မိန်းကလေးတိုင်းက မိတ်ကပ်ပစ္စည်းတွေအားလုံးနီးပါးကို စိတ်ဝင်စားတတ်ကြပါတယ်။ မိန်းကလေးတိုင်းကလည်း ကိုယ်တတ်နိုင်တဲ့ငွေကြေးပမဏနဲ့ သင့်တော်တဲ့မိတ်ကပ်ပစ္စည်းတွေကိုပဲ ဝယ်ယူပြီးသုံးစွဲနေကြတာကတော့ အားလုံးပါပဲ။ မိတ်ကပ်ပစ္စည်းတွေကို ဈေးကြီးတာသုံးတယ်၊ ဈေးနည်းတာသုံးတယ်ဆိုတာတွေက အရေးမကြီးပေမယ့် တကယ်ရှိသင့်တဲ့ ပစ္စည်းတွေကိုပိုင်ဆိုင်ထားရဖို့ကတော့ အရေးကြီးတယ်လေ။ ဒါကြောင့် ပျိုမေတို့ရဲ့ မိတ်ကပ်အိတ်လေးတွေထဲမှာ ဒါလေးတွေက ရှိကိုရှိနေသင့်တယ်နော်။

Eye Cream

အသက် ၂၀ ကျော်လာပြီဆိုရင် ပျိုမေတို့ရဲ့အလှအပအတွက် Eye Cream ကလည်းလိုအပ်လာပြီလေ။ မျက်လုံးအနီးတစ်ဝိုက်မှာ အရေးအကြောင်းဖြစ်တာတွေကို လျော့နည်းသက်သာစေဖို့အတွက် Eye Cream ကလည်းပုံမှန်လိမ်းနေဖို့လိုအပ်ပြီပေါ့။

Lip Gloss

အခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့နှုတ်ခမ်းနီတွေတော်တော်များများက Matte အမျိုးအစားတွေများလာတာပဲဖြစ်ပါတယ်။ အမြဲတမ်း Matte နှုတ်ခမ်းနီတွေကိုပဲဆိုးနေတဲ့အခါမှာ နှုတ်ခမ်းသားတွေခြောက်သွေ့ပျက်စီးတာမျိုးတွေပဲဖြစ်လာနိုင်တာပေါ့။ ဒါကြောင့် တစ်ခါတစ်ရံဆိုးဖို့အတွက် Lip Gloss လေးကိုလည်း အိတ်ထဲမှာဆောင်ထားပေးသင့်တယ်နော်။

ပါးနီ

ပါးနီလေးတွေကလည်း မိန်းကလေးတိုင်းရဲ့အလှအပအတွက်ဆိုရင် လိုအပ်တဲ့အလှကုန်ပစ္စည်းလေးပဲပေါ့။ ပျိုမေတို့ရဲ့ပါးရိုးလေးတွေပေါ်မှာ လှလှပပလေးဖြစ်အောင် ခြယ်သပြင်ဆင်ပေးလိုက်မယ်ဆိုရင် အရောင်စုံတဲ့အလှအပမျိုးနဲ့ လှပနေမှာပဲဖြစ်ပါတယ်။

Mascara

ဆွဲဆောင်မှုရှိရှိနဲ့လှပချင်ရင်ပဲဖြစ်ဖြစ်၊ သဘာဝဆန်တဲ့ပုံစံမျိုးလေးနဲ့ ချစ်စရာကောင်းနေချင်ရင်ပဲဖြစ်ဖြစ် Mascara ကတော့လိုအပ်တဲ့အရာတစ်ခုပေါ့။ မျက်တောင်လေးတွေကိုရှည်လျားကော့ညွတ်ပြီး လှပနေစေဖို့အတွက်က Mascara လေးကိုတော့ ဆောင်ထားဖို့လိုတယ်နော်။

Remover

မိတ်ကပ်တွေလိမ်းပြီးသွားရင် ပြန်ဖျက်ဖို့လိုတယ်ဆိုတာကိုတော့ အားလုံးပဲသိထားပြီးသား ဖြစ်မယ်လို့ထင်ပါတယ်။ ဒီတော့ မိတ်ကပ်တွေကိုပြန်ပြီးဖျက်ပေးဖို့ဆိုတာ မျက်နှာသစ်ဆေးတစ်မျိုးထဲနဲ့လည်း အဆင်မပြေပါဘူး။ ဒါကြောင့် အရည်အသွေးကောင်းမွန်တဲ့ မိတ်ကပ်ဖျက်ဆေးမျိုးကို ဆောင်ထားဖို့တော့လိုပါတယ်နော်။

အလှအပကိုကြိုက်နှစ်သက်ပြီး တကယ်တန်ဖိုးထားတဲ့ မိန်းကလေးတစ်ယောက်ဆိုရင်တော့ မိတ်ကပ်အိတ်လေးထဲမှာ ဒီအရာတွေက ရှိကိုရှိနေသင့်ပါတယ်နော်။

Photo Source: Pinterest