မြန်မာနိုင်ငံတွင် လူငယ်နှင့်ပညာရေး လူမှုအကျိုးပြုမှုပိုင်းဆိုင်ရာလုပ်ငန်းများ တက်ကြွစွာဆောင်ရွက်လုပ်ကိုင်လျက်ရှိသည့် Samsung သည် လက်ဖက်ရည်ဆိုင်များတွင် အလုပ်လုပ်ကိုင်လျက်ရှိသော လူငယ်များအား ပညာသင်ကြားပေးနေသည့် NGO တစ်ခုဖြစ်သည့် Myanmar Mobile Education Project (myME) နှင့် လက်တွဲလာခဲ့သည်မှာ လေးနှစ်တိုင်ခဲ့ပါပြီ။

Samsung Myanmar သည် သုံးနှစ်ဆက်တိုက် ကျောင်းပြင်ပရောက် လူငယ်များ ပညာသင်ကြားရေးအတွက် ရွေ့လျားစာသင်ခန်းကားများနှင့် သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးခဲ့ပြီး ယခုလေးနှစ်မြောက်အနေနှင့် ကွန်ပြူတာနှင့် နည်းပညာဆိုင်ရာ ပညာရပ်များ သင်ကြားရေးအတွက် သင်ကြားမှု အထောက်အကူပြုပစ္စည်းများကို ယခင်လှူဒါန်းထားသော ဘတ်စ်ကားတစ်စီးတွင် ထပ်မံဖြည့်သွင်းပံ့ပိုးလိုက်ကြောင်း ယနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

၂၀၁၅ ခုနှစ်တွင်လှုဒါန်းခဲ့သည့် ဘတ်စ်ကားအား ရန်ကုန်မြို့အတွင်း ကျောင်းပြင်ပရောက် သင်ခန်းစာများသင်ကြားမှုကို အားဖြည့်ရာတွင် အသုံးပြုလျက်ရှိပြီး ၂၀၁၆ ခုနှစ်တွင် လှူဒါန်းခဲ့သောဘတ်စ်ကားအား မန္တလေးမြို့ရှိ လူငယ်များအား စာသင်ကြားရန် အသုံးပြုခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်တွင် လှူဒါန်းခဲ့သည့် ဘတ်စ်ကားအား ရန်ကုန်မြို့အတွင်း ကျောင်းပြင်ပရောက် သင်ခန်းစာများသင်ကြားရန်သာမက အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းများ သင်ကြားပို့ချပေးအပ်ရန်အတွက် အသုံးပြုနေဆဲပါ။

“လက်ဖက်ရည်ဆိုင်တွေမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ပုံဖော်နိုင်အောင် ပံ့ပိုးပေးနေတဲ့ myME နဲ့ အတူ  လက်တွဲလာတာ အခုဆိုရင် လေးနှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ လိုအပ်နေတဲ့ လူမှုဝန်းကျင်နဲ့ နေရာဒေသတွေကို အမြဲကူညီဖို့ အသင့်ဖြစ်နေတဲ့ နိုင်ငံတကာ အမှတ်တံဆိပ်တစ်ခု ဖြစ်တာနဲ့အညီ ကမ္ဘာတစ်လွှားမှာရှိတဲ့ လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကို ပိုမိုကောင်းမွန်တဲ့ အနေအထားကိုရောက်အောင် ပံ့ပိုးသွားဖို့ အသင့်ရှိနေပါတယ်။ အခုလို မြန်မာနိုင်ငံက ကလေးငယ်တွေနဲ့ လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှုကို myME နဲ့ လက်တွဲမှုကတဆင့် တွေ့မြင်နေရတဲ့အတွက် ၀မ်းမြောက်ရပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း myME ကို အနာဂတ်မှာ ဆက်လက်ပံ့ပိုးကူညီနိုင်အောင် အကောင်းဆုံးကြိုးစားသွားမှာပါ။ အခုလို myME မှာ ပညာသင်ကြားနေတဲ့ ကလေးတွေကလည်း နောင်တစ်ချိန်မှာ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေကို အကျိုးပြုနိုင်တဲ့ လူတော်လူကောင်းတွေ ဖြစ်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်။” ဟု လေးနှစ်မြောက်လက်တွဲမှုနှင့် ပတ်သက်ပြီး Samsung Myanmar ၏ PR and Citizenship Manager ဖြစ်သူ ကိုစိုးသူရ မှပြောကြားခဲ့ပါတယ်။

