မင်္ဂလာပါနော်။ အင်္ကျီအဝတ်အစားဝတ်တာတစ်ခုပဲ ဖက်ရှင်မဟုတ်ပါဘူး။ ဖက်ရှင်ဆိုတာ ဆံပင်ပုံစံရော ဖိနပ်ရော လက်သည်းနီ ခြေသည်းနီတွေ Accessory တွေပါဝင်ပါတယ်။

သင်ဝတ်မယ့်အဝတ်အစားနဲ့လည်း သင့်ရဲ့ ဆံပင်ပုံစံကိုလိုက်ဖက်အောင် ဖက်ရှင်ကျအောင် ပေါင်းစပ်ပြီးဝတ်ဆင်သင့်ပါတယ်။

ဒီတခါမှာတော့ သင်ဝတ်မယ့် အဝတ်အစားနဲ့ ဆံပင်ပုံစံကို ဘယ်လိုလိုက်ဖက်အောင်တွဲဖက် ဝတ်ဆင်ရမလဲဆိုတာ မျှဝေပေးသွားပါမယ်။

V ပုံသဏ္ဍန်အင်္ကျီ

ဒီလို V ပုံသဏ္ဍန်ရှိတဲ့ အင်္ကျီဟာ ဆံပင်အကောက်ကြီးကြီး ၊ ဆံပင်အဖြောင့် အနောက်မှာချထားတာ နဲ့ ဆံပင်ကို ခပ်ပြေပြေလေး စည်းထားတာ ကျစ်ဆံမြီးကျစ်ထားတာမျိုးနဲ့ လိုက်ဖက်ပါတယ်။

အဝိုင်းပြေပြေအင်္ကျီပုံစံ

လည်ပင်းအဝိုင်းကိုမှ ခပ်ပြေပြေပုံစံမျိုးဟာ ဆံပင်ထုံးထားတာမျိုးနဲ့ လိုက်ဖက်ပါတယ်။ ကျက်သရေရှိတဲ့ ပုံစံမျိုးလည်းဖြစ်ပါတယ်။

လည်ပင်းအဝိုင်း

လည်ပင်းအဝိုင်းပုံ အင်္ကျီပုံစံမျိုးကတော့ ဆံပင်အလွှာလေးတွေလိုက်ညှပ်ထားတာ၊ မသေမသပ်နဲ့ ခပ်ရှုပ်ရှုပ် ဆံပင်ပုံစံမျိုး ဒါမှမဟုတ် အနောက်မှာ စုစည်းထားတဲ့ ဆံပင်ပုံမျိုးနဲ့ လိုက်ဖက်ပါတယ်နော်။

ဘေးစောင်းတြိဂံပုံစံ

ဆံပင်ကို ဘေးဖက်ထုံးထားတာ၊ ဘေးတစ်ဖက်ချထားတာ၊ ဆံပင်ကိုတစ်ဖက်တို တစ်ဖက်ရှည်ညှပ်ထားတဲ့ ပုံစံတွေနဲ့လိုက်ဖက်ပါတယ်။

အသည်းပုံရင်ပြတ် အင်္ကျီပုံစံ

ဆံပင်ကို တစ်ဝက်စည်းထားတာ၊ ဆံပင်ကို ကျစ်ဆံမြီးကျစ်ပြီး ဘေးချထားတာ မျိုးနဲ့လိုက်ဖက်ပါတယ်။

လေးထောင့်လည်ပင်းပုံစံ

ဘေးခွဲဆံပင်ပုံစံ၊ ဆံမြိတ်ချဆံပင်ပုံစံ၊ အပြောင်သိမ်းဆံပင်ပုံလေးတွေနဲ့ လိုက်ဖက်ပါတယ်။

လည်ပင်းအဝိုင်းပျော့ပုံစံ

လည်ပင်းအဝိုင်းလေးကိုမှ အသားပျော့ပျော့အင်္ကျီပုံစံတွေဟာ ခပ်ဖွဖွလေး ဆံပင်ထုံးထားတာ၊ ဆံပင်ကို မြင့်မြင့်နဲ့ ခပ်တင်းတင်းစည်းထားတာ မျိုးနဲ့လိုက်ဖက်ပါတယ်။

ပုခုံးအကျအင်္ကျီပုံစံ

ဆံပင်အကောက်ပုံစံ၊ ဘေးဖက်စည်းထားတာ၊ ဘီးကုပ်တပ်ထားတာမျိုးနဲ့ လိုက်ဖက်ပါတယ်။