လူတစ်ယောက်မှာအရေးကြီးဆုံးက ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိဖို့ပါပဲ။ ယုံကြည်မှုဆိုတာကလည်း ဒီတိုင်းပဲဖြစ်လာတာမျိုးတော့မဟုတ်တာ အသေချာပဲလေ။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိဖို့ဆိုတာ အစထဲက လေ့ကျင့်မှုတွေ၊ ပြင်ဆင်မှုတွေကို လုပ်ထားမှယုံကြည်မှုလည်း ရှိလာမှာပေါ့။ လူငယ်တစ်ယောက်မှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိဖို့ဆိုတာ အရမ်းကိုအရေးကြီးလာပါပြီ။

ကျောင်းကိစ္စတွေပြီးလို့ လုပ်ငန်းခွင်ထဲကိုဝင်တဲ့အခါမှာပဲဖြစ်ဖြစ်၊ လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါတွေမှာ ယုံကြည်မှုအပြည့်ရှိနေမှလည်း အဆင်ပြေမှာဆိုတော့ ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ရအောင်နော်။

ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေရှိလာဖို့ ပြင်ဆင်တဲ့နေရာမှာ အခြေခံအနေနဲ့အရေးပါနေတာတွေကတော့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားချက်တည်ငြိမ်နေစေဖို့တွေက အဓိကကျနေတာကို နားလည်ထားဖို့လိုပါတယ်။

ပထမဆုံးအနေနဲ့ ရုပ်ပိုင်းဆိုင်ရာကိုစပြီးတော့ ပြင်ဆင်ကြည့်ရအောင်နော်။ ရုပ်ပိုင်းဆိုင်ရာမှာဆိုရင် ကျန်းမာရေးကောင်းမွန်နေဖို့ အဓိကလိုအပ်ပြီး တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ ကိုယ့်ကိုယ်ကိုအားကိုးတတ်ဖို့တွေက အဓိကလိုအပ်တဲ့အရာတွေပဲဖြစ်ပါတယ်။ ကျန်းမာရေးကောင်းမွန်ဖို့အတွက် မနက်ခင်းပိုင်းမှာလမ်းလျှောက်ထွက်တာမျိုး၊ လေ့ကျင့်ခန်းတွေလုပ်ပြီး ခန္ဓာကိုယ်အလှအပကို ထိန်းသိမ်းတာမျိုးတွေကလည်း လိုအပ်တဲ့အရာမျိုးတွေပဲဖြစ်ပါတယ်။

တစ်ကိုယ်ရည်သန့်ရှင်းမှုကလည်း တစ်ကယ်ကိုအရေးကြီးတဲ့အရာပါ။ တစ်ကိုယ်ရည်သန့်ရှင်းမှုမကောင်းနေတဲ့အခါမှာ လူအများကြားထဲကိုသွားလည်း ကဲ့ရဲ့ချင်စရာဖြစ်နေပြီး ယုံကြည်မှုတွေကိုလည်း လျော့နည်းလာစေပါတယ်။ နောက်တစ်ခုကတော့ အပြင်အဆင်ပါ။ အပြင်ပန်းလှပနေဖို့ထက် စိတ်ထားလှနေဖို့က အရေးကြီးတယ်ဆိုပေမယ့်လည်း အပြင်ပန်းအလှအပကိုလည်း လျစ်လျှူရှုထားလို့လည်းမရသေးဘူးပေါ့။ အပြင်ပန်းမှာ လှပသပ်ရပ်မှုရှိနေမှ ယုံကြည်မှုလည်းတိုးလာမှာပေါ့။

နောက်တစ်ခုအရေးကြီးဆုံးကတော့ စိတ်ပိုင်းဆိုင်ရာမှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိနေဖို့ကလည်း လိုအပ်ပါသေးတယ်။ ကိုယ့်ကိုယ့်ကိုယုံကြည်မှုရှိချင်ပေမယ့် စိတ်ဓာတ်ပိုင်းမှာကလည်း ပြတ်သားတတ်ဖို့က လိုအပ်ပါသေးတယ်နော်။ စာအုပ်စာပေတွေများများဖတ်တာက ကိုယ့်အတွက်လည်းအကျိုးရှိစေပြီး အသိပညာတွေလည်းတိုးလာစေတာကြောင့် တွေးခေါ်မှုတွေလည်း ပိုပြီးတော့ရင့်ကျက်လာမှာပေါ့။

Photo Source: Unsplash