လေးနှစ်မြောက်ပံ့ပိုးမှုအဖြစ် Samsung Myanmar မှ လှူဒါန်းထားသော ကွန်ပြူတာနှင့် နည်းပညာဆိုင်ရာ ပညာရပ်များ သင်ကြားနိုင်ရန်တွက် ပြင်ဆင်မွမ်းမံထားသည့် ရွေ့လျားဘတ်စ်ကားသည် ကွန်ပြူတာအခြေခံ၊ အင်တာနက်နှင့် Social Media အသုံးပြုခြင်း အစရှိသည့်သင်တန်းများအား Pre-Level-II နှင့် Level II Course အတွက် သင်ကြားပေးသွားမှာပါ။ အဆိုပါ သင်တန်း တက်ရောက်ပြီးသော လူငယ်များသည် ကွန်ပြူတာ အသုံးပြုမှုအပါအဝင် အင်တာနက်နှင့် ဆိုရှယ်မီဒီယာ အခြေခံအသုံးပြုမှုဆိုင်ရာ နည်းပညာများအား ၎င်းတို့၏ အနာဂတ် ပညာရေးအတွက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

“လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက Samsung Myanmar နဲ့ ပူးပေါင်းမှုက တကယ့်ကို ကောင်းမွန်တဲ့ အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။ ဒီတစ်နှစ်မှာလည်း လက်ရှိ ဘတ်စ်ကားတစ်စီးအတွက်ကွန်ပြူတာနဲ့ နည်းပညာဆိုင်ရာ သင်ထောက်ကူပစ္စည်းတွေထပ်မံဖြည့်သွင်း လှူဒါန်းတဲ့အတွက် အရမ်းကို ၀မ်းသာရပြီး အားတက်ရပါတယ်။ ဒီ သင်ထောက်ကူပစ္စည်းတွေထပ်မံ ဖြည့်သွင်းထားတဲ့ ဘတ်စ်ကား ကိုရန်ကုန်မြို့အနီးတဝိုက်နေရာတွေမှာ ကွန်ပြူတာ အခြေခံ၊ အင်တာနက်နှင့် ဆိုရှယ်မီဒီယာ အသုံးပြုမှု နဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို သင်ကြားနိုင်ဖို့ အသုံးပြုသွားမှာပါ။“ ဟု myME ၏ စီမံကိန်းဒါရိုက်တာ ကိုတင်မောင်မောင်အေး မှ မီဒီယာများထံသို့ ပြောကြားခဲ့ပါတယ်။

ယခု သင်တန်းအား ရန်ကုန်မြို့အတွင်းရှိ မြို့နယ်များဖြစ်သော ရန်ကင်းမြို့နယ်ရှိ SoyAi Youth Center မှ လူငယ် ၂၅ ဦး၊ myME သင်တန်းနှစ်ခု တည်ရှိရာ ရွှေပြည်သာမြို့နယ်မှ ၂၁ ဦး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ၁၂ ဦး၊ မြောက်ဒဂုံ မြို့နယ် ၃၂ ရပ်ကွက်မှ ၁၂ ဦး၊ သာကေတမြို့နယ်မှ ၄၅ ဦးဖြင့် စုစုပေါင်း ၁၂၁ ဦးတို့ကို အပတ်စဉ် သင်ကြားပေးသွားမည်ဖြစ်ပြီး တစ်လလျှင် ၄၈၄ ဦး တစ်နှစ်လျှင် ၅,၈၀၈ ဦး တို့ကို သွားရောက် သင်ကြားပေးသွားမယ်လို့ သိရှိရပါတယ်။

“တကယ်လို့ myME သာ ကျွန်တော်တို့ဆီ ရောက်မလာခဲ့ဘူးဆိုရင် ကျွန်တော်တို့ဘဝအတွက် လိုအပ်တဲ့ နောက်ထပ်လေ့လာသင်ယူမှု တွေရနိုင်မှာ မဟုတ်ပါဘူး။ အခုတော့ ကြီးလာရင် ဘယ်လိုအလုပ်မျိုးကို လုပ်ချင်တယ်၊နောက်ပြီး ဘယ်လိုအရာတွေ ပိုအားသန်တယ် ပိုစိတ်ဝင်စားတယ်ဆိုတာ သိလာရတဲ့အတွက် myME ကို အရမ်းကျေးဇူးတင်ပါတယ်။” ဟု မြန်မာရွေ့လျားပညာသင်ကြားရေး စနစ်တွင် ပညာသင်ကြားနေသည့် ကျောင်းသား တစ်ဦးဖြစ်ပြီး SoyAi Youth Center တွင် လုပ်ကိုင်နေသည့် လူငယ်တစ်ဦးမှ သူ၏အမြင်ကိုမျှဝေခဲ့ပါသေးတယ်။

