ဘဝမှာပျော်ရွှင်ပြီး စိတ်ချမ်းသာဖို့ဆိုတာ ကိုယ်တိုင်ဖန်တီးယူတတ်မှ ရတာပါ။ မကောင်းတာတွေကိုတွေးပြီး တချိန်လုံးစိတ်ညစ်နေမယ်၊ စိတ်ဓာတ်ကျနေမယ်ဆိုရင် ကိုယ်ပဲစိတ်ညစ်ရပါတယ်။ ဘဝမှာ စစ်မှန်တဲ့ပျော်ရွှင်မှုကိုလိုချင်ရင် ကောင်းတဲ့အမြင်နဲ့ ကောင်းတဲ့စိတ်လေးမွေးမှသာ ရရှိမှာပါ။ ဒါကြောင့် ဘဝမှာစစ်မှန်တဲ့ပျော်ရွှင်မှုကိုလိုချင်သူတိုင်း ထားရှိရမယ့်စိတ်သဘောထားတွေကို ဖော်ပြပေးလိုက်ပါတယ်။

တစ်စုံတစ်ယောက်ကို အကောင်းမြင်လိုက်ပါ။ သူကိုယ့်အပေါ် ဘယ်လိုသဘောထားတယ်ဆိုတာကို ခေါင်းထဲမထည့်ပဲ အဲ့လူအပေါ်အကောင်းမြင်ပြီး မေတ္တာထားပေးလိုက်ပါ။ သင်စိတ်ချမ်းသာပျော်ရွှင်ရပါလိမ့်မယ်။

တစ်စုံတစ်ယောက်က ကိုယ့်အပေါ်အပြစ်ကျူးလွန်မိတဲ့အခါ၊ ကိုယ့်အပေါ်အမှားတွေလုပ်မိတဲ့အခါ ပြန်လက်စားချေတာမျိုးတွေနဲ့ မတုံ့ပြန်ပဲ ခွင့်လွှတ်ပေးလိုက်ပါ။ ရန်ကိုရန်ချင်းမတုံ့ပြန်ပဲ ခွင့်လွှတ်တတ်တဲ့စိတ်မွေးမယ်ဆိုရင် သူများထက်ကိုယ်က အရင်အေးချမ်းရပါတယ်။

ကိစ္စတစ်ခုခုဖြစ်လာရင်လည်း ထိုင်ပြီးအငြင်းပွါးနေမယ့်အစား သေသေချာချာပြောဆိုပြီး ဆွေးနွေးပါ။ ကိစ္စတစ်ခုကိုမသေချာပဲ စွပ်စွဲပြောဆိုတာတွေလုပ်မယ့်အစား သေချာညှိုနှိုင်းဆွေးနွေးဖို့ပဲလိုပါတယ်။ သွေးပူနေတဲ့အချိန်မျိုးမှာ ဘာမှမပြောပဲ တစ်ယောက်ထဲအေးဆေးနေတာ ပိုကောင်းပါတယ်။

လူတစ်ယောက်ကိုချစ်မိပြီဆိုရင်လည်း ရိုးသားပါ။ ဖွင့်ပြောပါ။ ကိုယ်ချစ်နေတဲ့အကြောင်းကို သူသိအောင်လုပ်ပြီး ကြိုးစားပါ။ သတိရနေရင် ဖုန်းဆက်လိုက်ပါ။ သွားတွေ့လိုက်ပါ။ စိတ်ထဲဖြစ်ချင်နေတဲ့အတိုင်း လုပ်လိုက်တာက စိတ်သက်သာရာရပါတယ်။ ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ လွတ်လပ်ပေါ့ပါးစွာဖြတ်သန်းလိုက်ပါ။

ပျော်စရာရှိရင် လွတ်လွတ်လပ်လပ်ပျော်ပါးပြီး စိတ်ညစ်စရာတွေရှိလာရင် စိတ်ဓာတ်မကျပဲရင်ဆိုင်လိုက်ပါ။ တစ်ယောက်ထဲစိတ်ညစ်အားငယ်လာတဲ့အခါ သူငယ်ချင်းတွေနဲ့သွားတွေ့ပါ။ ကိုယ်ချစ်ရသူတွေနဲ့ သွားတွေ့ပြီးအားပေးစကားတွေကို နားထောင်လိုက်ပါ။ ဟာသကားတွေကြည့်ပြီး စိတ်ပျော်ရွှင်မှုကိုပြန်ရှာပါ။ ဒေါသထွက်လာတဲ့အခါမှာ စိတ်တည်ငြိမ်အောင် တရားထိုင်လိုက်ပါ။ ဘယ်သူနဲ့မှမတွေ့ပဲ တစ်ယောက်ထဲအေးအေးဆေးဆေး အနားယူလိုက်ပါ။

ဘဝမှာလဲကျသွားတဲ့အခါ၊ ရှုံးနိမ့်သွားတဲ့အခါမှာလည်း ပြန်ထပြီးကြိုးစားလိုက်ပါ။ ဘယ်တော့မှစိတ်ဓာတ်မကျသွားအောင် နေထိုင်ပါ။ ဒီအချက်တွေကိုသာလိုက်နာမယ်ဆိုရင် သင့်ဘဝမှာ စိတ်ညစ်စရာတွေ ရှိတော့မှာမဟုတ်ပါဘူး။ စိတ်ညစ်စရာရှိလာရင်တောင် ကိုယ်တိုင်ပျော်ရွှင်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကို သိသွားပါလိမ့်မယ်။

Photo Source: www.pexels.com