ပြည်ပခရီးအတွက်ဆိုရင် အနီးဆုံးနဲ့ အမြဲပွဲတော်တွေနဲ့ စည်ကားနေတဲ့ စင်ကာပူကို အကြံပေးပါရစေ။

အမျိုးအစားစုံလင်တဲ့ ပွဲတော်တွေ တစ်ခါနဲ့တစ်ခါမတူအောင်ရှိနေတာ ဘယ်လို ပွဲတော်တွေလဲပေါ့။

စိတ်လွတ်လက်လွတ်ကဲချင်သူတွေအတွက် Music Festival တွေ, အစားအသောက် ခုံမင်တဲ့သူတွေ အတွက် SFF (Singapore Food Festival) တွေ၊ Street ပွဲတော်တွေ၊ လူမျိုးပေါင်းစုံအတွက်စုံလင်တဲ့ ပွဲတော်တွေ၊ အားကစား ၀ါသနာရှင်တွေ အတွက် Sports Event တွေ၊ ညဘက်မှာ အပီကဲချင်သူတို့အတွက် စည်ကားတဲ့ ကလပ်ပွဲတော်တွေဆိုပြီး အများကြီးရှိပါတယ်။

စက်တင်ဘာလအတွက် ဘာပွဲတွေရှိလဲလို့ မေးရင်တော့ တော်တော်စုံစုံရှိနေပါတယ်။

ကျော်ကြားပြီး စိတ်ဝင်စား စရာကောင်းတဲ့ ပွဲတော်တစ်ချို့ကတော့ …

Rainforest Lumina Season 2

စင်ကာပူတိရစ္ဆာန်ရုံက စိတ်ကူးယဉ်ဆန်ဆန် 3D ကမ္ဘာထဲကို ခေါ်သွားမယ့် Rainforest Lumina Season 2 – သူကတော့ ၉ ရက် ဖေဖော်ဝါရီလ ၂၀၂၀ ခုနှစ်အထိ ပြုလုပ်သွားမှာဖြစ်ပြီး လူကြီးလူငယ်မရွေး သွားရောက်ကြတဲ့ ပွဲတော်ပဲ ဖြစ်ပါတယ်။

Chinatown Mid-Autumn 2019

Chinatown က ဆောင်းဦးအကြိုပွဲတော်ကတော့ မီးပုံနီနီတွေကို လမ်းတိုင်းမှာ အလှဆုံးပြင်ဆင်ထားကြပြီး တရုတ်ရိုးရာမုန့်တွေဖြစ်တဲ့ လမုန့်တွေ၊ အချိုပွဲတွေအပြင် အဆင်တန်ဆာတွေကိုပါ ရောင်းချပေးသွားမယ့် စည်ကားတဲ့ ပွဲတော်တစ်ခုလ ည်းဖြစ်ပြီး ၂၈ ရက် စက်တင်ဘာလ အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။

Deepavali (Little India at Singapore) 

နောက်စိတ်ဝင်စားစရာပွဲတော်ကတော့ ဒေ၀ါလီပွဲတော်ပါ။ အိန္ဒိယရိုးရာ ပွဲတော်ဖြစ်ပြီး လမ်းတိုင်းနီးပါး မီးရောင်စုံတွေ ထိန်လင်းနေအောင် ထွန်းကြတဲ့ ကာလပဲ ဖြစ်ပါတယ်။ ရိုးရာအချိုပွဲတွေကို တည်ခင်းဧည့်ခံတဲ့အပြင် ရိုးရာ အကအလှတွေနဲ့ တစ်ညလုံး ကခုန်ဆင်နွှဲကြမယ့် အိန္ဒိယလူမျိုးစုတွေရဲ့ ပျော်စရာကောင်းတဲ့ ရိုးရာ ဓလေ့တွေ ကို တွေ့မြင်နိုင်မှာပါ။ ဒေဝါလီ ပွဲတော်ကိုတော့ ၂၇ ရက် နဲ့ ၂၈ ရက် အောက်တိုဘာလ မှာ နှစ်ရက်တိုင်တိုင် ဆင်နွှဲသွားမှာပဲ ဖြစ်ပါတယ်။

Wonderland at ArtScience Museum

၂၂ ရက် စက်တင်ဘာလ အထိ ArtScience Museum မှာ ကျင်းပသွားမယ့် Wonderland ပွဲတော်လေးကလည်း ကလေးတွေကို လိုက်ပို့ဖို့ ကော မိသားစုတွေအတူတူလည်ပတ်ကြဖို့ပါ အသင့်တော်ဆုံးပါ။ ငယ်ငယ်က အရမ်းကို ကြိုက်ခဲ့ကြတဲ့ Alice in Wonderland ဇာတ်ကားကို  အခြေခံခံထားတဲ့ စိတ်ကူးယဉ်ဆန်ဆန် Artwork တွေကို ခံစားရမှာပါ။

စက်တင်ဘာလမှ မဟုတ်ဘဲ အခြားစိတ်ဝင်စားစရာကောင်းတဲ့  ပွဲတော်တွေကိုလည်း လစဉ်လတိုင်း ကျင်းပပေးနေပါတယ်နော်။

