ခေတ်တွေပြောင်းလာတာတဲ့အညီ အရင်မျိုးဆက်တွေနဲ့ ဒီဘက်ခေတ်မျိုးဆက်တွေဟာ စာတွေအပေါ်မှာ ထားတဲ့ သဘောထားအမြင်တွေကလည်း ပြောင်လဲလာကြပါတယ်။ ဆယ်ကျော်သက်လေးတွေကို နားလည်နိုင်ဖို့ ဘယ်လိုဆက်ဆံပေါင်းသင်းရမလဲဆိုတာတွေကအစ အရင်ခေတ်နဲ့ ကွာခြားသွားပါပြီ။ ဒါဟာ ကောင်းတဲ့အချက်တွေ များစွာပါရှိသလို အားနည်းချက်တွေကလည်း များစွာပါပဲ။

ကိုယ်က လူကြီးတစ်ယောက်အနေနဲ့ သူတို့ကို လမ်းညွှန်ပေးရတော့မယ်။ သူတို့ရဲ့ တန်ဖိုးထားမှုတွေ၊ ဘဝအတွက် အရေးကြီးတဲ့ အချက်တွေကို သင်က မှန်မှန်ကန်ကန် လမ်းပြပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဘယ်လို လမ်းညွှန်ပေးမလဲ။ သူတို့စိတ်ဝင်စားတဲ့အရာတွေကို ပြုလုပ်စေချင်းအားဖြင့် သူတို့ကို စတင်လမ်းညွှန်မှု ပေးသင့်ပါတယ်။ စာနဲ့ ပတ်သက်တယ်ဆိုရင်လည်း သူတို့စိတ်ဝင်စားတဲ့ ဘာသာရပ်က စပြီးလေ့လာစေမယ်ဆိုရင် သူတို့တွေ စာလုပ်ရတာ ပျော်ကြပါလိမ့်မယ်။

ဆယ်ကျော်သက်တွေကို စာထဲစိတ်ဝင်စားလာအောင် လုပ်တော့မယ်ဆိုရင် သိထားရမယ့်အရာတွေကို ဆွေးနွေးတင်ပြသွားပါမယ်။

၁။ သူတို့ရဲ့ ခံစားချက်ကို နားလည်အောင် လုပ်ပါ။

ကလေးတွေဟာ စိတ်လှုပ်ရှားခံစားလွယ်တတ်တဲ့ အရွယ်ကလေးတွေဖြစ်လို့ သူတို့ဘယ်လိုခံစားနေကြရတယ်၊ ဘယ်လို တွေးခေါ်ရှုမြင်နေကြတယ်ဆိုတာကို နံပါတ်တစ် သိအောင်၊နားလည်အောင် လုပ်ရပါလိမ့်မယ်။ သင်တို့တိုင် သူတို့နေရာမှာ ကလေးတစ်ယောက်လို ကိုယ့်ကိုယ်ကို သဘေားထားပြီး ကလေးတွေကို ကိုယ်ချင်းစာ ကြည့်ဖို့ကို ဆိုလိုတာပါ။ ဒါလေးတွေ သိထားဖို့လိုပါတယ်။

  • ကလေးတစ်ယောက်ဟာ ဘာကြောင့်မို့ စာလုပ်ချင်စိတ် ရှိမနေရတာလဲ။ ဒါကို သေသေချာချာ အဖြေရှာပါ။
  • ဘာတွေကများ ကလေးကို စာမလုပ်နိုင်အောင် တားဆီးပိတ်ပင်နေတာလဲ။
  • သူအားနည်းတဲ့ဘာသာရပ်ကို လေ့လာရမှာ ကြောက်စိတ်ဝင်နေလို့လား။ စိတ်မဝင်စားလို့လား။

စသည့်ဖြင့် ကလေးမှာ ဖြစ်နေနိုင်တဲ့ ပြဿနာတွေကို သင်အရင် ဖော်ထုတ်ဖို့လိုအပ်ပါ။

၂။ ကိုယ်တိုင် ကလေးတွေနဲ့အတူ စာလုပ်ကူပါ။

ကလေးတွေဟာ တစ်နေကုန်အောင် ကျောင်းမှာ စာသင်ခဲ့ကြရတာဖြစ်လို့ အိမ်မှာ စာတစ်ယောက်တည်းထိုင် လုပ်ဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်။ သူတို့ကို စာတွေလုပ်ကြလို့ ပြောယုံနဲ့မပြီးပါဘူး။ သင်ကိုယ်တိုင် သူတို့နဲ့အတူ စာကူလုပ်တာဟာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

