သင့်ရဲ့အဝတ်ဘီဒိုထဲမှာ အရောင်အသွေးစုံလင်လှတဲ့ အဝတ်အစားမျိုးစုံရှိနေပါလိမ့်မယ်။ ဒါပေမဲ့ ပန်းရောင်ပိုကြိုက်တဲ့သူမှာ ပန်းရောင်အင်္ကျီတွေက အခြားအရောင်တွေထက် ပိုများနေတတ်သလို၊ အမဲရောင်ကြိုက်တဲ့သူမှာလည်း အမဲရောင်အဝတ်အစားတွေ ပိုများနေတတ်ပါတယ်။

ကဲ ဒါဆိုရင် ကိုယ်ကြိုက်တတ်တဲ့အရောင်က ကိုယ့်အကြောင်းကို ဘယ်လောက်တိတိကျကျဖော်ပြနိုင်လဲဆိုတာ အတူတူဖတ်ကြည့်လိုက်ရအောင်နော်။

အပြာရောင်

အင်တာဗျူးဖြေတဲ့အခါ အဝတ်သင့်ဆုံးအရောင်ကတော့ အပြာရောင်ပဲဖြစ်ပါတယ်။ အပြာရောင်ဝတ်ဆင်တဲ့သူတစ်ယောက်က မိမိကိုယ်ကို ယုံကြည်ချက်ရှိတဲ့ သူတစ်ယောက်ဖြစ်သလို အများက ကိုယ့်ကိုယုံကြည်လာအောင်လည်း ကူညီပေးပါလိမ့်မယ်။ အပြာရောင်ကြိုက်နှစ်သက်သူများက ဉာဏ်ရည်ထက်မြက်တယ်၊ တည်ငြိမ်အေးချမ်းတယ်၊ ယုံကြည်စိတ်ချရပြီး ဘယ်အရာကိုမဆို စွမ်းအင်အပြည့်နဲ့လုပ်ဆောင်နိုင်စွမ်းရှိတယ်။

အမဲရောင်

အမဲရောင်ကြိုက်နှစ်သက်သူများက ရည်ရွယ်ချက်ကြီးများတယ်၊ စိတ်ခံစားချက်ကို ဦးစားပေးတဲ့အပြင် စိတ်လှုပ်ရှားလွယ်တတ်ပါတယ်။ ဒါပေမဲ့ မိမိစိတ်ခံစားချက်ကို ဖုံးကွယ်ဖို့ကြိုးစားလေ့ရှိပါတယ်။

အညိုရောင်

အညိုရောင်ဝတ်ဆင်ရတာ ကြိုက်နှစ်သက်သူများက ရှေးရိုးစွဲသူတွေဖြစ်ကြတယ်။ လူကြီးမိဘကို ရိုသေလေးစားဂါရဝတရားထားရှိကြတယ်။ တည်ငြိမ်ပြီး ငြိမ်းချမ်းမှုကိုလိုလားကြတယ်။ အညိုရောင်ဝတ်ဆင်ထားတဲ့သူက ဉာဏ်ရည်ထက်မြက်ပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းမြင့်မားတယ်လို့ သတ်မှတ်ခြင်းခံရတယ်။

ပန်းရောင်

မိန်းကလေးဆန်မှုကို ကိုယ်စားပြုတဲ့အရောင်ကတော့ ပန်းရောင်ပါပဲ။ ပန်းရောင်ကြိုက်နှစ်သက်သူတွေက စိတ်ကူးယဉ်ဆန်တယ်၊ အကောင်းမြင်စိတ်ရှိတယ်၊ ကြင်နာတတ်တဲ့ နှလုံးသားပိုင်ဆိုင်ထားတယ်။ သက်သောင့်သက်သာနေထိုင်ရတာကို ကြိုက်နှစ်သက်တယ်။ မိမိမှန်တယ်ထင်တဲ့အရာတစ်ခုကို နောက်မတွန့်ဘဲ လုပ်ဆောင်ရဲတဲ့သတ္တိရှိတယ်။

