မိန်းကလေးတွေ မျက်နှာအတွက် Make-Up လိမ်းခြယ်ကြတဲ့အခါမှာ နှုတ်ခမ်းနီဆိုတာ မပါမဖြစ် အရေးပါတဲ့အရာဆိုတာဟာ ငြင်းစရာမရှိပါဘူး။ ကိုယ်ပြင်ထားတဲ့ Make-Up Look က ဘယ်လောက်ပဲကြည့်လို့ကောင်းပြီးလှပနေပေမယ့် နှုတ်ခမ်းမှာ နှုတ်ခမ်းနီမဆိုးထားရင်တော့ ပြီးပြည့်စုံတဲ့မျက်နှာလေးကို မရရှိနိုင်ပါဘူး။ နှုတ်ခမ်းနီရွေးချယ်တဲ့အခါမှာလည်း ကိုယ်နဲ့လိုက်ဖက်မှရှိရမယ့်အပြင် ကိုယ် သွားမယ့်နေရာဒေသနဲ့ သင့်တော်မယ့် ကာလာမျိုးဖြစ်ဖို့လိုအပ်ပါတယ်။

နှုတ်ခမ်းနီအရောင်တွေကပေးတဲ့ စိတ်ခံစားမှုနဲ့ ကိုယ်သွားမယ့် နေရာနဲ့ လိုက်ဖက်တဲ့ နှုတ်ခမ်းနီအရောင်ကို ရွေးချယ်တတ်စေဖို့ ဖတ်ကြည့်ကြရအောင်။

Nude Lips  လို့ခေါ်တဲ့ အသားရောင်နှုတ်ခမ်းနီတွေဟာ ဆွဲဆောင်မှုရှိခြင်းကို ပေါ်လွင်စေတဲ့ အရောင်ဖြစ်ပါတယ်။ ခပ်ဖျော့ဖျော့ Nude Lipstick တွေက Smokey Eyes လို ခပ်နက်နက်ခြယ်သထားတဲ့ မျက်ဝန်းပုံစံမျိုးနဲ့ လိုက်ဖက်မှုရှိတာမို့ Night Out ထွက်တဲ့အခါ၊ ညဘက် Dinner ပွဲတွေသွားတဲ့အခါမျိုးမှာ ရွေးချယ်နိုင်ပါတယ်။ အနည်းငယ်ရင့်ပြီး အညိုရောင်ဘက်သန်းတဲ့ အသားရောင်မျိုးတွေကတော့ တည်ငြိမ်ရင့်ကျက်မှုကို ပေးနိုင်တာမို့ နေ့စဉ်ရုံးတက်ရတဲ့ မိတ်ကပ်ပြင်ဆင်မှုအတွက် သင့်တော်ပါတယ်။

 

Pink Lips – ပန်းရောင်ဆိုတာ ချစ်ခြင်းတရားကို ဖော်ညွန်းတဲ့အရောင်ဖြစ်ပြီး ကိုယ့်ရဲ့ လက်ရှိအသက်ထက် ငယ်ရွယ်နုပျိုမှုကို ပေါ်လွင်စေတဲ့အပြင် အချိန်အခါမရွေး နေရာဒေသမရွေး ရွေးချယ်နိုင်တဲ့ အရောင်လည်းဖြစ်ပါတယ်။
ပန်းရောင် နှုတ်ခမ်းနီတွေဟာ Shades တွေ အများကြီး ရှိတာမို့ အရောင်အနုအရင့်ပေါ်မူတည်ပြီး အသားဖြူသူရော အသားညိုသူပါ ရွေးချယ်နိုင်တဲ့အရောင် ဖြစ်ပါတယ်။ ပန်းရောင်အဖျော့လေးတွေဟာ ဖျတ်လတ်တက်ကြွပြီး ငယ်ရွယ်နုပျိုတဲ့ အသွင်ကို ဖြစ်ပေါ်စေတာမို့ ချစ်သူနဲ့ Date တဲ့ အခါမျိုးမှာ ပန်းရောင်နုနု နှုတ်ခမ်းလေးတစုံဖန်တီးသွားဖို့ အကြံပြုပါရစေ။
Hot Pink, Sexy Pink လို ပန်းဆီရောင်တောက်တောက်တွေကိုတော့ ပွဲတွေသွားတဲ့အခါ၊ လူအများကြားထင်ပေါ်ချင်တဲ့ အခါမျိုးတွေမှာ ဆိုးနိုင်ပါတယ်။

