မင်္ဂလာပါပျိုမေတို့ရေ… အခုနောက်ပိုင်းမှာ အွန်လိုင်းရှော့ပင်းဈေးကွက်ကလည်း တော်တော်လေးကို တွင်တွင်ကျယ်ကျယ်ဖြစ်လာပါပြီ။ ပုံမှန်ခန္ဓာကိုယ်မျိုးနဲ့သူတွေအတွက်ကတော့ အွန်လိုင်းပေါ်မှာဈေးဝယ်ရတာက အခက်အခဲသိပ်မရှိပေမယ့် ခန္ဓာကိုယ်ဖွံ့ဖွံ့ထွားထွားပျိုမေတွေကတော့ သူတို့နဲ့လိုက်ဖက်မယ့်အဝတ်အစားမျိုးတွေကို မှာယူတဲ့အခါမှာအနည်းငယ်တော့ ခက်ခဲမှုတွေရှိနေနိုင်ပါတယ်။ ဒါကြောင့် ဝဝလေးနဲ့လှနေတဲ့ပျိုမေတို့ သိထားဖို့လိုအပ်တဲ့အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

ကိုယ်တိုင်းတွေကိုသိအောင်လုပ်ထားပါ

အဝတ်အစားတွေကိုဝယ်တဲ့အခါမှာ ကိုယ့်ရဲ့ကိုယ်တိုင်းလေးတွေကို သိထားဖို့အရေးကြီးပါတယ်။ အပြင်မှာကိုယ်တိုင်ဝယ်ရင်တော့ ကိုယ်နဲ့ကပ်တိုင်းကြည့်ပြီး ဝယ်လို့ရပေမယ့် အွန်လိုင်းကနေဝယ်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ကိုယ်တိုင်းတွေကို သေချာသိထားမှ မှန်းဆပြီးဝယ်လို့အဆင်ပြေမှာပေါ့။

လိုက်ဖက်မယ့်အရာတွေကိုရှာပါ

ကိုယ့်လိုမျိုး ခန္ဓာကိုယ်ပြည့်တဲ့သူတွေက ဘယ်လိုအဝတ်အစားမျိုးတွေကို ဝတ်ရင်လိုက်ဖက်မှုရှိလောက်မယ်ဆိုတာကို သိထားဖို့အတွက် လေ့လာထားဖို့လိုအပ်ပါတယ်။ ဒါမှလည်း အဝတ်အစားကိုမြင်လိုက်တာနဲ့ ကိုယ်နဲ့လိုက်လားမလိုက်သားသိပြီး ရွေးချယ်ဝယ်ယူနိုင်မှာပေါ့။

သေချာမေးမြန်းပါ

အွန်လိုင်းကနေဝယ်တော့မယ်ဆိုရင် မှားယွင်းပြီးအဆင်မပြေတာမျိုးတွေ မဖြစ်ရလေအောင် ရောင်းတဲ့သူနဲ့ သေချာမေးမြန်းပြီးမှ ဝယ်သင့်ပါတယ်။ တစ်ချို့ အွန်လိုင်းရှော့ပင်းတွေက တစ်ခါတစ်လေမှာလွဲမှားတာတွေလည်း ရှိတတ်ကြတာဆိုတော့ ကိုယ့်ဘက်ကပိုပြီးတော့သေချာအောင် စေ့စေ့စပ်စပ်မေးမြန်းထားတာ အကောင်းဆုံးပဲပေါ့။

ခန္ဓာကိုယ်နဲ့ Fit ဖြစ်တာမျိုးတွေ

ပုံမှန်ဝတ်နေကျ နည်းနည်းပွတာမျိုးတွေမဟုတ်ပဲ ခန္ဓာကိုယ်နဲ့ကွက်တိဖြစ်နေတာမျိုးတွေကို လိုချင်တယ်ဆိုရင်တော့ အွန်လိုင်းရှော့ပင်းတွေကနေမဝယ်တာ အကောင်းဆုံးပဲလို့ပြောချင်ပါတယ်။ အွန်လိုင်းရှော့ပင်းတွေတော်တော်များများက ပုံတွေထဲမှာတော့အကောင်းဆုံးတွေဖော်ပြပြီး ရောင်းနေကျပေမယ့် ကိုယ့်လိုမျိုး ခန္ဓာကိုယ်ထွားနေတဲ့သူတွေအတွက်ကတော့ Body Fit ဖြစ်တာမျိုးလိုချင်ရင် အပြင်မှာရှာတာအကောင်းဆုံးပါနော်။

Photo Source: Pinterest