ယခုလိုပူအိုက်တဲ့ ရာသီဥတုမှာ အေးချမ်းတဲ့အရသာကို ခံစားချင်သူများအတွက် လည်ပတ်လို့ကောင်းတဲ့ နေရာလေးတစ်ခုဖြစ်တဲ့ တောင်ကြီးမြို့လေးကို သွားရောက်လည်ပတ်ဖို့ အကြံပေးချင်ပါတယ်။

ညီမတို့ကတော့ (၂) ညအိပ် (၃) ရက်ခရီး သွားခဲ့တာပေါ့နော်။ မိသားစုအားလုံးပေါင်း (၉) ယောက်ကို Grand Carvin ကားစင်းလုံး ငှားသွားဖြစ်ခဲ့ပါတယ်။ ကိုယ့်မိသားစုလေးပဲ သီးသန့်သွားချင်တာရယ်၊ ကိုယ်ရပ်ချင်တဲ့နေရာရပ်၊ ကြာချင်တဲ့နေရာကြာလိုတာရယ် အေးအေးဆေးဆေးနဲ့ စိတ်အပန်းဖြေချင်တော့ အခုလိုကားငှားသွားတာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်ကားနဲ့ပဲဖြစ်ဖြစ် သွားတာကတော့ အကောင်းဆုံးပါပဲ။ မသွားခင်ကတည်းက ဟိုတယ်တွေကိုလည်း Booking လှမ်းလုပ်ပြီးသားဆိုတော့ အဆင်ပြေတယ်လေ။ တည်းရတာလဲ အဆင်ပြေပြီး သွားလာလို့ကောင်းတဲ့နေရာလေးတွေပဲ ရွေးထားတော့ ညဖက်တွေလည်း လည်ရပတ်ရတာ အဆင်ပြေတာပေါ့။

စစချင်းအနေနဲ့ အင်းလေးကို ပထမဆုံး သွားဖြစ်ခဲ့ပါတယ်။ လူအများကြား နာမည်ကြီးနေတဲ့ ဘ၀သံသရာရထားလမ်းကလည်း သွားနေတဲ့လမ်းမှာပဲဆိုတော့ ရပ်ပြီး စိတ်တိုင်းကျဓာတ်ပုံတွေလည်းရိုက်ခဲ့သေးတယ်။ ကားကြီးတွေနဲ့သာသွားမယ်ဆိုရင် ဒီလိုမျိုး ကိုယ်ရပ်ချင်တဲ့နေရာရပ်၊ ကြာချင်သလို ကြာလို့ ရမှာမဟုတ်ဘူးပေါ့နော်။ စရောက်သွားတဲ့အချိန်ကလည်း နေထွက်ခါစလေးဆိုတော့ နေလည်းသိပ်မပူ၊ လေလေးကလည်း တဖြူးဖြူး၊ လူကလည်းရှင်းဆိုတော့ စိတ်တိုင်းကျကို ဓာတ်ပုံတွေရိုက်ခဲ့လိုက်တယ်။

ဓာတ်ပုံရိုက်လို့ အားရသွားရော အင်းလေးဆီသွားတဲ့ခရီးကို ဆက်ခဲ့ကြပါတယ်။ အင်းလေးကိုရောက်တော့ ငှားလာတဲ့ကားရပ်ထားခဲ့ပြီး စက်လှေငှားရပါတော့တယ်။ စက်လှေငှားတဲ့အချိန်မှာလည်း တနေကုန်စင်းလုံးငှားတာတောင်မှ သုံးသောင်းပဲပေးခဲ့ရပြီး အင်းသူအင်းသားတွေကလည်း အလွန်ကိုသဘောကောင်း၊ မနောကောင်းတွေပါ။ ငှားပြီးကတည်းက ကိုယ်သွားချင်တဲ့နေရာကို လိုက်ပို့ပေးရုံသာမကဘဲ ပစ္စည်းတွေကိုပါ သေချာစောင့်ကြည့်ပေးလို့ စိတ်လွတ်ကိုယ်လွတ် အနှံ့လည်ပတ်နိုင်ခဲ့လို့ အရမ်းကိုတန်လွန်းပါတယ်။

စက်လှေစီးတဲ့အခါမှာ တစ်ခုသတိထားရမှာကတော့ နေအရမ်းပူလွန်းလို့ ဦးထုပ်၊ မျက်မှန်၊ ပုဝါတွေတော့ ဆောင်သွားဖို့ လိုပါမယ်။ နေကတော့ပူနေပေမယ့်လည်း လှေလေးပြေးနေတဲ့အချိန် လေလေးတဖြူးဖြူးနဲ့ဆိုတော့ နေလို့အလွန်ကောင်းပါတယ်။ လှေသွားနေတဲ့တစ်လျှောက်မှာ စင်ရော်လေးတွေက ဘေးနားကလိုက်နေတာဆိုတော့ အစာကျွေးဖို့ ကြိုဝယ်ထားဖို့တော့ လိုပါလိမ့်မယ်။ စင်ရော်လေးတွေအစာကျွေးရတာရယ်၊ အင်းလေးကန်တစ်လျှောက်က ဟိုတယ်တွေ၊ အိမ်လေးတွေရဲ့ ချစ်စဖွယ်ကောင်းတဲ့ မြင်ကွင်းလေးတွေက အခုထိကို မျက်လုံးထဲမှာ စွဲထင်နေဆဲပါပဲ။

