ် တစ်ခုနဲ့ တစ်ခုကြား ကျယ်သွားဖို့အတွက်ဆိုရင်တော့ ပုံမှာပြထားတဲ့အတိုင်း ပုစွန်တုပ်လေးလို ကွေးကွေးလေး အိပ်ပေးလိုက်ပါ။

မိမိရဲ့ နာကျင်မှုဝေဒနာပေါ်မူတည်ပြီး မိမိနဲ့ သင့်တော်မယ့် အိပ်စက်မှု အနေအထားကို ရွေးချယ်ပေးလိုက်ပါ။

Source: Brightside.me