လက်သည်းလေးတွေကို လှပနေအောင်ပြင်ဆင်တော့မယ်ဆိုရင် အလှပြင်ဆိုင်တွေကို များသောအားဖြင့်သွားတတ်ကြပါတယ်။ တစ်ခါတစ်လေသွားဖို့မအားတဲ့အခါမှာပဲဖြစ်ဖြစ် အိမ်မှာနေရင်းနဲ့ပဲ လက်သည်းလေးတွေကိုလှအောင် လုပ်ချင်တယ်ဆိုရင်တော့ အလှပြင်ဆိုင်မှာဆိုးပေးသလိုမျိုးပဲ လှပသပ်ရပ်နေဖို့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

အရင်ဆုံးဆိုးထားပြီးသားလက်သည်းနီတွေကို သေချာဖျက်ပေးရမှာပဲဖြစ်ပါတယ်။ ဆိုးထားတဲ့လက်သည်းနီအဟောင်းကို လက်သည်းဖျက်ဆေးနဲ့ သေချာပြောင်နေအောင်ဖျက်ပေးရမယ်နော်။ ဖျက်တဲ့အခါမှာလည်း ညင်ညင်သာသာလေးပဲဖျက်ပေးရပါမယ်။ အရမ်းပွတ်ပြီး ဖျက်တဲ့အခါမှာ လက်သည်းဖျက်ဆေးကြောင့် လက်သည်းအပေါ်ယံလေးတွေ ပျက်စီးတတ်တာကြောင့်ပါ။

လက်သည်းနီတွေကို သေချာပြောင်အောင် ဖျက်ပြီးသွားပြီဆိုရင်တော့ လက်သည်းတွေကို ရေနဲ့ဆပ်ပြာကိုအသုံးပြုပြီး သန့်စင်ပေးရမှာပဲဖြစ်ပါတယ်။ ဒါမှ လက်သည်းဖျက်ဆေးတွေ လက်သည်းနဲ့ လက်အရေပြားပေါ်မှာ မကျန်ရှိနေတော့မှာပေါ့။ လက်ဆေးပြီးသွားရင်တော့ နောက်တစ်ဆင့်ဆက်သွားဖို့ လက်ကိုရေခြောက်အောင် လုပ်ပေးထားလိုက်ပါ။

လက်သည်းအားဖြည့်ဆီလေးကိုလည်း ပုံမှန်လိုမျိုးလိမ်းပေးသင့်ပါတယ်။ လက်သည်းတွေကို မကြာခဏလက်သည်းနီဆိုးနေတော့ လက်သည်းမှာရှိသင့်တဲ့ အားတွေနည်းလာပြီး လက်သည်းပျက်စီးတာမျိုးတွေ ဖြစ်လာစေတတ်ပါတယ်။ ဒီလိုအချက်တွေက လက်သည်းအားဖြည့်ဆေးလေးရှိနေမယ်ဆိုရင်တော့ လှည့်ကြည့်နေစရာမလိုပါဘူး။ လက်သည်းအားဖြည့်ဆီကို လက်သည်းနီမဆိုးခင်အချိန်မှာ သေချာလိမ်းထားပေးဖို့လိုပါတယ်။

Base Coat ဆိုးပေးဖို့ သတိရထားပေးပါ။ လက်သည်းနီဆိုးတော့မယ်ဆိုရင် အရေးကြီးဆုံးက Base Coat ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်သည်းနီကြောင့် ဖြစ်လာမယ့်လက်သည်းထိခိုက်မှုတွေ မဖြစ်အောင် Base Coat ကကာကွယ်ပေးထားနိုင်တာကြောင့်ပါ။ လက်သည်းအရောင်ရင့်တာတွေကို ဆိုးတဲ့အခါမှာ ကျန်နေခဲ့တတ်တဲ့ လက်သည်းစွန်းထင်းမှုတွေကိုလည်း မဖြစ်စေအောင် ကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။

ပြီးရင်တော့ ပျိုမေတို့ကြိုက်နှစ်သက်တဲ့ လက်သည်းနီအရောင်ကို ရွေးချယ်ပြီးလက်သည်းလေးတွေပေါ်မှာ သပ်သပ်ရပ်ရပ်ဖြစ်အောင် သေချာဂရုစိုက်ပြီး ဆိုးပေးရမှာပဲဖြစ်ပါတယ်။ ဆိုးတဲ့အခါမှာလည်း လက်သည်းနီလေးတွေကို ညီနေအောင် နှစ်ထပ်လောက်တော့ဆိုးပေးမှ အဆင်ပြေမှာပါ။

Top Coat ကလည်း Base Coat လိုပဲ အရေးကြီးတဲ့နေရာကနေ အသုံးဝင်နေပါတယ်။ လက်သည်းနီအရောင်ဆိုးပြီးသွားရင် အရောင်လေးကိုပိုလှသွားစေပြီး လက်သည်းနီအရောင်ကိုကြာရှည်ခံစေဖို့အတွက် Top Coat ကိုလည်း သေချာလေးဆိုးပေးမှရပါမယ်နော်။

Photo Source: Pinterest