ကမ္ဘာပေါ်မှာ ချမ်းသာတဲ့ကလေးတွေတော်တော်များများ တက်ကြတဲ့ ကျောင်းကတော့ ဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့ Institut Le Rosey ဘော်ဒါကျောင်းပဲ ဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်က တော်ဝင် နန်းမျိုးနန်းနွယ်၊ ဘုရင့် သားတော်၊ သမီးတော်တွေတက်လေ့ရှိတာကြောင့် ဘုရင်များရဲ့ ကျောင်း “School of Kings” လို့ တင်စားခေါ်ဝေါ်ကြပါတယ်။

၁၈၈၀ ပြည့်နှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဆိုတော့ နှစ်ပေါင်း ၁၃၀ ကျော်လာပြီဖြစ်ပါတယ်။ စထောင်ကတည်းကနေ အခုအချိန်အထိ မိသားစုတစ်ခုတည်းက ပိုင်ဆိုင်တဲ့ ကျောင်းဖြစ်ပါတယ်။

Le Rosey မှာ နွေရာသီမှာ ဖွင့်တဲ့ကျောင်း (Summer School) နဲ့ ဆောင်းတွင်းမှာ ဖွင့်တဲ့ကျောင်း (Winter School )ဆိုပြီး ၂ မျိုးရှိပါတယ်။

ဆောင်းတွင်းမှာဆိုရင်တော့ သင်ခန်းစာတွေအပြင် ဆောင်းတွင်းမှာ ကစားလို့ရတဲ့ အားကစားတွေပါ သင်ပေးပါတယ်။

နွေရာသီမှာဆိုရင် Rolle Campus မှာဖွင့်ပြီး ဟက်တာပေါင်း ၂၈ ဟက်တာ ကျယ်ကာ နာမည်ကြီး ဂျနီဗာ ရေကန်နဲ့ ကပ်ရပ်ဘဲ ဖြစ်ပါတယ်။

ဆောင်းတွင်းမှာဆိုရင်တော့ Gstaad Campus မှာ ဖွင့်ပြီး ရေခဲတောင်တွေနဲ့ နီးပါတယ်။

Summer Program မှာဆိုရင်တော့ ကလေးတွေက အားလပ်ချိန်မှာ ရေကန်ထဲသွားပြီး လှေလှော်တာတို့ လုပ်လို့ရပါတယ်။

မနက် ၇ နာရီဆိုတာနဲ့ အခန်းရှင်း၊ မနက်စာ စားကြရပါတယ်။

သင်ခန်းစာတွေက မနက် ၈ နာရီကနေ ညနေ ၃ နာရီခွဲလောက်အထိ သင်ကြားပြီး နေ့လည်စာစားချိန်မှာတော့ အချိန်အကြာကြီး အနားပေးထားပါတယ်။

ညနေ ၄ နာရီကနေ ၇ နာရီအထိ ကလေးတွေက ကြိုက်နှစ်သက်ရာ အားကစားလုပ်တာဘဲဖြစ်ဖြစ် ဆော့ကစားတာဘဲ ဖြစ်ဖြစ် လုပ်လို့ရပါတယ်။

ည ၇ နာရီခွဲရင်တော့ ကျောင်းသား၊ ကျောင်းသူတွေ ညစာ စားကြပြီး ည၈နာရီနဲ့ ၉ နာရီကြားကတော့ အိမ်စာလုပ်ကြရပါတယ်။

အိမ်စာကို စာကြည့်တိုက်မှာပဲ ဖြစ်ဖြစ် ကျောင်းခန်းမ တွေထဲမှာဖြစ်ဖြစ် လုပ်လို့ရပါတယ်။

သူတို့အားလပ်တဲ့အချိန်မှာ လှေလှော်တာ၊ လမ်းလျှောက်တာ၊ တောင်တက်တာ နဲ့ သူတို့ စိတ်ပါဝင်စားတာတွေအားလုံးကို လုပ်ဆောင်လို့ရပါတယ်။

ဒီကျောင်းကို နိုင်ငံပေါင်း ၅၀ ကျော်က ကလေး ၄၀၀ ကျော်လောက် လာတက်ကြပြီး ကျောင်းကလည်း တစ်နိုင်ငံကို ကျောင်းသားပမာဏ အများဆုံး ၁၀ ရာခိုင်နှုန်း ဘဲ လက်ခံထားပါတယ်။

တစ်နှစ်ကိုတော့ ကျောင်းဝင်ကြေး ဒေါ်လာ ၁ သိန်း၃သောင်းနီးပါး ပေးရပေမယ့် အများစုက အရမ်းချမ်းသာတဲ့ မိသားစုတွေ၊ ရေနံသူဌေးကြီးတွေရဲ့ မိသားစုများ၊ ဘုရင့်သားသမီးများ၊ တော်ဝင် မိသားစု အနွယ်များစတဲ့ ငွေကြေးကို ဂရုစိုက်စရာမလိုတဲ့သူတွေ တက်ကြတဲ့ ကျောင်းပါပဲ။