  • သင်ကလေးနဲ့အတူထိုင်ပြီး သူတို့ ဘာတွေလေ့လာစရာရှိသလဲဆိုတာကို မေးပါ။ လုပ်စေပါ။ ပြီးတော့ သူတို့အတွက် ခက်ခဲတဲ့အကြောင်းအရာတွေရှိလာရင် ရှင်းပြပေးပါ။
  • သူတို့အတွက် သင်ကိုယ်တိုင် မကူညီပေးနိုင်ဘူးဆိုရင် သူတို့ကို ကူညီသင်ပြပေးနိုင် မယ့် ဆရာတစ်ယောက်ယောက် ငှားပါ။

၃။ ကလေးတွေကို ဆူဆုံးမတာကဘယ်တော့မှ အလုပ်မဖြစ်ဘူးဆိုတာ သတိထားပါ။

ကလေးတွေလုပ်မိတဲ့ မဖြစ်စလောက် အမှားလေးကို ထောက်ပြဆုံးမနေတာက ကြီးမှားတဲ့ ကောင်းကျိုး မဖြစ်စေပါဘူး။ သူတို့ကို အမြဲဆူပူကြိမ်းမောင်နေမယ်ဆိုရင် သူတို့ဟာ သင်နဲ့ဘယ်တော့မှ စိတ်ချင်းနှီးဆက်မှာ မဟုတ်တော့တဲ့အပြင် သင့်စကားကိုတောင် နားထောင်တော့မှာ မဟုတ်ပါဘူး

  • အဲတော့ ကလေးတွေအပေါ် ကြင်ကြင်နာနာ ညင်ညင်သာသာ ဆက်ဆံပါ။ ပြောစရာ၊ သင်ပြစရာတွေကို နားဝင်ချိုအောင်ပြောဆုံးထောက်ပြပါ။
  • ဘာဖြစ်လို့ သင် သူတို့ကို လုပ်စေခြင်တယ်ဆိုတာကို သူတို့နားလည်အောင် ရှင်းပြပါ။
  • သူတို့နဲ့ ဆွေးနွေးသဘောတူညီမှုယူတာဟာ ဆူဆုံးမတာထက် အများကြီး ထိရောက်မှုရှိပါတယ်။

၎။ သူတို့အပေါ်မှာ အများကြီး မမျှော်လင့်ထားပါနဲ့။

ပထမဆုံးအကြိမ်မှာတော့ အများကြီးမျှော်လင့်ထားလို့ မဖြစ်နိုင်သေးပါဘူး။ သင်ဟာ ကလေးတွေအပေါ် မျှော်လင့်ချက်ကြီးကြီးမားမားတစ်စုံတရာ ထားနေပြီဆိုရင် သူတို့တတွေ အဲဒီဖိအားကို ခံရမှာဖြစ်ပါတယ်။

  • ကလေးတွေ ပုံမှန်လေ့လာနေဖို့ကိုပဲ ဦးစားပေးလေ့လာစေပါ။
  • ကိုယ့်ကလေးတွေ လစဉ်ရည်မှန်းချက်လေးတွေ ထားတတ်အောင် သင်ပေးပါ။
  • သူ့ရည်မှန်းတစ်ခုပြီးမြောက်သွားတိုင်း နောက်ထပ်တစ်ခု ချမှတ်တတ်အောင် သင်ပေးပါ။

ကလေးတွေကို ဆုံးမတာဟာ သင်ဖြစ်ချင်တာကို သူတို့ကိုလုပ်ခိုင်းနေတာ မဟုတ်ဘူးဆိုတာကိုလဲ သတိချပ်ဖို့လိုအပ်ပါ။ သူတို့ဖြစ်ချင်တာတွေဖြစ်လာအောင် သင်က လမ်းညွန်မှုပေးတာသာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သင့်ရဲ့လမ်းညွန်မှုကောင်းရင် သူတို့ဘဝများစွာ ပြောင်းသွားနိုင်ပါတယ်။

Photo Source: Freepick.com