Samsung Myanmar ဟာဆိုရင် အထက်ဖော်ပြပါ ပူးပေါင်းမှုသာမက မြန်မာနိုင်ငံ၏ မိုဘိုင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် နှင့် မိုဘိုင်းအပလီကေးရှင်းများ ပြုလုပ်ဖန်တီးနိုင်သည့်အရည်အချင်းရှိ ထူးချွန်လူငယ်များ ပိုမိုထွက်ပေါ်လာစေရန် ရည်ရွယ်သည့် Samsung Tech Institute: Mobile Application သင်တန်းအား မြန်မာနိုင်ငံတစ်ဝန်းရှိ ကွန်ပျူတာတက္ကသိုလ်များနှင့် လက်တွဲကာ ၂၀၁၃ ခုနှစ်မှစတင်ကာ နှစ်စဉ်ဖွင့်လှစ်ခဲ့ပြီး ယနေ့အချိန်အထိ ကျောင်းသားကျောင်းသူပေါင်း ၅၀၀ ကျော်အား သင်ကြားပေးခဲ့ပြီးပါပြီ။

ထို့အပြင် နည်းပညာနယ်ပယ်မှ ကျောင်းသားလူငယ်များအတွက် Samsung Tech Institute: Vocational Training (အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်း) များကိုလည်း ၂၀၁၆ ခုနှစ်မှ စတင်ဖွင့်လှစ်လျက်ရှိပါတယ်။ ယနေ့အချိန်အထိ အဆိုပါ အသက်မွေးဝမ်းကြောင်းသင်တန်းများကို ရန်ကုန်နည်းပညာတက္ကသိုလ်၊ သန်လျင်နည်းပညာ တက္ကသိုလ်၊ တောင်ငူအစိုးရ နည်းပညာအထက်တန်းကျောင်းနှင့် လွိုင်ကော်နည်းပညာ အထက်တန်းကျောင်း တို့တွင် အောင်မြင်စွာဖွင့်လှစ်ခဲ့ပြီးပါပြီ။ ယနေ့အချိန်အထိ အဆိုပါသင်တန်းများမှ ကျောင်းသားကျောင်းသူပေါင်း ၄၀၀ ကျော်ကို မိုဘိုင်းဖုန်း၊ တီဗီနှင့် လေအေးပေးစက်ပြုပြင်နည်းပညာရပ်များအား ပို့ချပေးခဲ့ပြီးဖြစ်တယ်လို့ သိရှိရပါတယ်။

myME အကြောင်း

myME Project ကို နယူးယောက်မြို့နှင့် မြန်မာနိုင်ငံမှ ပညာရေးနှင့်အတူ မြန်မာနိုင်ငံတွင် စစ်မှန်သော ပြုပြင်ပြောင်းလဲမှုများ စတင်လာမည်ဟု နှစ်နှစ်ကာကာ ယုံကြည်ထားသူများတည်ထောင်ထားသော အဖွဲ့ငယ်တစ်ခုက ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ပါတယ်။ ၎င်းအဖွဲ့ကို ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အတတ်ပညာရှင်များ၊ စာရေးဆရာများနှင့် အနုပညာရှင်များဖြင့် စုပေါင်းဖွဲ့စည်းထားပါတယ်။ myME သည် အသွင်ထူးခြားသည့် ပညာရေးနှင့် သင်ယူရေး အစီအစဉ်ကို ဖန်တီးအကောင်အထည်ဖော်ခဲ့ပြီး ယင်းမှတဆင့် လက်ဖက်ရည်ဆိုင်မှ ကလေးသူငယ်များကို ဘတ်စ်ကားစာသင်ကျောင်းများမှတဆင့် ပညာသင်ကြားပေးခြင်းနှင့် အကူအညီများကို ထောက်ပံ့ပေးနေတာပါ။ myME နှင့် ပတ်သက်သော အချက်အလက်များကို www.myMEproject.org နှင့် www.facebook.com/myMEproject တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။