အသားအရေ အိုမင်းရင့်ရော်တဲ့ ပြဿနာမျိုးကို လူတိုင်း ကျော်လွှားချင်ကြပါတယ်။ ရှိရင်းအသက်အရွယ်ထက် အသားအရေနုနေရင် ဟယ်နုလိုက်တာနော်လို့ အပြောခံရပြီး ရှိရင်းအသက်အရွယ်ထက် ရုပ်ရင့်နေရင် ဟုတ်လို့လား အသက်ကဆိုပြီး မယုံသင်္ကာဖြစ်တာမျိုးတွေ့ဖူးကြမှာပါ။

ကျွန်မတို့ မျက်နှာပြင်ဟာ ထိတွေ့မှုအများဆုံးနေရာတစ်ခုဖြစ်ပါတယ်။ မျက်နှာပေါ်မှာ မိတ်ကပ်တွေ လိမ်းပြီးအပြင်ထွက်တိုင်း ဒါမှမဟုတ် ဘယ်မှမသွားဘဲနဲ့ အိမ်မှာနေရင်တောင် အဆီပြန်ပြီး ဝက်ခြံထွက်တာ လေထုညစ်ညမ်းမှုတွေကြောင့် မျက်နှာပေါ်မှာ ချွေးပေါက်တွေ ပိတ်ဆို့တာမျိုးဖြစ်စေပါတယ်။

အချိန်တွေကြာလာရင်တော့ အမည်းစက်တွေ အရေးကြောင်းတွေ ဖြစ်ပေါ်စေပါတယ်။

အခုလို ပြဿနာမျိုးကိုဖြေရှင်းဖို့အတွက် မျက်နှာသန့်ရှင်းရေးလုပ်ဖို့ကလည်း သိပ်ကိုအရေးကြီးပါတယ်။ ဈေးကြီးတဲ့ အလှကုန်ပစ္စည်းတွေနဲ့ ပေါင်းတင် သန့်ရှင်းရေးလုပ်စရာမလိုပါဘူး။ အိမ်မှာပဲအလွယ်တကူ ပြုလုပ်လို့ရပါတယ်။

ရေ နှစ်ထပ်မျက်နှာသစ်မယ်။

ရေနွေးရော ရေအေးရော နှစ်မျိုးစလုံးနဲ့ မျက်နှာသစ်ပါမယ်။

အရင်ဆုံး မျက်နှာကို ရေနွေးလေးနဲ့သစ်ပြီး ခြောက်အောင်သုတ်လိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာ မျက်နှာသစ်ဆေးလိမ်းပြီး ၃ မိနစ် ၄ မိနစ်လောက် ပွတ်ပေးပါ။ ပြီးရင် ရေနွေးနဲ့ ပြန်သစ်ပါ။

ပြီးရင်တော့ ရေအေးအေးလေးနဲ့ မျက်နှာထပ်သစ်လိုက်ပါ။ ဒါဆိုရင် မျက်နှာပေါ်ကအညစ်အကြေးတွေလည်း သန့်စင်သွားပြီး ဘေးထွက်ဆိုးကျိုးတွေလည်း ရှိစေမှာမဟုတ်ပါဘူး။ အပြင်ကနေ ပြန်လာရင်တော့ မိတ်ကပ်ကို Remover (သို့) Cleaning Wet Tissue နဲ့ အရင်ဖျက်ပြီးမှ အခုလို နည်းလမ်းအတိုင်း မျက်နှာသစ်ပေးပါ။

ဘာအကျိုးရှိသလဲ

ဒီလိုမျက်နှာသစ်တာမျိုးကို မနက်တစ်ကြိမ် ညတစ်ကြိမ်လုပ်ပေးမယ်ဆိုရင်တော့ အဆီပြန်တာကိုသက်သာစေပြီး ချွေးပေါက်တွေကို သက်သာစေမှာပါ။ အရင်ဆုံးရေနွေးနဲ့ မျက်နှာသစ်လိုက်ချိန်မှာ ချွေးပေါက်ပွင့်စေပြီး မျက်နှာသစ်ဆေးနဲ့ ပွတ်လိုက်ရင် အညစ်အကြေးတွေ၊ ဆဲလ်သေတွေ အဆီတွေကို သန့်စင်ပေးသွားမှာပါ။ ရေအေးအေးနဲ့ ပြန်ပြီးသစ်ပေးတာက ချွေးပေါက်တွေကို ပြန်ကျဉ်းစေပါတယ်။ ဒီနည်းလမ်းလေးက ဆဲလ်သေတွေ အညစ်အကြေးတွေ သန့်စင်ပေးပြီး အသားအရေ သန့်ရှင်းကာ အမည်းစက်ကင်းစင်လာမှာဖြစ်ပါတယ်။