တချိန်က အရမ်းခင်ခဲ့ကြတဲ့ BFF တွေလို့တောင်သတ်မှတ်ထားတဲ့ သူငယ်ချင်းတွေကနေ အခေါ်အပြောသိပ်မရှိတော့ပဲ သူစိမ်းဆန်သလိုဖြစ်သွားကြတာမျိုးတွေ ရှိကြပါတယ်။ တစ်ခါတစ်လေကျရင် ဘာကြောင့် ဒီလိုဖြစ်သွားတာလဲဆိုပြီး တွေးမိကြမှာပါ။ အရမ်းခင်ခဲ့တဲ့သူငယ်ချင်းတွေဖြစ်ပေမယ့် သူစိမ်းဆန်သလိုဖြစ်သွားရတာက ဒီအကြောင်းအရင်းတွေကြောင့်ပဲ ဖြစ်ကြတာများပါတယ်။

အရင်လောက်မတွေ့ဖြစ်ကြတော့တာ

တော်တော်များများရဲ့ သူစိမ်းဆန်သွားမှုတွေက အရင်လောက် မတွေ့ဖြစ်ကြရာကနေ စတာပါပဲ။ အရင်လောက် အတူတူသွားလာတာ၊ တွေ့ဖြစ်တာမျိုးတွေ မရှိတော့ နည်းနည်းဝေးသလို ဖြစ်သွားကြတာပေါ့။

စကားတွေသိပ်မပြောဖြစ်ကြတော့တာ

မတွေ့ဖြစ်ကြရင်တောင် စကားတွေနေ့တိုင်းပြောတာမျိုး၊ ပြောစရာရှိမှ သွားခေါ်တာမျိုးမဟုတ်ပဲ အကြောင်းအရာပေါင်းစုံ ထိုင်ပြောဖြစ်ကြတာမျိုးဆိုရင်တော့ သူစိမ်းမဆန်ပဲ ရင်းနှီးနေကြအုံးမှာပါ။ အဲ့လိုမဟုတ်ပဲ တွေ့လည်းမတွေ့ဖြစ်ကြ၊ စကားကျတော့လည်း ပြောစရာရှိမှ ပြောကြတာမျိုးက ပိုပြီး သူစိမ်းဆန်သွားစေပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက်လည်း အရင်လောက်မသိတော့ အရမ်းကိုခင်မင်ရတဲ့ချစ်ရတဲ့ BFF ဆိုတာမျိုးက တစ်ဖြေးဖြေးပျောက်သွားပြီး ခင်မင်တဲ့သူငယ်ချင်းလောက်ပဲ ဖြစ်သွားကြတာပါပဲ။

သူငယ်ချင်းအသစ်တွေရသွားတာ

လူတိုင်းမှာ သူငယ်ချင်းအသစ်ဆိုတာမျိုးက ရှိလာမှာပါပဲ။ တချို့ကျတော့လည်း ဘယ်လောက်ပဲ သူငယ်ချင်းအသစ်တွေရရ ကိုယ်အရမ်းကိုခင်ပြီးချစ်ရတဲ့၊ ယုံကြည်ရတဲ့ BFF ဆိုတာ သပ်သပ်ရှိပါတယ်။ တချို့ကျတော့လည်း အသစ်တွေ့အဟောင်းမေ့ပေါ့။ သူငယ်ချင်းအသစ်ရသွားရင် အသစ်ကိုပိုခင်တွယ်ပြီး အသစ်နဲ့ပဲ ပေါင်းသင်းတာ၊ သွားလာတာတွေများလာပြီး အရင်ကခင်ခဲ့တဲ့ BFF ပါလို့ သတ်မှတ်ထားတဲ့သူတွေကို သိပ်မခေါ်ပြောဖြစ်ကြတော့ဘူး။ ဒီလိုနဲ့ပဲ တစ်ယောက်နဲ့တစ်ယောက် သူစိမ်းဆန်သွားကြတာမျိုးတွေလည်း အများကြီးရှိပါတယ်။

အကျင့်စရိုက်ချင်းမတူတာ

နောက်တစ်ခုကတော့ ဘယ်လောက်ပဲ ခင်မင်ခဲ့တဲ့ BFF တွေဖြစ်နေပါစေ အကျင့်စရိုက်ချင်း မတူတော့တဲ့အခါမျိုးမှာလည်း တူရာတူရာပဲစုပြီး ကွဲထွက်သွားတာမျိုးတွေ ရှိပါတယ်။

သစ္စာဖောက်ခံရတာ

နောက်ဆုံးတစ်ချက်ကတော့ ကိုယ်အရမ်းယုံကြည်ရတဲ့၊ ချစ်ခင်ခဲ့ရတဲ့ BFF ဆီက သစ္စာဖောက်ခံရတာကို ကြုံခဲ့ရင်လည်း ဝေးကွာသွားကြတာပါပဲ။ ဘယ်လောက်ပဲ ခွင့်လွှတ်နိုင်တဲ့သူဖြစ်နေပါစေ အရင်လောက်တော့ ပေါင်းဖြစ်တော့မှာ မဟုတ်ပါဘူး။ ခေါ်ပြောတာမျိုးရှိရင်တောင် သူစိမ်းဆန်သွားမှာတော့ သေချာပါတယ်။

photo source: www.freepik.com