အသိပညာဥာဏ်အလိမ္မာနဲ့ ပြည့်စုံတဲ့ သူတစ်ယောက်ပြုစုပျိုးထောင်ဖို့ဆိုတာ တကယ်မလွယ်ပါဘူး။ သူတစ်ပါးအကျိုးကို ဖြစ်ထွန်းစေချင်တဲ့သူ၊ ကလေးတွေ၊ကျောင်းသားတွေရဲ့ အစွမ်းအစကို အပြည့်အဝဖော်ထုတ်ပေးမယ့်သူတွေဟာ ဆရာ၊ဆရာမတွေနဲ့ ကလေးမိဘတွေပဲဖြစ်ပါတယ်။

ဘာကြောင့် ပညာရေးစိတ် ကလေးတွေ စိတ်ဝင်စားအောင် မိဘတွေအနေနဲ့၊ ဆရာ/မတွေအနေနဲ့၊ လူကြီးလူငယ်တွေအနေနဲ့ ကြိုးစားဖို့ လိုအပ်တာပါလဲ။ နိုင်ငံခေါင်းဆောင်ကြီးတွေ ပြောပြခဲ့တာတွေကို လေ့လာခြင်းအားဖြင့် ကွဲကွဲပြားပြား သိပါလိမ့်မယ် မျှော်လင့်ပါတယ်။ တဆက်တည်းမှာပဲ သူတို့ ပညာရေးအပေါ်ထားတဲ့ စိတ်ထားတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကမ္ဘာကြီးကို ပြောင်းလဲဖို့အတွက် အင်အားအကြီးမားဆုံး လက်နက်ဟာ ပညာရေးဖြစ်တယ်။ (နယ်ဆင်မင်တဲလ်လား)

သိပ်မှန်ကန်တဲ့စကားပါ။ နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေးမကောင်းလေလေ အဲဒီနိုင်ငံရဲ့ ဆင်းရဲ့မှု မြင့်မားလေလေ၊ လူနေမှု အဆင့်အတန်း နိမ့်ပါးလေလေပါပဲ။

၂။ ပညာရေးနဲ့ ပန်းတိုင်ဟာ စိတ်ဓာတ်ကောင်းမွန်ဖို့နဲ့ ယဉ်ကျေးလိမ္မာသူ ဖြစ်ဖို့ပါပဲ။ (မာတင်လူသာကင်း)

လူကိုလူလို့ အသိအမှတ်ပြုတာဟာ စိတ်ဓာတ်ကောင်းမွန်တာဖြစ်ပါတယ်။ ငါနဲ့မတူလို့ ငါ့လောက် အဆင့်အတန်းမရှိဘူးလို့မြင်တာဟာ လူမဆန်တဲ့ အမြင်မျိုးဖြစ်ပြီး စိတ်ထားမပြည့်ဝရာလည်း ရောက်ပါတယ်။ ပညာရေးသာ စဉ်းစားတွေးခေါ်မှုကို အခြေခံပြီး သင်ကြားပေးမယ်ဆိုရင် ကိုယ်နဲ့ လူမျိုးရေးအားဖြင့်၊ ဘာသားရေးအားဖြင့်၊ အတွေးအခေါ်အားဖြင့် မတူစေဦးတော့ လူကို လူလို့သာ သဘေားထားပြီး လူတိုင်းကို တန်းတူတန်ဖိုးထား ဆက်ဆံပြုမူတတ်ကြပါလိမ့်မယ်။

၃။ လေ့လာသင်ယူနေတာကို ရပ်တန့်လိုက်တဲ့သူတွေဟာ လူအိုတွေဖြစ်ပြီး၊ အမြဲလေ့လာသင်ယူနေကြတဲ့သူတွေဟာ လူငယ်တွေဖြစ်တယ်။ (ဟင်နရီဖိုဒ့်)

မြန်မာနိုင်ငံမှာ ကျောင်းပီးသွားလို့ သို့မဟုတ် ဘွဲ့ရသွားလို့ လေ့လာလိုက်စားမှုကို ရပ်တန့်လိုက်ကြတဲ့သူတွေဟာ ဒုနဲ့ဒေးပါ။ ဒါဟာ ကိုယ့်ပညာရပ်ကို လျော့ကျသွားအောင် လုပ်ပစ်လိုက်ကြတာပါပဲ။ ကျောင်းပီးသွားတာနဲ့ ဘာကိုမှ ဖတ်ရှုလေ့လာခြင်း မရှိတော့တာဟာ တိုင်းပြည့်ဖွံ့ဖြိုးတိုးတက်မှုရှိစေမယ့် ထုတ်ကုန်တွေ လျော့ကျသွားခြင်းတစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့် လူအိုတွေအဖြစ်မခံပဲ အမြဲငယ်ရွယ်တက်ကြွနေဖို့ စာဖတ်တာတို့ လေ့လာသင်ယူနေတာတို့ကို အမြဲပြုလုပ်နေသင့်ပါတယ်။

၎။ အနာဂတ်ဟာ ယနေ့အတွက် ပြင်ဆင်နေကြတဲ့ သူတွေကပဲ ပိုင်ဆိုင်ကြတာဖြစ်တယ်။ (မယ်ကွန်း အိပ်စ်)

မြန်မာစကားပုံတွေမှာလည်းရှိပါတယ်။ ယနေ့လူငယ် နှောင်ဝယ်လူကြီးဆိုတဲ့ စကားလေးပါ။ ဒီလူငယ်တွေဟာ အနာဂတ်ကို ပိုင်ဆိုင်ကြမယ့်သူတွေဖြစ်တာကြောင့် ပညာတတ်ဖို့ဆိုတဲ့ ရှုထောင့်အာ အင်မတန်းအလေးထားရမယ့် အမြင်ဖြစ်ပြီး ဒီလူငယ်တွေကို တကယ့်ပညာအရည်အချင်းနဲ့ပြည့်စုံကြအောင်လည်း လုပ်ဖို့လိုအပ်ပါတယ်။ ယနေ့အတွက် ပြင်ဆင်နေကြတဲ့ လူငယ်တွေဟာ အမှားမှားအယွင်းယွင်း ပြင်ဆင်မှုမျိုးကို လုပ်နေမယ်ဆိုရင် လက်ထဲရောက်လာမယ့် အနာဂတ်ဟာ ရလိုချင်စရာအောင် ဖြစ်မယ် မထင်ပါဘူး။

Photo Source: Freepik.com