လူတိုင်းမှာ အချိန်တန်ရင်ပြန်ကိုပြန်ရမယ့် အိမ်ဆိုတာရှိထားပြီးသားပါ။ ကိုယ်ပိုင်တာပဲဖြစ်ဖြစ်၊ မပိုင်တာပဲဖြစ်ဖြစ် အိမ်ပြန်ချိန်ဆိုတာကိုရောက်လာပြီဆိုရင်တော့ ပြန်ကိုပြန်ရမှာပဲလေ။ အပြင်မှာတွေ့ကြုံလာရတဲ့ စိတ်ညစ်စရာတွေ၊ စိတ်ရှုပ်စရာတွေအားလုံးက အိမ်ကိုပြန်ရောက်တဲ့အခါမှ ပျောက်ကင်းပြီး စိတ်လွတ်ကိုယ်လွတ် အနားယူလို့ရမယ့်နေရာကလည်း အိမ်ပဲဖြစ်ပါတယ်။

အနားယူတဲ့အခါမှာလည်း အနားယူချင်စရာကောင်းတဲ့ အိမ်မျိုးဖြစ်နေဖို့ကလည်း လိုသေးတာပေါ့။ အိမ်ထဲကိုဝင်လိုက်တာနဲ့ အရာအားလုံးကစိတ်ကို ကြည်နူးနေစေဖို့လိုတာကြောင့် ပျိုမေတို့ရဲ့အခန်းလေးတွေကို ပြင်ဆင်ရမယ့်အရာတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သန့်ရှင်းနေအောင်ထားပါ

အိမ်တစ်အိမ်ကကြည့်လိုက်တာနဲ့ အမှိုက်မရှိပဲ သန့်ရှင်းမှုလေးရှိနေမှ စိတ်ကိုလည်းကြည်နူးစေဖို့ ကူညီပေးနိုင်ပြီး ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေမှာပဲဖြစ်ပါတယ်။ ဒါကြောင့် အရင်ဆုံးအခန်းတိုင်းကို သန့်ရှင်းရေးလုပ်ပြီး မလိုအပ်တာတွေကို လွှတ်ပစ်ဖို့လုပ်ပါ။ အမှိုက်တွေ၊ အသုံးမလိုတော့တဲ့ပစ္စည်းအဟောင်းတွေကို လွှတ်ပစ်ပြီးတော့ အခန်းကိုရှင်းနိုင်သလောက်ရှင်းနေအောင် လုပ်ထားဖို့က အရေးကြီးဆုံးပဲပေါ့။

ပစ္စည်းတွေကိုနေရာမှန်အောင်

အခန်းတစ်ခန်းကသပ်ရပ်နေဖို့ဆိုတာ ထားထားတဲ့ပစ္စည်းတွေရဲ့ နေရာမှန်ကန်ဖို့က အရေးကြီးတာကြောင့် ပစ္စည်းတွေကိုနေရာတကျဖြစ်နေအောင် ပြန်စီစဉ်ပြီးအခန်းကိုပြန်ပြီး ပုံဖော်လိုက်ပါ။ ဒီလို လုပ်လိုက်တာကြောင့် အမြင်လည်းဆန်းသစ်သွားပြီး စိတ်ကိုလည်း လန်းဆန်းနေစေဖို့ ကူညီနိုင်မှာပဲဖြစ်ပါတယ်။

အိပ်ယာခင်းတွေကိုလဲပေးဖို့

အိပ်ယာခင်းဆိုတာ ၃ ပတ်ကိုတစ်ခါလောက်ပုံမှန်လဲပေးဖို့ လိုအပ်တဲ့အရာဖြစ်တယ်ဆိုပေမယ့် အိမ်ခန်းတွေကိုသန့်ရှင်းရေးလုပ်ပြီးသွားတဲ့အခါမှာ အရာအားလုံးကအသစ်လိုမျိုး စိတ်မှာထင်စေဖို့ အိပ်ယာခင်းကိုလည်းအသစ်လေးလဲပေးဖို့လိုပါတယ်။ ကိုယ်ကြိုက်တဲ့အရောင်မျိုး၊ ကိုယ်ကိုစိတ်ကြည်နူးစေတဲ့ အရောင်မျိုးဆိုရင် ပိုပြီးတော့အဆင်ပြေစေတာပေါ့။

အမွှေးရနံ့လေးတွေလည်းဖြန်းပေးထားလိုက်ပါ

အိမ်ခန်းတွေကသန့်ရှင်းသွားပြီဆိုပေမယ့် လတ်ဆတ်တဲ့လေထုနဲ့အတူ မွှေးပျံ့တဲ့ရနံ့လေးတွေလည်းရရှိဖို့ဆိုရင် Air Fresher လေးကိုဖြန်းပေးထားမှ ပိုပြီးတော့စိတ်ကိုကြည်နူးစေမှာပါ။ အရမ်းစူးရှတဲ့အနံ့မျိုးတွေကို မရွေးပဲ သင်းသင်းလေးနဲ့မွှေးတဲ့ အနံ့မျိုးဆိုရင်တော့ စိတ်ကိုလည်းလန်းဆန်းစေဖို့ အများကြီးကူညီပေးနိုင်ပါတယ်။

ပန်းအိုးလေးထိုးထားပေးလိုက်ပါ

ပန်းအိုးထိုးထားပေးတာက စိတ်ကိုလည်းပျော်ရွှင်စေဖို့ ကူညီပေးနိုင်ပါတယ်။ ပျိုမေတို့ကြိုက်နှစ်သက်တဲ့ ပန်းအစစ်လေးတွေကို ပန်းအိုးထဲမှာထိုပြီး ဧည့်ခန်းနဲ့ အိပ်ခန်းတွေထဲမှာထားပေးပြီး အလှဆင်ထားမယ်ဆိုရင် ဒီပန်းလေးတွေကြောင့်လည်း အမြင်ကရိုးမသွားပဲ စိတ်ချမ်းမြေ့စရာကောင်းနေမှာပေါ့။

Photo Source: Pinterest