မိမိရဲ့ အားလပ်ရက်မှာ ပြည်ပခရီးတစ်ခုခုထွက်ချင်နေသူတွေအတွက် ရှေးခေတ်အဆောက်အဦးနဲ့ ခေတ်မှီအဆောက်အဦးတွေ ရောယှက်နေတဲ့ ဟနွိုင်းမြို့တော်ကို သွားဖို့အကြံပြုချင်ပါတယ်နော်။

အာရှနိုင်ငံများထဲက အလှဆုံး မြို့တစ်မြို့ထဲမှာပါဝင်တဲ့ ဟနွိုင်းမြို့ဟာ ဗီယက်နမ်နိုင်ငံရဲ့ မြို့တော်ဖြစ်ပြီး အေးချမ်းတဲ့မြို့အဖြစ် အသိအမှတ်ပြုခံထားရတဲ့မြို့ဖြစ်ပါတယ်။ ဘုရားကျောင်းကန် စေတီပုထိုး ပေါင်း များစွာရှိပြီး ရှု့မငြီးအောင် လှပတင့်တယ်တဲ့ မြို့လေးတစ်မြို့ဆိုရင်လည်း မမှားပါဘူး။

စာဖတ်သူတို့အနေနဲ့ ဟနွိုင်းကိုသွားလည်မယ်ဆိုရင်တော့ အနည်းဆုံး ၂ ရက်လောက်နေဖို့ အကြံပြုချင်ပါတယ်။ ကြာကြာနေမယ်ဆိုရင်တော့ မြို့ရဲ့ အလှကို ပိုပြီးမြင်ရတာပေါ့။ ဟနွိုင်းကိုရောက်ရင် ဘယ်တွေကို သွားလည်ကြမလဲ၊ ဘာတွေလုပ်ကြမလဲ ဆိုတာကို မျှဝေပေးချင်ပါတယ်နော်။

ရှေးဟောင်းအဆောက်အဦးတွေပြည့်နှက်နေတဲ့ Old Quarter ကိုသွားပါ

သမိုင်းဝင် ရှေးဟောင်းအဆောက်အဦးတွေ ပြည့်နှက်နေတဲ့ Old Quarter သွားလည်ကြည့်ပါ။ လမ်းလျှောက်ပြီးဖြစ်ဖြစ် မော်တော်ဆိုင်ကယ်နဲ့ဖြစ်ဖြစ် လျှောက်သွားနိုင်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ရှေးဟောင်းအဆောက်အဦးတွေ များစွာရှိပါတယ်။

Hoan Kiem ရေကန်မှာ လမ်းလျှောက်ပါ

ဟနွိုင်းကိုသွားမယ်ဆိုရင်တော့ ဟနွိုင်းမြို့ရဲ့ အသက်လို့တောင်ဆိုနိုင်တဲ့ Hoan Kiem ရေကန်ကို မဖြစ်မနေသွားပါလို့ အကြံပြုချင်ပါတယ်။ ဟနွိုင်းမြို့ရဲ့ ရှေးဟောင်းရပ်ကွက်မှာ တည်ရှိပြီး လမ်းလျှောက်တဲ့သူတွေ၊ အနားယူနေတဲ့သူတွေ၊ ကစားနေသူတွေနဲ့ စည်စည်ကားကားရှိလှပါတယ်။ ၁၈ ရာစုကတည်းက တည်ထားတဲ့ Ngoc Son ဘုန်းကြီးကျောင်းကလည်း ကန်ရဲ့ မြောက်ဘက်မှာ တည်ရှိပါတယ်။

ဟနွိုင်းညဈေးကိုသွားပါ

ဟနွိုင်းညဈေးကတော့ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တွေမှာပဲဖွင့်ပါတယ်။ ကိုယ်သွားတဲ့နေ့နဲ့ အခွင့်ကြုံရင်တော့ သေချာပေါက် ဝင်လည်ခဲ့ဖို့ ညွန်းဆိုပေးချင်ပါတယ်။ ညဘက်မှာ လေနုအေးအေးလေးနဲ့ ဈေးဝယ်ထွက်လို့ကောင်းသလို လတ်ဆတ်တဲ့ အစားအစာတွေလည်း အများကြီးစားလို့ရပါတယ်။

