စွမ်းရည်အထူးမြင့်မားပြီး အဆီပျော်ဝင်နိုင်သည့် Antioxidant တစ်ခုဖြစ်သော ဗီတာမင်အီးသည် သင့်ကျန်းမာရေးကိုသာမက အလှအပကိုပါ ပြန်လည်နုပျိုလာစေနိုင်ပါတယ်။ ကိုယ်ခံအားမြှင့်တင်ခြင်း၊ သွေးလည်ပတ်မှုအားကောင်းစေခြင်း၊ နှလုံးကျန်းမာရေးကောင်းစေခြင်း၊ ကင်ဆာရောဂါများကိုကာကွယ်ပေးခြင်း စသည့်ကောင်းကျိုးအစုံအလင်ကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။

သည့်အတွက် ထိုကဲ့သို့ ကောင်းကျိုးအစုံအလင်စုပေါင်းနေပြီး အလွယ်တကူရှာဖွေတွေ့ရှိနိုင်တဲ့ ဗီတာမင်အီးက မည်သည့်အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သေးသလဲ သိရှိနိုင်စေရန် ရေးသားဖော်ပြလိုက်ရပါတယ်။

၁။ ဆံပင်ရှည်မြန်စေခြင်း

ဆံပင်ကိုအရင်းမှအဖျားအထိ ကျန်းမာတောက်ပြောင်စေပြီး အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဗီတာမင်အီးအတောင့်နှစ်ခုကို သံလွင်ဆီ သို့မဟုတ် အုန်းဆီနွေးနွေးလေးတို့ဖြင့် ရောစပ်ကာ လက်ချောင်းလေးများဖြင့်  ဦးရေပြားအတွင်း နှိပ်နယ်လိမ်းခြယ်ပေးပါ။ မိနစ်သုံးဆယ်ခန့်ကြာပြီးနောက် ပုံမှန်အတိုင်းခေါင်းလျှော်ပေးလို့ရပါပြီ။

၂။ အမာရွတ်များကိုပျောက်ကင်းစေခြင်း

ပျက်စီးနေသည့်အသားအရေကို ပြန်လည်သက်သာစေပြီး အမာရွတ်များစွဲထင်နေခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်အီးအတောင့်ကို အမာရွတ်ဖြစ်ပေါ်နေသည့်အသားအရေပေါ်တွင် ၅-၁၀ မိနစ်ခန့် ညှင်သာစွာနှိပ်နယ်ပေးပြီး နာရီဝက်အကြာမှာ ရေနွေးနွေးဖြင့်သန့်စင်ပေးနိုင်ပါတယ်။

၃။ အရေးအကြောင်းများကိုတိုက်ထုတ်ပေးခြင်း

အစက်အပြောက်များ၊ အိုမင်းရင့်ရော်သည့်လက္ခဏာများနှင့် အရေးအကြောင်းများကို တိုက်ထုတ်ရန်ကူညီပေးပြီး အသားအရေကိုတင်းတင်းရင်းရင်းရှိစေပါတယ်။ နေ့စဉ်မှန်မှန် အိပ်ရာသို့မဝင်ခင် ဗီတာမင်အီးအဆီကို လိမ်းပေးပြီး မနက်ရောက်သည့်အခါ ရေနွေးနွေးဖြင့်ဆေးကြောနိုင်ပါတယ်။

၄။ ကြမ်းတမ်းခြောက်သွေ့သည့်လက်များကိုနူးညံ့လာစေခြင်း

လက်အား အိုမင်းရင့်ရော်သည့်အသွင်ကို ဖြစ်ပေါ်စေနိုင်သော တွန့်ရှုံ့ခြင်းများကို သက်သာစေပြီး ခြောက်သွေ့ကြမ်းတမ်းသည့် အသားအရေကို ပြန်လည်စိုပြေနူးညံ့လာစေမှာပါ။ လိုးရှင်းအတွင်းသို့ ဗီတာမင်အီးအဆီအနည်းငယ်ရောစပ်ကာ လက်ပေါ်သို့လိမ်းခြယ်ပေးနိုင်မှာဖြစ်ပါတယ်။

၅။ အကြောပြတ်ရာများကိုဖယ်ရှားပေးခြင်း

သံပရိုရည်ပမာဏနှင့် ညီမျှသော ဗီတာမင်အီးအဆီ လေး၊ ငါးတောင့်ကို ရောစပ်ပြီး ထိုအကြောပြတ်ရာများအပေါ်တွင် ၅ မိနစ်မှ ၁၀ မိနစ်ခန့်အထိ နှိပ်နယ်ပေးပါ။ နာရီဝက်ခန့်ကြာပြီးနောက် ရေဖြင့်ဆေးချနိုင်ပါတယ်။ လအနည်းငယ်အထိ အရာများပျောက်သွားသည့်တိုင် နေ့စဉ်ပြုလုပ်ပေးပါ။

၆။ ကွဲအက်သောနှုတ်ခမ်းများကို သက်သာစေခြင်း

ဗီတာမင်အီးအဆီကို အက်ကွဲနေသောနှုတ်ခမ်းသားများအပေါ် မှန်မှန်လိမ်းပေးခြင်းသည် အစိုဓာတ်ကိုထိန်းသိမ်းပေးရုံသာမက မည်းနက်နေသောနှုတ်ခမ်းသားများကိုပါ သဘာဝအတိုင်းဝင်းလက်လာစေနိုင်ပါတယ်။

၇။ လက်သည်းများကို အားဖြည့်ပေးခြင်း

အက်ကွဲ၊ ကျိုးပဲ့သည့်လက်သည်းများနှင့် ခြောက်သွေ့နေသောလက်သည်းပန်းကုံးများကိုပါ ပြန်လည်ကောင်းမွန်လာစေနိုင်သည့် နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဗီတာမင်အီးအဆီ ၂ တောင့်ဖောက်ထည့်ထားသော ရေနွေးနွေးထည့်ထားသည့်ပန်းကန်လုံးထဲသို့ လက်ချောင်းများကို ၁၀ မိနစ်ခန့်စိမ်ပေးပါ။ တပတ်လျှင် ၃ ကြိမ်မှ ၄ ကြိမ်အထိပြုလုပ်ပေးနိုင်ပါတယ်။

၈။ ဆံပင်နှစ်ခွဖြစ်ခြင်းကို ပြန်လည်ကောင်းမွန်စေခြင်း

ဗီတာမင်အီး၊ သံလွင်ဆီနှင့် အုန်းဆီတို့ကို အညီအမျှပေါင်းစပ်ကာ နှစ်ခွဖြစ်နေသည့်အဖျားများတွင် လိမ်းခြယ်ပေးပါ။ နာရီအနည်းငယ်ထားရှိပြီးနောက် ခေါင်းလျှော်ရည်ဖြင့် ဆေးကြောသန့်စင်ပေးနိုင်ပါတယ်။ တပတ်လျှင် ၃ ကြိမ်ပြုလုပ်ပေးခြင်းဖြင့် ဆံကေသာအပြောင်းအလဲကို တွေ့မြင်လာနိုင်မှာဖြစ်ပါတယ်။

Featured Image Source: Your Ketchup