အသီးအနှံတွေမှာသူ့ သဘာဝနဲ့သူ အရောင်အမျိုးမျိုးလာတာကိုတွေ့ရပါတယ်။ အသီးအနှံတွေနဲ့ ပတ်သက်လာရင် အားလုံးကခန္ဓာကိုယ်အတွက်ကောင်းမွန်တာကြောင့် စုံနေအောင်တော့စားပေးသင့်ပါတယ်။ အသီးအနှံတွေထဲကမှ အရသာပိုကောင်းတဲ့အပြင် ကျန်းမာရေးအတွက်လည်း အထောက်အကူပြုနေတဲ့ အဝါရောင်အသီးနှံတွေကို မကြာခဏစားပေးသင့်တဲ့အကြောင်းကို ပြောပြပေးချင်ပါတယ်နော်။

ငှက်ပျောသီး

ငှက်ပျောသီးက မနက်စာအဖြစ်စားပေးဖို့ အသင့်တော်ဆုံးအသီးနှံတစ်မျိုးဖြစ်ပြီး အဝါရောင်အသီးနှံတွေထဲမှာ ကျန်းမာရေးကိုအထောက်အကူပြုပေးနိုင်လို့ စားကိုစားပေးသင့်တဲ့ အသီးနှံလည်းဖြစ်ပါတယ်။ သွေးဖိအားကိုကောင်းမွန်စေတဲ့ ပိုတက်စီယမ်ဓာတ်တွေ ပြည့်ဝစွာပါဝင်နေတဲ့အပြင် မက်ဂနီစီယမ်နဲ့၊ ဗီတာမင်အေ ဗီတာမင်စီတို့လည်း ပါဝင်နေတာကြောင့် စားပေးသင့်ပါတယ်နော်။

သရက်သီး

ကလေးတွေရော၊ လူကြီးတွေပါအရမ်းကို ကြိုက်နှစ်သက်တဲ့အသီးနှံဆိုလည်း မမှားပါဘူး။ အသီးမှာသရက်ဆိုတဲ့စကားအတိုင်းပဲ သရက်သီးကအသီးနှံတွေထဲမှာ အကောင်းဆုံးပါပဲ။ နွေရာသီနဲ့ မိုးရာသီတို့မှာ အရမ်းပေါတာကိုလည်း တွေ့ရမှာပါနော်။ အရသာကလည်း သူများနဲ့မတူအရမ်းကိုထူးခြားပြီးစားလို့ကောင်းတာကြောင့် လူတိုင်းရဲ့အကြိုက်ပေါ့။

သရက်သီးမှာ ဗီတာမင်ဓာတ်မျိုးစုံပါဝင်နေပြီး ကယ်ဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေလည်း ပါဝင်နေတာကြောင့် စားသုံးပေးမယ်ဆိုရင် အာဟာရဓာတ်တွေကို ပြည့်ဝစေမှာပဲဖြစ်ပါတယ်။

နာနတ်သီး

နောက်ထပ်သဘာဝ အရသာတစ်မျိုးလို့ပြောလို့ရပါတယ်။ စားလိုက်တဲ့အချိန်တိုင်းမှာ လတ်ဆတ်တဲ့အရသာကြောင့် လူကိုလည်းလန်းဆန်းသွားစေမှာပဲဖြစ်ပါတယ်။ အာဟာရဓာတ်တွေပြည့်ဝစွာ ပါဝင်နေတာကြောင့် မကြာခဏဆိုသလိုစားပေးသင့်ပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးအနီရောင်ကိုပဲ တော်တော်များများကမြင်ဖူးနေကြတာများပါတယ်။ စားတယ်ဆိုရင်လည်း အနီရောင်ကိုပဲစားတာများတာပေါ့။ ဒါပေမယ့် ခရမ်းချဉ်သီးအဝါရောင်ကတော့ အာဟာရဓာတ်တွေပိုပါဝင်ပြီး မကြာခဏစားပေးဖို့ ကြိုးစားသင့်ပါတယ်။

Photo Source: Pinterest