ခရမ်းရောင်

ကလီယိုပတ်ထရာဘုရင်မကဆိုရင် ခရမ်းရောင်ကိုအရူးအမူးကြိုက်နှစ်သက်သူတစ်ယောက်ပါ။ အဲ့ဒီခေတ်တုန်းကဆိုရင် မျိုးရိုးအရှိန်အဝါမြင့်မားသူ၊ ချမ်းသာကြွယ်ဝသူများသာ ခရမ်းရောင်ကို ဝတ်ဆင်ခွင့်ရကြပါတယ်။ ခရမ်းရောင်က ချမ်းသာကြွယ်ဝမှု၊ စည်းစိမ်ကျကျနေရမှုတို့ကို ရည်ညွှန်းပါတယ်။ ခရမ်းရောင်ကြိုက်နှစ်သက်သူများက အနုပညာကိုချစ်မြတ်နိုးကြတယ်။ တီထွင်ဖန်တီးနိုင်စွမ်းမြင့်မားတယ်။ စိတ်ခံစားချက်ကိုဦးစားပေးပြီး ဆတ်ဆတ်ထိမခံတတ်သူတွေပါ။ စိတ်ကူးယဉ်ဆန်တတ်ကြတဲ့အပြင် ခန့်မှန်းရလည်း ခက်တဲ့အတွက်ကြောင့် သူတို့နဲ့ပေါင်းသင်းဆက်ဆံရတာ တစ်ခါတလေမှာလည်း လွယ်သလိုလိုနဲ့ တစ်ခါတလေကျတော့လည်း သူတို့ကိုနားလည်ဖို့ တော်တော်ခက်ပါတယ်။

အဖြူရောင်

လွတ်လပ်ခြင်း၊ အပြစ်ကင်းစင်ခြင်း၊ ရိုးရှင်းမှုကို ကိုယ်စားပြုတဲ့အရောင်ကတော့ အဖြူရောင်ပဲဖြစ်ပါတယ်။ အဖြူရောင်ကြိုက်နှစ်သက်သူများက အကောင်းမြင်စိတ်ရှိကြတယ်။ သပ်သပ်ရပ်ရပ်နေထိုင်တတ်ကြပြီး ဘယ်အလုပ်ကိုမဆို စနစ်တကျလုပ်ဆောင်တတ်ကြသူတွေဖြစ်တယ်။

အနီရောင်

အနီရောင်က စွဲလမ်းမှုနဲ့ အာဏာရှိမှု၊ စွမ်းအားကြီးမှုကို ကိုယ်စားပြုပါတယ်။ သင်ကတစ်စုံတစ်ယောက် သင့်ကိုအထင်ကြီးလာအောင် ပြုမူနေချင်တယ် ဆိုရင်တော့ အနီရောင်ဝတ်ဆင်ခြင်းက အသင့်တော်ဆုံးပါပဲ။ အနီရောင် ကြိုက်နှစ်သက်သူများက ထက်မြက်တယ်။ တစ်ခါတလေမှာ မသိမသာနဲ့ တစ်ကိုယ်ကောင်းဆန်တတ်တဲ့ ဉာဉ်ဆိုးလေးတော့ရှိတတ်ကြပါတယ်။

အဝါရောင်

ပျော်ရွှင်ခြင်းအရောင်က အဝါရောင်လို့ လူတိုင်းလက်ခံထားကြပါတယ်။ အဝါရောင်ကြိုက်နှစ်သက်သူများက သွက်လက်တက်ကြွကြတယ်၊ တီထွင်ကြံဆ နိုင်စွမ်းမြင့်မားတယ်၊ စိတ်ကူးယဉ်ဆန်တတ်ကြပြီး စွန့်စားရတာကို ကြိုက်နှစ်သက်ကြတယ်။

အစိမ်းရောင်

အစိမ်းရောင်ကြိုက်နှစ်သက်တဲ့သူတွေမှာ ရှိတတ်တဲ့အရည်အချင်းတွေကတော့ သနားကြင်နာတတ်မှု၊ ဂရုစိုက်တတ်မှုနဲ့ နူးညံ့တဲ့နှလုံးသားကို ပိုင်ဆိုင်ထားသူတွေပါ။ သူတို့က အမြဲတမ်းတက်တက်ကြွကြွရှိပြီး ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းမွန်ပါတယ်။ ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် လည်း စည်းနဲ့ကမ်းနဲ့ သုံးစွဲတတ်သူတွေပါ။

လိမ္မော်ရောင်

လိမ္မော်ရောင်ကြိုက်နှစ်သက်သူများက အကောင်းမြင်စိတ်ရှိတယ်၊ စွမ်းအင်အပြည့်နဲ့ လန်းဆန်းတက်ကြွနေတတ်ကြတယ်။ ပျော်ပျော်ရွှင်ရွှင် နေတတ်ကြတယ်။ ခင်မင်ရင်းနှီးတဲ့သူတွေနဲ့ဆို ပေါတောတောနေတတ်ကြပါသေးတယ်။ ရည်ရွယ်ချက်ကြီးမားပြီး ဘယ်အရာကိုမဆို ချင့်ချင့်ချိန်ချိန်နဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းလည်း မြင့်မားကြပါတယ်။

Photo Source: Pinterest.com