America’s Got Talent ၊ Britain’s Got Talent ၊ The X Factor ၊ The You Generation အစရှိတဲ့ ရုပ်သံရှိုးပွဲတွေမှာ ဒိုင်အဖြစ်ရော ပရိုကျူစာအဖြစ်ဆောင်ရွက်နေတဲ့ Simon Cowell ဟာ အခုဆိုရင် ဒေါ်လာသန်းပေါင်းများစွာ ချမ်းသာနေပြီဖြစ်ပါတယ်။

အခုလို အောင်မြင်မှုတွေရနေပြီး ကမ္ဘာကျော်အောင် အောင်မြင်နေပြီဖြစ်တဲ့ ဆိုင်မွန်ဟာ အောင်မြင်မှုတွေကို အလွယ်တကူ ရယူနိုင်ခဲ့တာတော့မဟုတ်ပါဘူး။

မိသားစု

ဆိုင်မွန်ကို ၁၉၅၉ ခုနှစ်အောက်တိုဘာလ ၇ ရက်နေ့က လန်ဒန်မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ မိခင်ဖြစ်သူကတော့ ဘဲလေအကမယ်တစ်ဦးဖြစ်ပြီး ဖခင်ကတော့ ဂီတလုပ်ငန်းအမှုတောင်တစ်ဦးဖြစ်သလို အိမ်ခြံမြေလုပ်ငန်းနဲ့ပတ်သက်ပြီးလည်း လုပ်ကိုင်သူတစ်ဦးဖြစ်ပါတယ်။

ဆိုင်မွန်မှာ ညီတစ်ယောက်ရှိပြီး ညီအကိုဝမ်းကွဲ ၄ ယောက်ရှိပါတယ်။ ၂ ယောက်က သူ့မိခင်အရင်အိမ်ထောင်ကဖြစ်ပြီး ကျန် ၂ ယောက်က ဖခင်အရင်အိမ်ထောင်နဲ့ ရတဲ့ကလေးပါ။

Simon Cowell ရဲ့ ဘ၀အစ

ဆိုင်မွန်ရဲ့ ဘ၀အကြောင်းစပြောပါမယ်။ ဆိုင်မွန်ဟာ အခုလိုအောင်မြင်ကျော်ကြားတဲ့ ထုတ်လုပ်သူတစ်ဦးမဖြစ်ခင် သူ့အဖေအစီအစဉ်နဲ့ အင်တာဗျူတော်တော်များများ လျှောက်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ စတူဒီယိုတစ်ခုမှာ တောက်တိုမယ်ရအလုပ်ကို စပြီးလုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၀န်ထမ်းတွေနဲ့ သဟဇာတမဖြစ်တာမို့ အဲဒီကနေမှထွက်လိုက်ပြီး EMI ဂီတလုပ်ငန်း ကုမ္ပဏီက စာပို့စာယူ(Mailroom) မှာ အလုပ် လုပ်ကိုင်ခဲ့ပါသေးတယ်။ အဲဒီကနေ ထွက်လိုက်ပြီး သူ့အဖေလုပ်ငန်းမှာ ၀င်လုပ်ခဲ့ပြန်ပါတယ်။

ဂီတလုပ်ငန်း စတင်ခြင်း

ဆိုင်မွန်ဟာ ဂီတနဲ့ ရုပ်မြင်သံကြားမှာ စိတ်ဝင်စားတဲ့သူတစ်ဦးဖြစ်ပြီး ၁၉၇၉ ခုနှစ်မှာတော့ EMI က သူ့ကိုပြန်လာလုပ်ဖို့ ခေါ်ခဲ့ပါတယ်။ အဲဒီမှာ Pete Waterman နဲ့ တွေ့ဆုံခဲ့တာကြောင့် ဂီတလုပ်ငန်းကို စတင်လျှောက်လှမ်းခဲ့တာပါ။

၁၉၈၀ ခုနှစ်အစောပိုင်းမှာ အဲဒီကနေ အလုပ်ထွက်လိုက်ပြီး E&S ဂီတကို သူ့ရဲ့ သူဌေးဖြစ်သူ Ellis Rish နဲ့ တည်ထောင်ခဲ့ပေမယ့် နှစ်အနည်းငယ်လောက်အကြာမှာတော့ ဆိုင်မွန်က အဲဒီကုမ္ပဏီကနေ ထွက်လိုက်ပါတယ်။ ၁၉၈၅ ခုနှစ်မှာတော့ Fanfare တေးသံသွင်းကို တည်ထောင်ခဲ့ပြီး So Macho နဲ့ Toyboy သီချင်းတွေနဲ့ အောင်မြင်မှု စတင်ရရှိပါတယ်။ ဒါပေမယ့်လည်း ငွေရေးကြေးရေးအခက်အခဲကြောင့် ၁၉၈၉ ခုနှစ်မှာ ကုမ္ပဏီကို ဖျက်သိမ်းခဲ့ရပြန်ပါတယ်။

အဲဒီနှစ်နောက်ပိုင်းမှာ BMG တေးသံသွင်းမှာ အကြံပေးအနေနဲ့ လုပ်ခဲ့ပြီး အဲဒီကုမ္ပဏီအတွက် အနုပညာရှင်အသစ်တွေ အရည်အချင်းတွေကို အကဲဖြတ်ပေးရတာပါ။ သူဟာ Robson Green နဲ့ Jerome Flynn တို့လို အနုပညာရှင်ကို မွေးထုတ်ပေးခဲ့တဲ့သူပါ။