အမှတ်တရလက်ဆောင်တွေ အရင်ဝယ်ပြီးနောက် အင်းလေးရဲ့အထင်ကရ ဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရား၊ ကြောင်ခုန်ကျောင်း စတဲ့နေရာတွေကိုလည်း သွားရောက်လည်ပတ်ခဲ့ပါသေးတယ်။ ကြောင်လေးတွေကိုကြည့်ချင်လို့ ကြောင်ခုန်ကျောင်းကို အရောက်သွားခဲ့ပေမယ့်လည်း ကြောင်လေးတွေကို တွေ့ခွင့်မရခဲ့ပါဘူး။ နေ့လည်စာကိုတော့ အင်းလေးမှာပဲစားခဲ့လိုက်ပြီး ဟိုတယ်ကိုပြန်ခဏနား၊ ရေမိုးချိုးပြီး ညနေကျတော့ တောင်ပေါ်ဘုရားတွေ၊ ညဈေးတန်းတွေကိုလည်း ရောက်အောင်သွားခဲ့လိုက်သေးတယ်။

နောက်တစ်နေ့မနက်မှာတော့ ဟိုတယ်မှာပဲ Breakfast စားပြီး ပင်းတယကို အချိန်ပေးချင်တာနဲ့ ဟိုပုန်းကိုရင်လေး သီတင်းသုံးခဲ့တဲ့ ထန်ဆမ်းဂူ၊ မြွေတော်ကက္ကူ၊ စတဲ့ တောင်ကြီးဘုရားအစုံကို မြန်မြန်သွက်သွက်ပဲ ဖူးခဲ့ကြပါတယ်။ ထိုကနေတဆင့် ပင်းတယမှာ တည်းဖို့စီစဉ်ထားတဲ့ ဟိုတယ်ကိုရောက်တာနဲ့ အထုပ်တွေမြန်မြန်ချ၊ အခန်းခွဲစရာရှိတာ ခွဲပြီးတာနဲ့ ကုံလုံဆရာတော်ဘုရားကြီးကျောင်းကို အပြေးသွားရောက်ဖူးမြော်ခဲ့ပါတယ်။

 

ဟိုတယ်နာမည်က Global Grace လို့ခေါ်ပြီး ပုန်းတလုတ်ရေကန်ကြီးနဲ့ မျက်နှာချင်းဆိုင်ဆိုတော့ ညဖက်လဲအေးအေးဆေးဆေး လမ်းလျှောက်ထွက်လို့ရတာပေါ့။ အခန်းလေးတွေကလည်း သန့်၊ ရေပူရေအေးကလည်းရတဲ့အပြင် ခြံဝင်းထဲမှာ ကော်ဖီဆိုင်ပုံစံလေးလုပ်ထားပေးတော့ ကော်ဖီကြိုက်တဲ့ကိုယ့်အတွက်တော့ နေရာကောင်းလေးတစ်ခုဖြစ်ခဲ့ပါတယ်။

မနက်ရောက်တဲ့အခါမှာတော့ ဟိုတယ်ကကျွေးတဲ့ Breakfast ကို စိတ်ကြိုက်စားခဲ့ပြီး ရွှေဥမင်လိုဏ်ဂူကို ခရီးဆက်ခဲ့ကြပါတယ်။ လိုဏ်ဂူကနေအဆင်းမှာ အလွန်လှတဲ့ ညောင်ပင်တန်းကြီးကို တွေ့မြင်ရမှာပါ။ သစ်ပင်တွေအုံ့ဆိုင်းနေလို့ အတိုင်းထက်အလွန်ကို လှလွန်းတဲ့မြင်ကွင်းတစ်ခုပါပဲ။ အဲ့ဒီ့ကနေမှတဆင့် ရေပြာအိုင်၊ ရေတံခွန်တို့ကို သွားရောက်လည်ပတ်ခဲ့ပြီး မိန်းမရဲတောင်ကိုဆက်လက်ခရီးဆက်ခဲ့ကြပါတယ်။ သွားတဲ့လမ်းတစ်လျှောက်မှာလည်း ပန်းခင်းတွေ၊ ယူကလစ်ပင်တွေ တန်းစီနေလို့ ဓာတ်ပုံဝါသနာပါတဲ့ မိန်းကလေးတွေအတွက်တော့ သုခဘုံလို့တောင် ပြောလို့ရပါတယ်။

