အဆီပြန်ခြင်းက အလှအပမြတ်နိုးတဲ့ပျိုမေလေးတွေအတွက် အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ ဖောင်ဒေးရှင်းလိမ်းရင်လည်း အဆီပြန်ခြင်းကြောင့် ဖောင်ဒေးရှင်းက နာရီပိုင်းအတွင်း ပျက်သွားတာမျိုး အမြဲတမ်းကြုံတွေ့ရပါတယ်။

ဒီလိုအဆီပြန်ခြင်းက ဘာ့ကြောင့်ပါလဲ။

အသက်အရွယ်အပိုင်းအခြားကြောင့်လည်း အဆီပြန်တတ်သလို၊ ရာသီဥတုအပြောင်းအလဲ၊ Skin Care လိမ်းကျံသည့်အဆင့်များ မှားယွင်းခြင်းကြောင့်သော်လည်းကောင်း၊ Moisturizer မလိမ်းခြင်းကြောင့်သော်လည်းကောင်း၊ ချွေးပေါက်များ ကျယ်လာခြင်းကြောင့်သော်လည်းကောင်း အဆီပြန်တတ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် အဆီပြန်လာပြီဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေ အသုံးပြုပြီး အဆီပြန်ခြင်းကို လျော့ပါးသွားအောင် ပြုလုပ်လိုက်ပါ။

မျက်နှာသစ်တဲ့အခါ

မျက်နှာသစ်တဲ့အခါ မျက်နှာသစ်ဆေးအသုံးပြုပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးရပါမယ်။ မျက်နှာ ခဏခဏ မသစ်သင့်သလို မျက်နှာသစ်ဆေးကိုလည်း တစ်နေ့ နှစ်ကြိမ်ထက် ပိုမသစ်သင့်ပါဘူး။ အမွှေးနံ့များလွန်းတဲ့ ဆပ်ပြာများ (သို့) Moisturizers များ အသုံးမပြုပါနဲ့။ အဆီပြန်သူတွေအတွက် သီးသန့်ပြုလုပ်ထားတဲ့ မျက်နှာသစ်ဆပ်ပြာသာ အသုံးပြုရပါမယ်။

ဆီစုပ်စက္ကူကို ကိုယ်နဲ့မကွာဆောင်ထားပါ

မျက်နှာအဆီပြန်လိုက် မျက်နှာသွားသစ်လိုက်နဲ့ဆိုရင် မဟုတ်သေးပါဘူး။ အဆီပြန်တတ်တဲ့နေရာတစ်ဝိုက်ကို ဆီစုပ်စက္ကူလေးနဲ့ ကပ်ပေးလိုက်ပါ။ ဒီနည်းလမ်းက သင့်ရဲ့မိတ်ကပ် တာရှည်ခံနေဖို့အတွက် အသုံးတည့်မှာပဲဖြစ်ပါတယ်။

ပျားရည်နဲ့ ပေါင်းတင်ပါ

ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ၃ ဇွန်းခန့် လိုအပ်ပါလိမ့်မယ်။ အရင်ဆုံး သင့်ရဲ့လက်ကို စင်ကြယ်အောင် ဆေးကြောလိုက်ပါ။ ထို့နောက် လက်ချောင်းထိပ်လေးများဖြင့် ပျားရည်ကိုတို့လိုက်ပြီးနောက် မျက်နှာပေါ် လိမ်းကျံရင်း နှိပ်နယ်ပေးလိုက်ပါ။ မိနစ် ၂၀၊ ၃၀ ခန့်ကြာမှ မျက်နှာသစ်ပေးလိုက်ပါ။ ဒီနည်းလမ်းကို တစ်နေ့တစ်ကြိမ်ခန့်မှန်မှန်ပြုလုပ်ပေးမယ်ဆိုရင် အဆီပြန်ခြင်း လျော့နည်းသွားမှာပဲဖြစ်ပါတယ်။

ကြက်ဥအကာနဲ့ ပေါင်းတင်ပါ

လိုအပ်မယ့် ပစ္စည်းလေးတွေကတော့ ကြက်ဥအကာတစ်လုံးနဲ့ ဝါဂွမ်းစလေးတွေပဲဖြစ်ပါတယ်။ ကြက်ဥကိုခွဲလိုက်ပြီး ကြက်ဥအနှစ်ကို ဆယ်လိုက်ပါ။ ထို့နောက် ကြက်ဥအကာကို မွှေခလောက်လိုက်ပါ။ ပြီးရင် ဝါဂွမ်းစလေးအသုံးပြုပြီး မျက်နှာနဲ့ လည်ပင်းတစ်ဝိုက်ကို လိမ်းကျံပေးလိုက်ပါ။ မိနစ် ၂၀၊ မိနစ် ၃၀ ခန့် စောင့်နေလိုက်ပါ။ ထို့နောက် မျက်နှာသစ်လိုက်လို့ရပါပြီ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ တစ်ကြိမ်၊ နှစ်ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

သံပုယိုသီးနဲ့ ပေါင်းတင်ပါ

စောစောကဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို မကြိုက်ဘူးဆိုရင်တော့ သံပုယိုသီးနဲ့ ပေါင်းတင်ပေးလို့ရပါတယ်။ သံပုယိုရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ရေ လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ဝါဂွမ်းစအနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။ သံပုယိုရည်နဲ့ ရေကို ရောမွှေလိုက်ပါ။ (တကယ်လို့ သင့်အသားအရေက Sensitive ဖြစ်တယ်ဆိုရင် ဂလက်စရင်းအလှဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့် ထပ်ထည့်ပေးရပါမယ်) ထို့နောက် ဝါဂွမ်းစလေးကို ဆွတ်လိုက်ပြီး မျက်နှာပေါ် သုတ်လိမ်းလိုက်ပါ။ မိနစ် ၂၀၊ ၃၀ ခန့်ကြာမှ မျက်နှာသစ်ပေးလိုက်ပါ။

Source: stylecraze.com