မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ ကွန်ပြူတာတွေ ဖုန်းတွေကြည့်ရတာများပြီး မျက်လုံးညောင်းနေကြပြီလား။ မျက်လုံးက သင့်ခန္ဓာကိုယ်မှာ အနူးညံ့ဆုံး အစိတ်အပိုင်းတစ်ခုဖြစ်သလို အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ ဒီလိုအရေးကြီးတဲ့မျက်လုံးကို အနားပေးဖို့လိုအပ်ပါတယ်။ ဖုန်းကို အာရုံစိုက်တာများတဲ့သူတွေဟာ ကြာလာတာနဲ့အမျှ မျက်လုံးကို အနည်းနဲ့အများထိခိုက်နိုင်ပါတယ်။

ဒီတော့ ဖုန်းတွေ ကွန်ပြူတာတွေလည်းကြည့်မယ်။ ပြီးရင် သင့်မျက်လုံးကိုလည်း ဂရုစိုက်ရပါမယ်။ ဂရုစိုက်နိုင်ဖို့ရာ မျက်လုံးလေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မျက်လုံးအဖွင့်အပိတ်လုပ်ပါ

၂ မိနစ်ကြာ အသာလေးနဲ့ မြန်မြန်လေး မျက်တောင်ခတ်ပေးပါ။ ဒါက သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

၂။ ဖန်သားပေါ်က အမည်းစက်လေး

ပြတင်းပေါက်ပေါ်မှာ အစက်တစ်စက် ဆွဲလိုက်ပါ။ ပြတင်းအပြင်ဘက်က အရာဝတ္ထုတစ်ခုကို ရွေးကြည့်ပါ။ ဥပမာ- အပင်တစ်ပင်ကို ရွေးလိုက်တာမျိုးပေါ့။ စက္ကန့်အနည်းငယ်ကြည့်ပြီးတာနဲ့ ပြတင်းမှန်ပေါ်က အမည်းစက်ပေါ်ကို ပြောင်းကြည့်ပါ။ ၅ ကြိမ်ထပ်ခါထပ်ခါ လုပ်ပါ။

၃။ ဧရာမမျက်လုံးကြီး

ခန္ဓာကိုယ်မတ်ပြီးထိုင်ပါ။ ၅ စက္ကန့်လောက် မျက်လုံးကို အတင်းမှိတ်ပါ။ ပြီးတာနဲ့ မျက်လုံးကို ခပ်ကျယ်ကျယ်ပြူးလိုက်ပါ။ ဒါကို ၈ခါကနေ ၁၀ ခါထိ ထပ်ခါထပ်ခါလုပ်ပါ။ ဒီလေ့ကျင့်ခန်းက မျက်ခွံကြွက်သားတွေကို အားအင်ပေးပါတယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး မျက်လုံးကြွက်သားတွေကို အနားပေးပါတယ်။

၎။ လက်ဝါးနွေးနွေးလေး

သင့်မျက်လုံးကို မိနစ်အနည်းငယ်မှိတ်လိုက်ပြီး ကြည်နူးစရာအရာတစ်ခုခုကို ပုံဖော်လိုက်ပါ။ မျက်လုံးမှိတ်ပြီးတွေးနေတဲ့အချိန်မှာ သင့်လက်ဖဝါးနှစ်ဖက်ကို နွေးလာတဲ့အထိပွတ်တိုက်ပေးပါ။ နွေးတာနဲ့ သင့်မျက်လုံးပေါ်လက်ဖဝါးနွေးနွေးလေးကို တင်လိုက်ပါ။ တစ်မိနစ်ကြာပြီးနောက် သင့်မျက်လုံးကို ဖွင့်လိုက်ပါ။

၅။ နှိပ်နယ်ခြင်း

သင့်လက်ချောင်းလေးတွေနဲ့ အပေါ်မျက်ခွံကို အသာလေးဖိပေးပါ။ ၁-၂ စက္ကန့်ကြာပြီးနောက် မျက်ခွံပေါ်က သင့်လက်ချောင်းတွေကိုဖယ်လိုက်ပါ။ သုံးကြိမ်ထပ်ခါထပ်ခါလုပ်ပေးပါ။ ဒီလိုနှိပ်နယ်တာက မျက်ကြည်ရည်ရဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

၆။ ဆန့်ကျင်ဘက်ရေဆေးခြင်း

သင့်မျက်လုံးကို တစ်ရက်မှာနှစ်ကြိမ်ဆေးပေးပါ။ မနက်ပိုင်းမှာ ရေနွေးနွေးလေးနဲ့ ဆေးပါ။ ပြီးတာနဲ့ ရေအေးနဲ့ဆေးပါ။ ညနေခင်းအချိန်မှာတော့ ဒါရဲ့ ပြောင်းပြန်လုပ်ပါ။ ပထမဆုံးရေအေးနဲ့ ဆေးပြီး နွေးနေတဲ့ရေနဲ့ နောက်မှဆေးပါ။

၇။ လက်သည်းပေါ်က မျက်လုံး

သင့်လက်ကို သင့်ရှေ့တည့်တည့်မှာ ထားပါ။ လက်မထောင်ပြီး လက်သည်းခွံကိုကြည့်ပေးပါ။ သင့်လက်ကို နှာခေါင်းဆီဖြည်းဖြည်းလေး ရွှေ့လာပြီး ထပ်ကာ အဝေးဘက်သွားပါ။ မျက်လုံးကတော့ လက်မလက်သည်းခွံကိုပဲ စိုက်ကြည့်နေပါ။  ဒါကို ၁၀ ကြိမ် ထပ်ခါထပ်ခါပြုလုပ်ပေးပါ။

၈။ မျက်လုံးမှိတ်ပြီး စိန်ပြေးလိုက်မယ်

သင့်မျက်လုံးကို ၅ စက္ကန့်ကြာ အတင်းမှိတ်ထားပါ။ ပြီးတာနဲ့ အမြန်ဖွင့်လိုက်ပါ။ ဒါကို ၁၀ ကြိမ်ထပ်ခါထပ်ခါလုပ်ပေးပါ။

၉။ စက်ဝိုင်းပုံစံ

မျက်လုံးသားငယ်အိမ်ကို စက်ဝိုင်းပုံစံလှည့်ပေးပါ။ ၄ ကြိမ် နာရီလက်တံပုံစံလှည့်ပါ။ နောက် ၄ ကြိမ်ကို နာရီလက်တံ့ဆန့်ကျင်ဘက်ပုံစံနဲ့ လှည့်ပေးပါ။

၁၀။ မျက်လုံးလေးကလယ် ကလယ်

သင့်မျက်လုံးကို ဘယ်ကနေ ညာ၊ ညာကနေ ဘယ်ကို ဖြည်းဖြည်းလေး ရွှေ့ပေးပါ။ ဒါကို ၆ ကြိမ်ထပ်ခါထပ်ခါ လုပ်ပေးပါ။

၁၁။ Infinity သင်္ကေတ

သင့်မျက်လုံးကို infinity သင်္ကေတအတိုင်း သွားပေးပါ။ အလယ်ကနေ စပါ။ သုံးကြိမ် ထပ်ခါထပ်ခါပြုလုပ်ပေးပါ။

ဒီတော့ အပေါ်မှာပြထားတဲ့ မျက်လုံးလေ့ကျင့်ခန်းတွေကို လုပ်ပြီး အနားမယူတာကြာတဲ့ သင့်မျက်လုံးတွေကို အနားပေးလိုက်ရအောင်နော်။

Source: Brightside.me