နေ့လည်ချိန်ရောက်တဲ့အခါမှာတော့ ကလောမြို့နားက ထမင်းဆိုင်တစ်ဆိုင်မှာပဲ ၀င်စားလိုက်ကြပြီး နာမည်ကြီး ကလောဘူတာ၊ နှစ်တစ်ရာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတို့ကို အမိအရသွားခဲ့လိုက်ပါသေးတယ်။ ခရီးရဲ့နောက်ဆုံးအမှတ်တရကိုတော့ နှီးဘုရားသို့သွားရောက်လည်ပတ်ခြင်းနဲ့ အဆုံးသတ်ခဲ့လိုက်ပြီး တောတောင်တွေကို နှုတ်ဆက်ကာ ရန်ကုန်သို့ပြန်လာခဲ့ပါတယ်။

ကုန်ကျစရိတ်ကတော့ သွားဖို့စီစဉ်တဲ့ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ အစီအစဉ်တွေကမတူလို့ အမျိုးမျိုးကွာခြားနိုင်ပါတယ်။ ကုန်ကျစရိတ်ထက် ကိုယ့်တစ်သက်မမေ့နိုင်မယ့် အမှတ်တရမြင်ကွင်းတွေကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခံစားရမှာဖြစ်လို့ ကုန်ရကျိုးလည်းနပ်မှာပါလို့ ပြောနိုင်ပါတယ်။ ဒါကြောင့် သူငယ်ချင်းတို့လည်း ဘ၀မှာ တစ်ခါတစ်ခေါက်တော့ သွားဖြစ်အောင် သွားကြည့်ကြပါလို့ တိုက်တွန်းပေးလိုက်ချင်ပါတယ်။

ပြိုင်ပွဲပုံစံ

စာဖတ်သူတို့ နောက်ဆုံးသွားခဲ့တဲ့ ခရီးစဉ်အမှတ်တရတစ်ခုကို မိမိကြိုက်နှစ်သက်တဲ့ ပုံစံမျိုးနဲ့ Review အကောင်းဆုံးရေးပြီး ဓာတ်ပုံများနဲ့အတူတကွ MyStyle Myanmar ရဲ့  FB Messenger ကို ပေးပို့ရမှာဖြစ်ပါတယ်။ ပုံမှန်တွေ့ဖူးနေကြ ပြိုင်ပွဲတွေနဲ့မတူဘဲ တမျိုးဆန်းသစ်တဲ့ပုံစံလေးနဲ့မို့လို့ စိတ်ဝင်စားကြမယ်လို့ထင်ပါတယ်နော်။

ပြိုင်ပွဲစတင်မယ့်အချိန်

Review ရေးပြိုင်ပွဲအစီအစဉ်ကိုတော့ မတ်လ၊ ၂၄ ရက်နေ့ကစတင်လျက်ရှိပြီး ဧပြီလ ၇ရက်နေ့ နောက်ဆုံးထားကာ Review လေးတွေကို ပေးပို့သွားရမှာဖြစ်ပါတယ်။ အနိုင်ရရှိသူကိုတော့ ဧပြီလ၊ ၈ ရက်နေ့မှာ ကြေငြာပေးသွားမှာဖြစ်လို့ အချိန်ရှိတုန်းလေး အပြေးရေးထားလိုက်ရအောင်လား။

ပေးအပ်သွားမည့် ဆုလက်ဆောင်

ပေးပို့လာတဲ့ Review တွေထဲကမှ Like အများဆုံး ရရှိမယ့် Review ပိုင်ရှင်တစ်ဦးကိုသာ ရွေးချယ်သွားမှာဖြစ်ပါတယ်။ ဆုအနေနဲ့ကတော့ Hedgren မှ စပွန်ဆာပေးထားသည့် 1 Year Warranty နဲ့  ၂၉၅၀၀၀ ကျပ်တန်ဖိုးရှိ ခဲရောင်ခရီးဆောင်အိတ်ကို ချီးမြှင့်ပေးသွားမှာဖြစ်သည့်အတွက် အခွင့်အရေးကောင်းကို လက်လွှတ်မခံဘဲ အပြေးလေး ပါဝင်ယှဉ်ပြိုင်လိုက်ကြရအောင်။

Hedgren bags are available at Casabella Show Rooms in Yangon, Mandalay and Naypyidaw

Yangon: 22 Pyay Road, 9 Mile. Phone: 664 363, 660 769
Naypyidaw: Ocean Super Center Ground Floor (Oatarathri) Phone: 06741 7621-25
Mandalay: Corner of 32nd 77th Street, Chanayetharzan T/S Phone: 02 69366

https://www.facebook.com/hedgren.myanmar