လက်သည်းကျိုးတဲ့ ခံစားချက်ကဘယ်လောက်ဆိုးလဲ  လက်သည်းရှည်ထားတဲ့ပျိုမေတွေအထူးသိမှာပါ။ ပျိုမေတို့ လက်သည်းတွေက တိုတိုရှည်ရှည် လက်သည်းနီဆိုးဆိုးမဆိုးဆိုး ဘာပဲဖြစ်ဖြစ်ပါ။ တောက်ပကြည်လင်ပြီး မာတဲ့လက်သည်းက ကျန်းမာတဲ့လက်သည်းတစ်စုံကို ကိုယ်စားပြုပါတယ်။ တချို့တွေကတော့ မွေးကတည်းက တောက်ပပြီး မကျိုးလွယ်တဲ့ လက်သည်းတွေကိုပိုင်ဆိုင်ထားပါတယ်။

လက်သည်းကျိုးလွယ်တဲ့ပျိုမေတွေလည်း စိတ်မညစ်ပါနဲ့နော်။ လက်သည်းကို ကျန်းမာစေတဲ့ သဘာဝနည်းလမ်းတွေရှိပါတယ်။ ဒါတွေကတော့-

၁။ ဗီတာမင် အီး

ဘယ်လိုအကျိုးပြုတာလဲ- ဗီတာမင်အီးဟာ ပျက်စီးနေတဲ့လက်သည်းအပေါ်ယံလွှာကို သက်သာစေပါတယ်။ လက်သည်းသွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး လက်သည်းအရှည်မြန်စေပါတယ်။

ပြုလုပ်ပုံ- ကျိုးနေတဲ့ လက်သည်းပေါ်ကို ဗီတာမင်အီးအဆီ လိမ်းပေးပါ။

၂။ အုန်းဆီ

ဘယ်လိုအကျိုးပြုတာလဲ- အုန်းဆီက လက်သည်းဆဲလ်တွေကို ဖျက်ဆီးတဲ့ Free Radical တွေရန်ကနေ ကာကွယ်ပေးပါတယ်။ သူက ဘတ်တီးရီးယားနဲ့ မှိုတွေကိုလည်း တိုက်ထုတ်ပေးပါတယ်။

ပြုလုပ်ပုံ- အုန်းဆီနွေးကို လက်သည်းပေါ်နဲ့ လက်သည်းဘေးက အသားနုပေါ် လိမ်းပေးပါ။ အုန်းဆီကို စုပ်ယူသွားတဲ့အထိ နှိပ်နယ်ပေးပါ။

၃။ ပန်းသီးရှာလကာရည်

ဘယ်လိုအကျိုးပြုတာလဲ- ပန်းသီးရှာလကာရည်က လက်သည်းအရှည်မြန်ပြီး အပေါ်ယံလွှာကို နူးညံ့စေပါတယ်။

ပြုလုပ်ပုံ – ပန်းသီးရှာလကာရည် လဘက်ရည်တစ်ဇွန်းကို ရေနွေးနွေးထဲ လောင်းထည့်ပါ။ အဲ့အရောထဲကို လက်သည်းကိုနှစ်ပေးပါ။ ဒါကို နေ့စဉ်ပြုလုပ်နိုင်ပါတယ်။

၎။ Tea Tree အဆီ

ဘယ်လိုအကျိုးပြုတာလဲ – Tea tree အဆီက မှိုနဲ့ ပိုးမွှားတွေကို ကင်းစင်စေပါတယ်။ Tea Tree အဆီကို တခြားအဆီတစ်မျိုးမျိုးနဲ့ ရောသုံးရပါမယ်။

ပြုလုပ်ပုံ- Tea Tree အဆီနှစ်စက်ကို သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီ လဘက်ရည်ဇွန်း တစ်ဝက်နဲ့ ရောပါ။ လက်သည်းနဲ့ လက်သည်းဘေးက အသားပေါ်ကို လိမ်းပါ။ မိနစ်အနည်းငယ် နှိပ်နယ်ပေးပါ။

၅။ သံပယိုရေ

ဘယ်လိုအကျိုးပြုတာလဲ- သံပယိုသီးက ကော်လဂျင်ထုတ်လုပ်မှုကို အားပေးကာ လက်သည်းကို သန်မာစေတဲ့ ဗီတာမင်စီကြွယ်ဝပါတယ်။ သံပယိုသီးအရည်မှာ ပါဝင်တဲ့ အက်ဆစ်တစ်မျိုးက လက်သည်းကို ကြည်လင်စေပြီး လက်သည်းထဲက သေးငယ်တဲ့ကျိုးပဲ့မှုတွေကိုလည်း ကုစားပေးပါတယ်။

ပြုလုပ်ပုံ- သံပယိုသီးတစ်ဝက်ကို အရည်ညှစ်ပါ။ ရေနွေးနွေးတစ်ခွက်နဲ့ ရောပါ။ ဒီအရောထဲကို လက်သည်းကို ၅-၁၀ မိနစ်ထားပေးပါ။

၆။ သံလွင်ဆီ

ဘယ်လိုအကျိုးပြုတာလဲ- သံလွင်ဆီက လက်သည်းကို အာဟာရဓာတ်ပေးပြီး အစိုဓာတ်ပေးတဲ့ ဆီတစ်မျိုးဖြစ်ပါတယ်။ ဒီအဆီက လက်သည်းပျက်စီးမှုကို သက်သာစေတဲ့ ဗီတာမင်အီးလည်း ကြွယ်ဝပါတယ်။ ပြီးတော့ လက်သည်းအရှည်မြန်စေပါတယ်။

ပြုလုပ်ပုံ- သံလွင်ဆီနွေးနွေးလေးကို လက်သည်းပေါ်လိမ်းပေးပါ။ ၅-၁၀ မိနစ်ကြာ နှိပ်နယ်ပေးပါ။

၇။ ကြက်ဥအနှစ်နဲ့ ပျားရည်

ဘယ်လိုအကျိုးပြုတာလဲ- ကြက်ဥအနှစ်က ဗီတာမင်အေနဲ့ ဖတ်တီအက်ဆစ်ကြွယ်ဝပါတယ်။ ကျိုးလွယ်တဲ့လက်သည်းတွေကို အားပြန်ပြည့်စေပါတယ်။ လက်သည်းအပေါ်ယံလွှာကို အစိုဓာတ်လည်းပေးပါတယ်။ ပျားရည်က မှိုသတ်ပေးတဲ့ ဂုဏ်သတ္တိကို ပိုင်ဆိုင်ပါတယ်။

ပြုလုပ်ပုံ- ကြက်ဥအနှစ်တစ်လုံးကို ပျားရည်နွေးနွေးလေး လဘက်ရည်ဇွန်းတစ်ဝက်နဲ့ ရောပါ။ ဒီအရည်ကို လက်သည်းနဲ့ ဘေးသားတွေကို လိမ်းပေးပါ။ ၁၅ မိနစ်ထားပြီး ဆေးချလိုက်ပါ။

အပေါ်မှာပြောပြထားတဲ့ ပြုလုပ်နည်းတွေနဲ့ လက်သည်းကျိုးခြင်းကို ဒိုးလိုက်တော့လို့ ပြောနိုင်ပါပြီရှင်။

Source: Brightside.me