Westlife ရဲ့ ပဲ့ကိုင်ရှင် Simon

ဆိုင်မွန်ဟာ ကမ္ဘာကျော် အမျိုးသား ဂီတအဖွဲ့ဖြစ်တဲ့ Westlife ရဲ့ ပဲ့ကိုင်ရှင်လည်းဖြစ်ပါတယ်။ အရင်က အဲဒီအဖွဲ့မှာ အဖွဲ့ဝင် ၆ ဦးရှိပြီး Six as One ဆိုတဲ့ နာမည်နဲ့ စပြီးလုပ်ရှားခဲ့တာပါ။ ၁၉၉၇ ခုနှစ်မှာ IOYOU ဆိုတဲ့နာမည်နဲ့ လှုပ်ရှားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ Cowell က အဲဒီအဖွဲ့ဝင်ထဲက ၃ ဦးကို ရုပ်ဆိုးလို့ဆိုပြီး ထုတ်လိုက်ပါတယ်။ ပြီးတော့မှ Nicky Byrne နဲ့ Brian McFadden ကို အဖွဲ့ဝင်အဖြစ် ထပ်ထည့်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ westlife ဆိုပြီး စတင်ဖွဲ့စည်းလိုက်တာပါ။ အဲဒီနောက်ပိုင်း ကမ္ဘာကျော်အောင် အောင်မြင်လာခဲ့ပြီး အဲဒီ Westlife အဖွဲ့ရဲ့ Single နဲ့ Album ခွေ သန်းပေါင်းများစွာရောင်းချရတဲ့နေ့မှာပဲ သူ့ဖခင် ကွယ်လွန်ခဲ့တာပါ။

ဒိုင်တစ်ဦးအနေနဲ့ ကမ္ဘာကျော်လာတဲ့ ဆိုင်မွန်

နောက်ပိုင်းမှာတော့ Pop Idol ဆိုတဲ့ ဗြိတိန် သီချင်းဆိုပြိုင်ပွဲမှာ ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီ Pop Idol က ၂၀၀၃ ခုနှစ်ထိ ပြသခဲ့တာပါ။ ဆိုင်မွန်ဟာ အဲဒီသီချင်းဆိုပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေကို ပြင်းပြင်းထန်ထန် နဲ့ မညှာမတာ ပျစ်ပျစ်နှစ်နှစ် ဝေဖန်မှုတွေကြောင့် နာမည်ဆိုးနဲ့ စပြီး ကျော်ကြားလာခဲ့ပါတယ်။

၂၀၀၂ ခုနှစ်မှာတော့ Syco Entertainment ကို တည်ထောင်ခဲ့ပြီး The X Factor နဲ့Got Talent ရှိုးတွေကို စတင် ဖန်တီး ထုတ်လုပ်ခဲ့တာပါ။ အရင်က American Idol မှာလည်း ဒိုင်အဖြစ်ဆောင်ရွက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာ နှုတ်ထွက်ခဲ့ပါတယ်။

၂၀၀၄ ခုနှစ်မှာ အရမ်းအောင်မြင်ကျော်ကြားတဲ့ The X Factor သီချင်းဆိုပြိုင်ပွဲကို စတင်ပြုလုပ်ခဲ့ပြီး ကမ္ဘာကျော်အောင် အောင်မြင်ကျော်ကြားလာခဲ့ပါတယ်။ သူဟာ သမာရိုးကျအဆိုပြိုင်ပွဲတွေကို အသွင်ပြောင်းအောင် တီထွင်ခဲ့သူတစ်ဦးဖြစ်ပြီး သူ့အရည်အချင်းကတော့ လူတစ်ယောက်ကို ကြည့်လိုက်တာနဲ့ ဒီလူအောင်မြင်မယ် မအောင်မြင်ဘူးဆိုတာကို ပြောဆိုနိုင်တဲ့အစွမ်းပါပဲ။

အခုလို The X Factor သီချင်းဆိုပြိုင်ပွဲအောင်မြင်လာတာကြောင့် သီချင်းဆိုတဲ့စွမ်းရည်ကိုသာမက တခြား ထူးချွန်တဲ့ စွမ်းရည်တွေကိုပါ ပြသယှဉ်ပြိုင်လို့ရတဲ့ America’s Got Talent ကို ၂၀၀၆ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ Britain’s got talent ကိုစတင် ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း တခြား America Inventor, Rock Rivals နဲ့ Red or Black? စသဖြင့်ရှိုးတော်တော်များများကိုလည်း ထုတ်လုပ်ခဲ့ပါတယ်။

ဆိုင်မွန်ဟာ ဟာ အပြောအဆို ပြင်းထန် ကြမ်းရှလွန်းလို့ တချို့ ပြိုင်ပွဲဝင်တွေဆို မျက်ရည်စက်လက် ဖြစ်ခဲ့ကြရပါတယ်။ နှစ် ၂၀ ကျော်လောက် ဂီတလမ်းကြောင်းမှာ အောင်မြင်လိုက် ကျရှုံးလိုက်နဲ့ ရုန်းကန်လာခဲ့ရပေမယ့် အခုဆိုရင် သူဟာ ဒေါ်လာ သန်းပေါင်းများစွာ ချမ်းသာကြွယ်ဝနေသူတစ်ဦးဖြစ်နေပါပြီ။

လက်ရှိအိမ်ထောင်ရေး

မိန်းကလေးတော်တော်များများနဲ့ လူမှုရေးအရှုပ်အရှင်း သတင်းတွေထွက်ခဲ့တဲ့ ဆိုင်မွန်ဟာ လက်တော့မထပ်ရသေးပါဘူး။

၂၀၁၂ ခုနှစ်က မိတ်ကပ်ပညာရှင်တစ်ဦးနဲ့ စေ့စပ်မယ်လို့ ကြေညာခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ Lauren Silverman နဲ့ Eric ဆိုတဲ့ သားလေးတစ်ယောက် ရရှိထားပါတယ်။