Singapore International Festival of Arts

လက်လွတ်မခံဘဲ သွားသင့်တာက Singapore International Festival of Arts ပွဲပဲ ဖြစ်ပါတယ်။ ထူးခြားဆန်းပြားပြီး စင်ကာပူလူမျိုးတွေရဲ့ ဆန်းသစ်တီထွင်ထားတဲ့ အနုပညာလက်ရာဆန်းတွေအပြင် အနုပညာနဲ့ နည်းပညာပေါင်းစပ်ထားတဲ့ အရာတွေကို ခံစားရမှာဖြစ်ပါတယ်။ စုံလင်တဲ့အကအလှတွေ မြူးကြွတဲ့ သံစဉ်တွေနဲ့ ခြုံလွှမ်းထားပြီး ပြဇာတ်တွေကိုလည်း ရှုစားနိုင် မှာပါ။ ဒီပွဲကတော့ ၁၅ ရက် မေလ ကနေ ၃၁ ရက် မေလ ၂၀၂၀ ခုနှစ်အထိ ကျင်းပပေးသွားမှာပါ။

Christmas Wonderland at Gardens by the Bay 

စင်ကာပူနိုင်ငံရဲ့ ကျော်ကြားတဲ့ Gardens by the Bay မှာ ပြုလုပ်သွားမယ့် Christmas Wonderland ပွဲဟာဆိုရင် လူလုပ်သစ်ပင်မြင့်ကြီးတွေမှာ မီးရောင်စုံတွေနဲ့အတူ မြူးကြွတဲ့သီချင်းတွေနဲ့ တင်ဆက် ခင်းကျင်းပြသသွားမှာ ဖြစ်တဲ့အတွက် ကလေးလူကြီးမရွေး နှစ်ခြိုက်ကြမဲ့ ပွဲတော်ဖြစ်ပြီး ၃၀ ရက် နိုဝင်ဘာလကနေ ၂၆ ရက် ဒီဇင်ဘာလထိ ကျင်းပသွားမှာဖြစ်ပါတယ်။

Wanderland Festival at the Asian Civilisations Museum

လူကြီးတွေကဲဖို့ပဲလား? မဟုတ်ပါဘူး ….. ။

Asian Civilizations Museum မှာ ကျင်းပပြုလုပ်သွားမယ့် Wanderland Festival ဟာဆိုရင် ကလေးတွေလွတ်လပ်စွာ စိတ်ကူးနိုင်ပြီး စိတ်ကူးတွေကို ပုံဖော်ခွင့်ရစေမယ့်အပြင် educational workshop တွေပါ ပြုလုပ်နိုင်မယ့် ဒီပွဲကို ၂၉ ရက် မတ်လ ကနေ ၃၁ ရက် မတ်လ ၂၀၂၀ ခုနှစ် အထိ ကျင်းပပေးသွားမှာပါ။

Carnival ပွဲတွေ၊ ခရစ်စမတ်အထူးအစီအစဉ်တွေ အပြင် စင်ကာပူနိုင်ငံရဲ့ အကျော်ကြားဆုံးစားသောက်ဆိုင်တွေက အစားအသောက်တွေဖြစ်တဲ့ Song Fa’s Bak Kut The၊ ယိုးဒယား အစားအစာဖြစ်တဲ့ Soi Aroy (သို့) Katong Laksa စတာတွေကိုလည်း ဈေးသက်သက်သာသာနဲ့ ရောင်းချပေမဲ့ အစီအစဉ်တွေ စသဖြင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် အစီအစဉ်တွေအများကြီးကို တစ်နေရာထဲမှာ ပျော်ပျော်ပါးပါး လုပ်ဆောင်ခွင့်ရမယ့် အခွင့်အရေးတွေအများကြီးက စောင့်ကြိုနေမှာပါ။

စင်ကာပူနိုင်ငံဟာ ပျော်ပျော်ပါးပါးမိသားစုနဲ့ သွားလည်ချင်လို့ပဲဖြစ်ဖြစ်၊ ကလေးတွေကို ထူးထူးခြားခြား Activities တွေရှိတဲ့ ပွဲတော်တွေကို လိုက်ပို့ချင်တာပဲဖြစ်ဖြစ်၊ Music Festival တွေမှာ အပီကဲချင်သူတွေအတွက်ပဲဖြစ်ဖြစ်၊ Foodie တွေ အတွက် စားမကုန်နိုင်တဲ့  အစားအသောက်ပွဲတော်ကြီးတွေကို မလွတ်ချင်သူတွေအတွက်ပဲဖြစ်ဖြစ် မဖြစ်မနေသွားရောက်လည်ပတ်သင့်တဲ့  နေရာတစ်ခုပဲဖြစ်ပါတယ်။

ကဲ…ဒီလောက်ဆိုရင်… ဒီနှစ်အတွက် ကျန်ရှိနေတဲ့ အချိန်တွေမှာ လည်ပတ်ဖို့ အစီအစဉ်ကို ကြိုဆွဲထားလို့တောင် ရနေပြီနော်…