လူရယ်လို့ဖြစ်လာပြီဆိုရင် ပေါင်းသင်းဆက်ဆံရတာတွေတော့ ရှိလာမှာအသေချာပါပဲ။ ကိုယ့်ဘာသာတစ်ယောက်ထဲနေချင်တယ်၊ ဘယ်သူနဲ့မှမပတ်သက်ချင်ဘူးဆိုပြီးတော့လည်း လုပ်လို့တော့မရဘူးလေ။ ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေနေတတ်ပြီး လူတိုင်းနဲ့အဆင်ပြေတဲ့သူတစ်ယောက်၊ ပေါင်းသင်းဆက်ဆံလို့ကောင်းတဲ့သူတစ်ယောက်ဖြစ်အောင် ပြင်ဆင်ရမယ့်အရာတွေကို ပြောပြပေးချင်ပါတယ်။

လူတစ်ယောက်နဲ့မျက်လုံးချင်းဆုံမိတာနဲ့ ပြုံးပြတတ်တဲ့အကျင့်ဖြစ်အောင် လေ့ကျင့်ပါ။ ကိုယ်နဲ့မသိတဲ့သူတွေကြားထဲရောက်သွားရင်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေမပါပဲ တစ်ယောက်ထဲအပြင်ထွက်တဲ့အချိန်တွေမှာ ကိုယ်မျက်နှာကအလိုလိုတည်ပြီးတော့ ခပ်ချေချေရုပ်ပေါက်နေပါလိမ့်မယ်။ ဘယ်သူ့ကိုမှ လူမထင်ဘူးဆိုတဲ့အကြည့်မျိုးဖြစ်နေတဲ့ သူတစ်ယောက်ကိုဘယ်သူမှလည်း လာမပေါင်းချင်ကြပါဘူး။ မျက်နှာချိုတာက ပြဿနာတစ်ခုမဟုတ်ဘူးဆိုတော့ လူတစ်ယောက်နဲ့ မျက်လုံးချင်းဆုံမိတာနဲ့ ပြုံးပြတတ်အောင် ကြိုးစားဖို့လိုပါတယ်။

လူများတစ်ဖက်သား စကားပြောနေတဲ့အချိန်တွေမှာ ကြားဖြတ်ပြောတာမျိုးတွေမလုပ်ပဲ ယဉ်ကျေးမှုလေးရှိပေးပါ။ ဘယ်နေရာမှာမဆို ကိုယ့်ထက်ကြီးကြီးငယ်ငယ် လူလူချင်းလေးစားမှုလေးထားဖို့လိုပါတယ်။ ရွယ်တူတွေအချင်းချင်း စကားပြောနေတဲ့အချိန်တွေမှာတောင် ကြားဖြတ်ပြောတာမျိုးတွေက ဆင်ခြင်သင့်တဲ့အရာပါနော်။

ကျေးဇူးတင်ကြောင်းကို ခဏခဏပြောတတ်ပါစေ။ ဒါကလည်း ယဉ်ကျေးမှုတစ်ခုပါပဲ။ လမ်းဖယ်ပေးရင်ပဲဖြစ်ဖြစ်၊ သူများကကိုယ့်ကိုကူညီလိုက်ရင်ပဲဖြစ်ဖြစ် ဘယ်လိုအနေအထားမျိုးမှာမဆို ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလေးကိုပြောတတ်ဖို့ လေ့ကျင့်ထားသင့်ပါတယ်။

သူငယ်ချင်းအချင်းချင်း တစ်ယောက်နဲ့တစ်ယောက်ပိုပြီး ခင်မင်မှုရှိစေဖို့နဲ့၊ ကိုယ့်ရဲ့အလေးထားမှုတွေကို ပြသဖို့တစ်ခါတစ်ရံမှာ သူတို့အတွက်မုန့်ဝယ်သွားတာမျိုးတွေ လုပ်သင့်ပါတယ်။ ဒါဆိုရင်တော့ သင့်ရဲ့ခင်မင်မှုက သူတို့အပေါ်မှာလေးနက်မှုရှိတယ်ဆိုတာကို သိသာသွားစေမှာပဲဖြစ်ပါတယ်နော်။

စိတ်ထားကောင်းကောင်းထားပါ။ လူတစ်ယောက်ရဲ့အဆင့်အတန်းဆိုတာ အကျင့်စရိုက်နဲ့တိုက်ရိုက်ကို သက်ဆိုင်နေပါတယ်။ ကိုယ့်မှာသူများကို မကောင်းကြံချင်တဲ့စိတ်ရှိနေသရွေ့  ဘယ်သူနဲ့မှအဆင်ပြေဖို့ ကြိုးစားလို့ရမှာမဟုတ်ပါဘူး။ သူများကြားထဲမှာ စကားတွေဝင်ရှုပ်ပြီး ပြဿနာဖြစ်အောင်လုပ်တာမျိုးတွေက အချိန်ကြာလာတဲ့အခါ သင့်နားမှာဘယ်သူမှာတောင်ရှိတော့မှာ မဟုတ်ပါဘူး။

Photo Source: Pinterest