မင်္ဂလာပါ MyStyle Myanmar ကိုအားပေးကြတဲ့ ပျိုမေတို့ရေ။ မကြာခင်သင်္ကြန်အချိန်အခါသမယကို ကျရောက်တော့မှာပါ။ အပြင်လျှောက်လည့်မယ့်သူတွေရှိမယ်။ မဏ္ဍပ်ထိုင်မယ့်သူတွေရှိမယ်။ တရားစခန်းဝင်မယ့်သူတွေရှိမယ်။ အိမ်တွင်းပုန်းမယ့် ကောင်မလေးတွေလည်းရှိမှာပါ။

ဒါပေမဲ့ တစ်နှစ်မှာတစ်ခါပဲကျင်းပတဲ့ သင်္ကြန်ပွဲကိုတစ်ရက်လောက်တော့ ပျိုမေတို့ဆင်နွှဲသင့်ပါတယ်။ သင်္ကြန်တွင်းမှာ အားလုံးသတိထားမိမှာက စတိုင်အရမ်းမိပြီး လှနေတဲ့ကောင်မလေးတွေကိုပါ။

သင်လည်း ဒီနှစ်သင်္ကြန်မှာ အလှဆုံးတွေထဲက တစ်ယောက်ဖြစ်ဖို့ ဘယ်လိုဝတ်ရမလဲဆိုတာကို ပြောပြပါ့မယ်နော်။

၁။ အရောင်တောက်တဲ့ဝတ်စုံ(အဝါ)

အရောင်တောက်တောက်တွေဘာလို့ရွေးချယ်သင့်လဲဆိုတော့ လူတွေကြားထဲမှာ ပေါ်လွင်အောင်ပါ။ သင်္ကြန်ကို ကိုယ်စားပြုတာက ပိတောက်ပန်းပါ။ ပိတောက်က အဝါရောင်မို့ အဝါရောင်လေးဝတ်ရင်တော့ ပွဲတော်ကို ကိုယ်စားပြုပြီး လူတွေကြားထင်းနေမှာပါ။ အမှတ်တရ ဓာတ်ပုံရိုက်တဲ့အချိန်မှာလည်း လင်းတဲ့အရောင်တွေက သင့်ကို တောက်ပစေမှာပါ။ ဧပရယ်လ နေမင်းကြီးရဲ့ အလင်းရောင်အကူအညီနဲ့အတူ တောက်ပတဲ့ဝတ်စုံတွေက သင့်ကို အလှဆုံးဖြစ်စေမှာပါ။ အနီရောင်အပြာရောင်ဝတ်စုံတွေကလည်း အရောင်လင်းတဲ့အထဲပါဝင်ပါတယ်။

၂။ အနွေးထည်အရှည်

Source: RaverRafting

Source: tothetee.wordpress.com

သင်္ကြန်လည်ရင်း အသားမည်းသွားတဲ့ ဒုက္ခကိုတော့ ပျိုမေတိုင်း ခံစားဖူးမှာပါ။ စတိုင်ပညာရှင်တွေက အပေါ်အင်္ကျီ အောက်ဘောင်းဘီ သို့မဟုတ် ထဘီပါရုံနဲ့ စတိုင်ကျတယ်မခေါ်ပါဘူးတဲ့။ အပေါ်ထပ်အင်္ကျီထည့်ပေါင်းလိုက်မှ စတိုင်ကျတဲ့ ဝတ်စုံတစ်ခုကို ရစေတယ်လို့ပြောကြပါတယ်။ ဒီတော့ပျိုမေတို့ စတိုင်ကျဖို့အပြင် နေပူဒဏ်ကိုပါ ကာကွယ်ဖို့ အနွေးထည်အရှည်လေး ထပ်ဝတ်သင့်ပါတယ်။ အနွေးထည်ဆိုပေမယ့် အပါးသားကိုပဲ ရွေးကြပါနော်။ ရေစိုလို့ အင်္ကျီလေးတာက တစ်မျိုး နေပူလို့ အိုက်တာကတစ်မျိုးဆိုရင် သင့်အတွက် သက်တောင့်သက်သာဖြစ်စေမှာမဟုတ်ပါဘူး။

၃။ ဂျက်ကတ်အင်္ကျီ

အနွေးထည်မဝတ်ချင်တဲ့ ပျိုမေတွေကတော့ အပေါ်ထပ်ဂျက်ကတ်နဲ့ဆိုပြည့်စုံသွားမှာပါ။ ဂျက်ကတ်ထဲမှာမှ Leather ဂျက်ကတ်ကို ရွေးချယ်သင့်ပါတယ်။ အနက်ရောင်ဂျက်ကတ်ကို ရွေးချယ်နိုင်သလို အနီရောင်ကလည်း သင့်ကို ဆွဲဆောင်မှုရှိစေပါတယ်။

၎။ အဖြူရောင်တီရှပ်

သင်္ကြန်မှာ တချို့ကတော့ ဗိုက်ပေါ်အင်္ကျီတွေဝတ်ကြပါတယ်။ သင်က ဒီလိုအင်္ကျီမျိုးမဝတ်ရဲရင် အဖြူရောင်တီရှပ်ကို ရွေးချယ်နိုင်ပါတယ်။ အဖြူရောင်က သင့်ကို ပေါ်လွင်စေပြီး ပူလောင်မှုဒဏ်လည်း သက်သာပါတယ်။ အရိုးဆုံးက အဆန်းဆုံးဆိုတာ သင်ကြားဖူးမှာပါ။ တီရှပ်ကို ခါးနေရာစည်းတာဖြစ်ဖြစ် ပုံစံအမျိုးမျိုး လုပ်ဝတ်နိုင်ပါတယ်။ အဖြူရောင်ကို အသားမပါးလွန်းဖို့တော့ သတိပြုရမှာပါ။ အတွင်းခံအရောင်ကိုလည်း ရေစိုလာရင် အရာထင်လာမှာမို့ သတိထားဝတ်သင့်ပါတယ်။