Ngoc Son ဘုန်းကြီးကျောင်း

ကျောက်စိမ်းတောင်ဘုရားလို့ အဓိပ္ပာယ်ရတဲ့ Ngoc Son ဘုန်းကြီးကျောင်း ဟနွိုင်းမြို့မှာ အဓိကအားဖြင့် သွားရောက်ကြတဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။ တိတ်ဆိတ်ပြီး စိမ်းစိမ်းစိုစိုရှိတဲ့ နေရာဖြစ်ပါတယ်။ စာပေဆိုင်ရာဘုရားကျောင်းတစ်ခုဖြစ်သလို ဗီယက်နမ်ရဲ့ ပထမဆုံး အမျိုးသား တက္ကသိုလ်ဖြစ်ခဲ့တဲ့ ကျောင်းပါ။ ဗီယက်နမ်စာပေဆိုင်ရာ သမိုင်းအမွေအနှစ်တွေကိုလည်း လေ့လာနိုင်ပါတယ်။ မနက် ၈း၀၀ နာရီကနေ ည ၆း၀၀ ထိဖွင့်ပါတယ်။

ဒေသထွက်အစားအစာတွေစားပါ

ဟနွိုင်းမြို့ဟာ ဒေသရိုးရာအစားအစာတွေနဲ့လည်း ကမ္ဘာကျော်တဲ့ မြို့ဖြစ်ပါတယ်။ အဆီနည်းပြီး၊ အာဟာရဓာတ်မျှတတယ်။ လတ်ဆတ်တဲ့ လူကြိုက်များလှတဲ့ အစားအစာတွေ အများကြီးရနိုင်တဲ့နေရာတစ်ခုပါ။

ဈေးလည်းသက်သာပြီး နာမည်ကျော်တာတွေကတော့ ဖိုခေါက်ဆွဲ၊ ကော်ပြန့်လိပ်၊ Bun Cha ဆိုတဲ့ ဝက်သားကင် ဟင်းတစ်မျိုး ၊ Banh Mi လို့ခေါ်တဲ့ ဗီယကနမ်စတိုင်လ် ဆန်းဒဝစ်၊ Banh Xeo ဆိုတဲ့ ဗီယက်နမ်ပန်ကိတ် စတာတွေဖြစ်ပါတယ်။ လူကြိုက်အများဆုံးကတော့ ဖိုခေါက်ဆွဲဖြစ်ပါတယ်။ ကော်ဖီကောင်းကောင်းကြိုက်တဲ့သူတွေအတွက်လည်း ဟနွိုင်းမှာ ကော်ဖီကို မဖြစ်မနေသောက်ခဲ့ပါနော်။ အရမ်းကို အရသာရှိပါတယ်။

သိထားသင့်တဲ့ ဗီယက်နမ်အစားအစာနဲ့ လူမှုယဉ်ကျေးမှု

ဗီယက်နမ်နိုင်ငံဟာ အာရှတိုက်အတွင်းက နိုင်ငံဖြစ်တာနဲ့ အညီ အစားအစာတွေက ချဉ်၊ ငန်၊စပ်၊ခါး၊အချို စသဖြင့် အရသာတွေ စုံလင်လှပါတယ်။ ဗီယက်နမ်အစားအစာတွေဟာ ဗီယက်နမ်တို့ရဲ့ ယဉ်ကျေးမှုတွေ ထင်ဟပ်နေပါတယ်။ မိသားစု လက်စုံစားကြတဲ့အခါမှာပဲဖြစ်ဖြစ်၊ အများနဲ့ စားတဲ့အခါမှာပဲဖြစ်ဖြစ် တစ်ယောက်ကိုယ်တစ်ယောက်လေးစားမှု၊ မိမိကိုယ်ကို လေးစားမှုနဲ့ အိနြေ္ဒရရ စားသုံးကြပါတယ်။ ကြီးသူကို အရင်းဆုံး ဟင်းဦးချတဲ့ ဓလေ့လည်းရှိပါတယ်။ မြန်မာလူမျိုးတွေလိုပဲ သူတို့ရဲ့ နွေးထွေးကြင်နာမှုကိုပြတဲ့အနေနဲ့ ဧည့်သည်တွေကို ထမင်းဖိတ်ကျွေးလေ့ရှိပါတယ်။ တကယ်လို့ ဗီယက်နမ်မိသားစုက ထမင်းစားဖိတ်တဲ့အခါမှာလည်း သူတို့ရဲ့ ယဉ်ကျေးမှုတွေကို လေးစားလိုက်နာဖို့လိုပါတယ်။