 

Brown Lips – လတ်တလောမှာ မိန်းကလေးများကြား ပြန်ပြီးတခေတ်စားလာတဲ့ အညိုရောင်နှုတ်ခမ်းနီတွေဟာ အသားရောင်တိုင်းနဲ့ လိုက်ဖက်ပါတယ်။ သင့်ရဲ့ဖက်ရှင်ကိုပါ အလန်းစားဖြစ်သွားအောင် အညိုရောင်နှုတ်ခမ်းတစုံက ဖန်တီးပေးနိုင်ပါတယ်။ နေ့စဉ်ကျောင်းတက်၊ ရုံးတက်တဲ့ မိန်းကလေးတွေအတွက် ကော်ဖီကာလာလို နှုတ်ခမ်းရောင်လေးက သင့်တော်ပြီး ညဘက်ရိုှးပွဲတွေသွားတဲ့အခါ၊ သူငယ်ချင်းတွေနဲ့ Night Out တဲ့အခါမျိုးမှာတော့ အညိုပုပ်ရောင် နှုတ်ခမ်းတစုံက သင့်ကိုအထာကျနေစေမှာပါ။

 

Red Lips – အနီရောင်ဟာ ရဲရင့်ခြင်းကို ဖြစ်ပေါ်စေပြီး အရောင်တွေထဲမှာ ဆွဲဆောင်မှု အရှိဆုံးအရောင်ဖြစ်ပါတယ်။
အနီရောင်နှုတ်ခမ်းနီကို ဆိုးဖို့စိတ်ကူးထားတယ်ဆိုရင်တော့ ကိုယ့်ရဲ့ Make-Up Look က သဘာဝဆန်ဆန်နဲ့ ပေါ့ပေါ့ပါးပါးအသွင်ဖြစ်နေဖို့လိုအပ်ပါတယ်။ ပန်းရောင်ဘက်သွားတဲ့အနီနဲ့ လိမ္မော်ရောင်ဘက်သွားတဲ့အနီရောင် နှုတ်ခမ်းနီတွေက အသားဖြူတဲ့သူတွေနဲ့လိုက်ဖက်ပြီး အသားလတ်သူတွေကတော့ ဝိုင်အရောင်လို အနီ

ရင့်ရင့်နှုတ်ခမ်းရောင်တွေကို ရွေးချယ်နိုင်ပါတယ်။ အသားညိုတဲ့သူတွေအတွက်ကတော့ ဆီးသီးရောင်လို အနီရောင်မျိုးနဲ့ သင့်တော်ပါတယ်။

 

Orange Lips – လန်းဆန်းနုပျိုတဲ့အသွင်ကို ပေးတဲ့ လိမ္မော်ရောင်နှုတ်ခမ်းနီဟာ အရောင်ရင့်တွေကိုမကြိုက်တဲ့သူတွေနဲ့ တောက်ပတဲ့အရောင်ကို သဘောကျတဲ့သူတွေ ရွေးချယ်နိုင်တဲ့ အရောင်ဖြစ်ပါတယ်။
ကိုရီးယား Make-Up Look ပြင်ရတာ နှစ်သက်တဲ့သူတွေအတွက် အရွေးချယ်သင့်ဆုံးဖြစ်ပြီး Eye Shadows ကာလာတိုင်းနဲ့လိုက်ဖက်မှုရှိတာက လိမ္မော်ရောင်နှုတ်ခမ်းတွေပါ။


အသားဖြူတဲ့သူတွေက Bright ဖြစ်တဲ့ကာလာရော၊ Warm Tone ရှိတဲ့ကာလာကိုပါ ရွေးချယ်နိုင်ပေမယ့် အသားလတ်သူ၊ အသားဝါသူနဲ့ အသားညိုသူတွေကတော့ Warm Tone ရှိတဲ့ လိမ္မော်ရောင်ကိုပဲရွေးချယ်ဖို့အကြံပြုပါရစေ။

ဒီလောက်ဆိုရင်တော့ နှုတ်ခမ်းနီအရောင်တွေရဲ့စွမ်းအားနဲ့ နေရာဒေသနဲ့လိုက်ဖက်တဲ့ နှုတ်ခမ်းအရောင်ကို ရွေးချယ်တတ်ကြမယ်လို့ထင်ပါတယ်။

အဆင်ပြေကြပါစေရှင်။