၅။ ဦးထုပ်နှစ်သက်သူများအတွက်

Source: You Tube

သင်က ဦးထုပ်ဆောင်းရတာ သဘောကျသူဆိုရင်တော့ ဦးထုပ်နဲ့လိုက်ဖက်တဲ့ ဆံပင်စတိုင်တွေကို သိဖို့လိုအပ်ပါတယ်။ ဦးထုပ်နဲ့အထူးလိုက်ဖက်တဲ့ ဆံပင်စတိုင်ကတော့ ကျစ်ဆံမြီးကျစ်တာပါ။ သင်္ကြန်မှာ ကျစ်ဆံမြီးကျစ်တာက ဟိုးအရင်ကတည်း ခေတ်စားခဲ့တာပါ။

၆။ ကျစ်ဆံမြီးကျစ်ပါ

Source: Dani Noe

ဆံပင်အရှည်ကို ချထားတာကလည်း တစ်မျိုးလှပါတယ်။ ဒါပေမဲ့ရေစိုတဲ့အချိန် သင့်ဆံပင်ကို ထိန်းသိမ်းဖို့ ခက်သွားပါပြီ။ ဒီတော့ကျစ်ဆံမြီးကျစ်လိုက်တာက အမြင်တစ်မျိုးဆန်းစေပါတယ်။

၇။ နေကာမျက်မှန်

ရေစိုတာနဲ့ နေပူတာကို ခံနိုင်ဖို့ မျက်မှန်တပ်သင့်ပါတယ်။ မျက်မှန်တပ်တဲ့ ကောင်မလေးတစ်ယောက်က အထာကျပါတယ်နော်။ မျက်မှန်အရောင်စုံ ရွေးချယ်တပ်သင့်ပါတယ်။

၈။ နှုတ်ခမ်းနီအရောင်တောက်တာဆိုးပါ

အလှဆုံးဖြစ်ပြီး ထင်ပေါ်နေဖို့ တောက်ပတဲ့နှုတ်ခမ်းတစ်စုံကလည်း အရေးပါပါတယ်။ အရောင်ထင်းတဲ့ နှုတ်ခမ်းနီမျိုးကို ရွေးချယ်သင့်ပါတယ်။

၉။ ဘောင်းဘီအတို

သင်က ခပ်လန်းလန်းလေးဝတ်ချင်ရင်တော့ ဘောင်းဘီအတိုဝတ်သင့်ပါတယ်။ အတိုဆိုတဲ့ နေရာမှာ စကတ်အတိုကို မဝတ်သင့်ပါဘူးနော်။ ဘောင်းဘီအတိုက ပျိုမေတို့အတွက် လွတ်လပ်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစေပါတယ်။ ဖိနပ်ရွေးချယ်ရာမှာလည်း ရေဝင်တဲ့အခါ အဆင်ပြေမယ့် ဖိနပ်မျိုးကိုပဲရွေးသင့်ပါတယ်။

၁၀။ ဘောင်းဘီအပွနဲ့ အင်္ကျီလက်ပြတ်ခါးတို

အတိုမဝတ်ချင်တဲ့ ပျိုမေတွေအတွက် ရည်ညွှန်းပါတယ်။ ဘောင်းဘီအပွလေးတွေကလည်း ပျိုမေတွေကြား ရေပန်းစားလာတဲ့ ဝတ်စုံတစ်မျိုးပါ။ ဒီနေရာမှာ ဖက်ရှင်စည်းကမ်းတစ်ခုအကြောင်းပြောပြပါမယ်။ ဒါကတော့ အပေါ်က အင်္ကျီအပွဆိုရင် အောက်က ဘောင်းဘီက အကျပ်ဖြစ်သင့်ပါတယ်တဲ့။ ဒီဟာရဲ့ ဆန့်ကျင်ဘက် ဘောင်းဘီအပွဆိုရင် အပေါ်အင်္ကျီက Fitting ဆိုဒ်ဖြစ်ရပါမယ်။ ဆိုလိုတာက အပေါ်ကျပ်ရင် အောက်ပွမယ်။ အောက်ပွရင် အပေါ်ကျပ်ရပါမယ်။ အပေါ်ကလည်းအပွ အောက်ကလည်းအပွဆိုရင်တော့ စဉ်းစားကြည့်ရုံနဲ့တင် စတိုင်ဘယ်လိုမှမကျနိုင်ပါဘူး။ အင်္ကျီလက်ပြတ် Crop လေးတွေနဲ့ဆိုရင်တော့ အလန်းစားကောင်မလေးတစ်ယောက်ဖြစ်နေမှာပါ။

ဒီအချက် (၁၀)ချက်ကို လိုက်နာရင်တော့ သင်ဟာသင်္ကြန်မှာ အလှဆုံးနဲ့ အပျော်ရွှင်ဆုံး မိန်းကလေးတစ်ယောက်ဖြစ်နေမှာပါ။

Source: Pinterest