မင်္ဂလာပါ ပျိုမေလေးတို့ရေ။ ခေါင်းလျှော်ပြီးတိုင်း မရှိမဖြစ်အသုံးပြုရတဲ့ ပစ္စည်းလေးကတော့ ဆံပင်လေမှုတ်စက်ပဲဆိုတာကို ငြင်းလို့မရပါဘူးနော်။ ဆံပင်တိုတဲ့ပျိုမေလေးတွေကတော့ လေမှုတ်စက်အသုံးမပြုလည်း ရတယ်ဆိုပေမယ့် ဆံပင်အုံထူတဲ့ပျိုမေလေးတွေ ဆံပင်ရှည်တဲ့ပျိုမေလေးတွေအတွက်ကတော့ ဆံပင်လေမှုတ်စက်က တော်တော်ကြီးကို အရေးပါပါတယ်။

ပျိုမေတို့ရဲ့ အလှအပအတွက် အထောက်အကူပြုတဲ့ ဆံပင်လေမှုတ်စက်က ဆံပင်အတွက်တင် အသုံးဝင်တာမဟုတ်ပါဘူး။ အခြားနည်းလမ်းအမျိုးမျိုးအတွက်လည်း ဘက်စုံ အသုံးဝင်ပါသေးတယ်။ ဘယ်လိုနည်းလမ်းတွေနဲ့ အသုံးပြုနိုင်သေးလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

စတေကာများကို အလွယ်တကူခွာနိုင်ခြင်း

စတောကာခွာလိုက်တဲ့အချိန်တိုင်း ကော်တွေက အကုန်ကွာမသွားဘဲ စက္ကူတွေက ဟိုတစ်စ ဒီတစ်စနဲ့ ပြတ်ကျန်နေမယ်ဆိုရင် ကြည့်ရအလွန်ဆိုးပါတယ်။ ထိုကဲ့သို့ ကြည့်ရမဆိုးဘဲ စတေကာတွေ အကုန်ကွာသွားစေချင်တယ်ဆိုရင်တော့ ဆံပင်လေမှုတ်စက်လေးနဲ့ စက္ကန့်အနည်းငယ်လောက် မှုတ်ပေးလိုက်ပါ။ လေမှုတ်စက်ရဲ့အပူကြောင့် သူ့အလိုလို ကော်တွေ ကွာသွားပါလိမ့်မယ်။

ဖုန်များကို မိနစ်ပိုင်းအတွင်း ဖယ်ရှင်းနိုင်ခြင်း

ကိုယ့်ရဲ့ စာကြည့်စားပွဲ၊ အလှပြင်စားပွဲ၊ အိမ်ရှေ့ဧည့်ခန်း စတဲ့ နေရာအနှံ့အပြားမှာ ဖုန်တွေတက်လို့ စိတ်ညစ်နေပြီလား။ လေမှုတ်စက်လေးနဲ့ မှုတ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အပင်ပန်းခံပြီး ဖုန်တွေ လိုက်သုတ်နေစရာမလိုတော့ပါဘူး။

အိပ်ရာခင်းများကို အနွေးဓာတ်ပေးနိုင်ခြင်း

အခုလို ချမ်းအေးတဲ့ မိုးရာသီမျိုး (သို့) ဆောင်းတွင်း အခါသမယမှာ အိပ်ရာခင်းတွေက စိုစို စွတ်စွတ်နဲ့ ချမ်းအေးနေတတ်ပါတယ်။ အဲ့ဒါဆိုရင် ညအိပ်ရာဝင်ခါနီးမှာ လေမှုတ်စက်လေးမှုတ်ပြီး အိပ်ရာခင်းတွေကို အပူပေးလိုက်ပါ။ နွေးနွေးလေးနဲ့ အိပ်လို့ကောင်းမှာပဲဖြစ်ပါတယ်။

အိမ်မွေး တိရစ္ဆာန်လေးတွေကို ရေချိုးပေးပြီးတဲ့အခါ

အိမ်မွေး တိရစ္ဆာန်လေးတွေ မိုးမိသွားလို့ပဲဖြစ်ဖြစ် ရေချိုးပေးပြီးသွားတဲ့အခါမှာပဲဖြစ်ဖြစ် သူတို့ရဲ့ အမွှေးလေးတွေ အမြန်ခြောက်ဖို့အတွက် ဆံပင်လေမှုတ်စက်နဲ့ လေမှုတ်ပေးလိုက်ပါ။

အဝတ်အစားများကို အမြန်ခြောက်စေခြင်း

မိုးတွင်းအခါသမယမှာ နေအလင်းရောင်နဲ့ မထိတွေ့ရတဲ့အတွက်ကြောင့် အင်္ကျီအဝတ်အစားတွေက အခြောက်နှေးပြီး အနံ့အသက်လည်း သိပ်မကောင်းတတ်ပါဘူး။ ဝတ်စရာအင်္ကျီအဝတ်အစားတွေကလည်း မရှိတော့ဘူးဆိုရင်တော့ ဆံပင်လေမှုတ်စက် အသုံးပြုပြီး အဝတ်အစားတွေ အမြန်ခြောက်အောင် ပြုလုပ်ပေးနိုင်ပါတယ်။

ဒေါက်ဖိနပ်တွေ ရှူးဖိနပ်တွေ ကြပ်နေတဲ့အခါ

ဒေါက်ဖိနပ်တွေ စစဝယ်ချင်းမှာ အရမ်းကြပ်နေလို့ စိတ်ညစ်နေပြီလား။ အဲ့ဒါဆိုရင်တော့ ဒီနည်းလမ်းလေး အသုံးပြုလိုက်ပါ။

အရင်ဦးဆုံး ကြပ်နေတဲ့ဖိနပ်ကို စီးလိုက်ပါ။ ထို့နောက် လေမှုတ်စက်နဲ့ ဖိနပ်ကို မှုတ်လိုက်ပါ။ ပြီးရင် ဟိုနား ဒီနား လမ်းအနည်းငယ် လျှောက်ပေးလိုက်ပါ။ စီးရတာ မကြပ်တော့ဘူး၊ သက်သောင့်သက်သာဖြစ်သွားပြီဆိုရင်တော့ လေထပ်မှုတ်စရာ မလိုတော့ပါဘူး။

Source: onegoodthingbyjillee.com