HOI Corner မှာသွားထိုင်ပါ

ဘီယာကြိုက်တတ်တဲ့သူတွေဆိုရင် ဒီနေရာလေးကို သဘောကျကြမှာပါ။ ဗီယက်နမ်မှာ ဘီယာက ၁၂ လုံး ဝယ်မှ ၃ ဒေါ်လာလောက်ပဲ ကျပြီး အရမ်းကို ဈေးသက်သာပါတယ်နော်။ Bia Hoi Corner လို့ လူသိများကြတဲ့ နေရာမှာလည်း အေးအေးလူလူ ဒေသထွက် ဘီယာလေး ထိုင်သောက်လို့ရပါတယ်။ ဘီယာမသောက်ချင်တဲ့သူတွေအတွက်လည်း ကိစ္စမရှိပါဘူး။ လေထုအေးအေးလေးကို ခံစားလို့ရပြီး အချင်းချင်း အေးအေးဆေးဆေး စကားစမြည်ပြောနိုင်တဲ့နေရာတစ်ခုဖြစ်လို့ သွားသင့်တဲ့နေရာပါ။ ည ၉း၀၀ ထိနေလို့ရပါတယ်။

ဟနွိုင်းမြို့အပြင်ကိုလည်း ထွက်လည်ကြည့်ပါ

ဟနွိုင်းမြို့မှာတင်မဟုတ်ဘဲ ဟနွိုင်းမြို့အပြင်ဖက်ကိုလည်း ထွက်လည်ကြည့်ဖို့ အကြံပြုချင်ပါတယ်။ အဓိက သွားကြတဲ့နေရာကတော့ Ha Long ကမ်းခြေ ဖြစ်ပါတယ်။ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခံထားရပြီး ခရီးသွားဧည့်သည်တွေကြားမှာ အရမ်းကို ရေပန်းစားပါတယ်။

အဲ့ဒီကို တစ်ညလောက်သွားပြီး တစ်သက်မမေ့နိုင်စရာ မြင်ကွင်းဖြစ်တဲ့ ကျောက်ဆောင် နဲ့ ကျွန်းရဲ့ အပေါ်ကနေ နေထွက်လာတဲ့အလှကို ခံစားကြည့်လိုက်ပါ။ သွားမယ့် စက်လှေပေါ်မှာမူတည်ပြီး ဈေးနှုန်းကွာခြားမှုရှိပါတယ်။

ဘာနဲ့သွားကြမလဲ ဘယ်လောက်ကုန်မလဲ

ဗီယက်နမ်နိုင်ငံ ဟနွိုင်းကိုသွားမယ်ဆိုရင်တော့ သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ ရန်ကုန်-ဟိုချီမင်းအပြင် ဟနွိုင်းမြို့ကိုပါ ပြေးဆွဲပေးနေတဲ့ VietJet လေကြောင်းလိုင်း နဲ့ သွားဖို့အကြံပြုလိုက်ပါစေနော်။ ကြိုတင် www.vietjetair.com မှာ Debit/Credit Card တစ်ခုခုကိုသုံးပြီး လက်မှတ်ဝယ်လို့ရပါတယ်။

ဟနွိုင်းမြို့အပြင် တခြားသဘောကျတဲ့ နေရာတွေကိုသွားလည်မယ်ဆိုရင်တော့ ၃ ညအိပ် ၄ ရက်ကို ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၄၀၀ ကျော် ၅၀၀ ဝန်းကျင်လောက် ကုန်ကျမှာဖြစ်ပါတယ်။ ဈေးနှုန်းသက်သာတဲ့ ဟိုတယ်တွေကတော့ Old Quarter မှာ ရှိပါတယ်။ ကိုယ်သွားမယ့်ရက်နဲ့ ကိုယ်သွားမယ့်ခရီး အပေါ်မှာတော့ မူတည်သလို ကိုယ်သုံးမယ့် အသုံးနှုန်းပေါ်မှာလည်း မူတည်ပါတယ်နော်။