ယနေ့ခေတ်လူတော်တော်များများ ကျန်းမာရေးရဲ့အရေးပါမှုကို သိနားလည်လာပြီး ကျန်းမာရေးအတွက် အားကစားလုပ်တာတွေ စားသောက်နေထိုင်မှုပုံစံတွေပြောင်းလဲတာတွေကို လုပ်ဆောင်လာကြပါပြီ။ဒါပေမဲ့ Gym သွားတဲ့အခါ ခန္ဓာကိုယ်ကြွက်သားတွေ သန်မာလာစေဖို့တစ်ခုပဲ မကြည့်ပါနဲ့။ ကိုယ့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း အထူးဂရုပြုသင့်ပါတယ်။

Gym ဆိုတာလူအများဆုံး ဝင်ထွက်သွားလာတဲ့နေရာတွေထဲ တစ်ခုဖြစ်တာကြောင့် မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေ ကပ်ပါလာနိုင်တယ်ဆိုတာကတော့ ငြင်းစရာမရှိပါဘူး။ ဒါကြောင့် သင့်အနေနဲ့ Gym သွားတော့မယ်ဆိုရင် သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်တွေကို ဝေမျှပေးလိုက်ပါတယ်။

(၁) ကိုယ်ပိုင်ရေဗူး ဆောင်ပါ

Source: freepik.com

Gym သွားတဲ့အခါ မဖြစ်မနေယူသွားရမယ့် ပစ္စည်းတွေထဲမှာ ကိုယ်ပိုင်ရေဗူးကလည်း နံပါတ်တစ်ပါပဲ။ ရေဗူးယူဖို့မေ့လာရင်လည်း ၁ လီတာ ရေသန့်ဗူးအသစ်တစ်ဗူး ဝယ်သွားပါ။ Gym မှာထားပေးတဲ့ ရေဗူးရေခွက်တွေမှာ ပိုးမွှားပေါင်းစုံကပ်ညှိနေနိုင်တဲ့အတွက် အကောင်းဆုံးကတော့ ကိုယ်ပိုင်ရေဗူးဆောင်သွားတာဟာ ကျန်းမာရေးအတွက် အသင့်တော်ဆုံးပါပဲ။

(၂) သန့်ရှင်းတဲ့သဘက် တစ်ထည်ယူသွားပါ

Source : freepik.com

Gym ဆော့တဲ့အခါ ချွေးကအနည်းနဲ့ အများထွက်လာမှာသေချာပါတယ်။ ဒီလိုချွေးထွက်လာတဲ့အခါ လက်နဲ့သုတ်ချမယ်ဆိုရင်တော့ ဘယ်လိုမှအဆင်ပြေမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့လက်ဟာ Gym မှာရှိတဲ့ စက်ပစ္စည်းကိရိယာတွေကို ကိုင်တွယ်ထားတဲ့အတွက် မမြင်နိုင်တဲ့ပိုးမွှားတွေ ရှိနေတတ်ပါတယ်။ ဒါကြောင့်အကောင်းဆုံးက အိမ်ကယူလာတဲ့ သဘက်လေးနဲ့ ချွေးသုတ်မယ်ဆိုရင် အသင့်တော်ဆုံးဖြစ်မှာပါ။

(၃) တစ်ရက်တစ်စုံသာ ဝတ်ဆင်ပါ

Source : ativo.com

Gym ဆော့ရင်ဝတ်တဲ့ အဝတ်အစားတွေကို တစ်ရက်လျှင်တစ်စုံသာ ဝတ်ဆင်သင့်ပါတယ်။ Gym ၁ နာရီလောက် ဆော့တုန်းလေးဝတ်တာပဲ နောက်နေ့ ပြန်ဝတ်လို့ရဦးမှာပါဆိုပြီးတော့ နောက်ရက်မှာ လုံးဝပြန်မဝတ်လိုက်ပါနဲ့။ Gym ဆော့ပြီး အိမ်ပြန်ရောက်တာနဲ့ သေချာလျှော်ဖွတ်ပြီး လှန်းထားမှသာ အနံ့အသက်ကင်းစင်တဲ့ အဝတ်အစားတွေဖြစ်မှာပါ။ လူတစ်ယောက်မှာ Gym ဆော့ရင်ဝတ်ဖို့ အနည်းဆုံးအဝတ်အစား ၃ စုံလောက်တော့ ရှိထားသင့်ပါတယ်။

(၄) Gym မှာစီးမဲ့ဖိနပ်ကို သေချာစွာသန့်ရှင်းပါ

Source : www.self.com

ဖိနပ်တွေဟာ အနံ့အသက်ဆိုးတွေကို ဖြစ်ပေါ်စေတာကြောင့် ကိုယ်အနေနဲ့ Gym ဆော့တဲ့အချိန်မှာ စီးမယ့်ဖိနပ်ကို သန့်ရှင်းပြီးအနံ့အသက် ကင်းနေစေဖို့ ဂရုစိုက်သင့်ပါတယ်။ သင့်ရဲ့ ဖိနပ်က အနံ့အသက်ဆိုးတွေထွက်နေမယ်ဆိုရင် သင့်ကိုယ်သင့်လည်း ယုံကြည်မှုလျော့နည်းမှာဖြစ်သလို ဘေးနားကလူတွေကို စိတ်အနှောက်အယှက်ဖြစ်စေမှာ သေချာပါတယ်။ ဒါကြောင့် Gym မှာစီးမယ့် ဖိနပ်ကိုသေချာစွာ ဆေးကြောသန့်စင်ဖို့ လိုအပ်ပါတယ်။

(၅) Gymကစားပြီးတိုင်း ကိုယ်လက်သန့်စင်ပါ

Source : Birchbox

Gym ဆော့ပြီးပြီဆိုတာနဲ့ အိမ်တန်းပြန်ဖို့ပဲ စိတ်ကူးမနေပါနဲ့။ အရင်ဆုံးကိုယ်လက်သန့်စင်ပြီးမှသာ အိမ်ပြန်ပါ။ Gym မှာရှိတဲ့ ပစ္စည်းကိရိယာတွေဟာ လူအများနဲ့ အတူတူကိုင်တွယ်အသုံးပြုရတာဖြစ်တဲ့အတွက် ကိုယ်ရဲ့လက်တွေမှာ ဘက်တီးရီးယား ပိုးမွှားတွေများစွာရှိနေနိုင်ပါတယ်။ ဒါကြောင့် Gym ဆော့ပြီးတိုင်းမှာ မဖြစ်မနေဆပ်ပြာနဲ့ သေချာစွာဆေးကြောဖို့လိုပါတယ်။

Featured Image Source: virginmediatelevision.ie