မိန်းကလေးတွေနေ့တိုင်းလိမ်းနေရတဲ့ မိတ်ကပ်မှာလည်း ပညာသားတွေအရမ်းပါပါတယ်။ ဖြစ်သလိုလိမ်းလို့လည်းမရသလို သူများပြင်သလိုမျိုးလည်း လိုက်ပြီးတော့ပြင်လို့လည်းမရသေးပါဘူး။ ကိုယ်နဲ့လိုက်ဖက်မှုရှိတဲ့ ပြင်ဆင်မှုမျိုးတွေဖြစ်ဖို့ အရင်လေ့လာကြည့်သင့်ပြီး ပြင်ဆင်ဖို့လိုပါတယ်။

မိတ်ကပ်အရောင်မှားလိမ်းခြင်း

ကိုယ့်အသားအရောင်ထက်ပို ရင့်သော (သို့)  ကိုယ့်အသားအရောင်ထက်ပိုဖြူသော Foundation ကိုလိမ်းခြင်းဟာ အကြီးမားဆုံးနဲ့ အလွဲဆုံးသော အမှားတစ်ခုဖြစ်ပါတယ်။ ဒီလိုမမှားရလေအောင် မိတ်ကပ်ဝယ်ယူတဲ့အခါမှာ မှန်ကန်စွာစမ်းသပ်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ မိန်းကလေးအများစုဟာ မိတ်ကပ်ဝယ်ယူသောအခါမှာ မိမိလက်ဖမိုး လက်ဖျံတွေ မှာ အလွယ်တကူစမ်းလိမ်းပြီး ရွေးခြယ်ခြင်း မလုပ်သင့်ပါဘူး။ မိမိမျက်နှာ အသားအရေနှင့် အနီးစပ်ဆုံး သဘာဝအကျဆုံး အရောင်ကို ရွေးခြယ်ဖို့ ၊ ပါး မေးရိုးနှင့် လည်ပင်းပေါ်မှာ စမ်းလိမ်းခြင်းဖြင့် မှန်ကန်သောအရောင်ကို ရွေးခြယ်ဝယ်ယူနိုင်ပါတယ်။

ခြောက်သွေ့သောအသားပေါ်မိတ်ကပ်လိမ်းခြင်း

အာရှအသားအရေနဲ့ လိုက်ဖက်တဲ့ ဖောင်ဒေးရှင်းကို ဘယ်လိုရွေးချယ်မလဲ

ခြောက်သွေ့ အသားပတ်နေသော (သို့) အဖတ်လိုက် အရေခွံကွာနေသော အသားရေပေါ်သို့ မိတ်ကပ်လိမ်းခြင်းဟာ အင်မတန်ကြည့်ရဆိုးသော လွဲမှားမှုတစ်ခုဖြစ်ပါတယ်။ ဒါဆို ခြောက်သွေ့သော အသားအရေပေါ်ကို ဘယ်လိုမိတ်ကပ်လိမ်းကြမလဲ။အရင်ဆုံး မိတ်ကပ်မလိမ်းခင် အသားအရေကို သေချာပြင်ဆင်ဖို့လိုပါတယ်။ အသားပတ်နေသော အသားအရေအတွက် moiturizer ခံပြီး အဖတ်ဖတ် ထနေသော အရေခွံများကွာကျသည်အထိ စောင့်ခြင်း ၊ အသားမပတ်သော်လည်း အလွန်ခြောက်နေသော အသားအရေအတွက် moiturizer နှင့် primer အစိုခံပြီးမှသာ မိတ်ကပ်အရည်ကိုလိမ်းသင့်ပါတယ်။ ခြောက်သွေ့သော အသားအရေပိုင်ရှင်များအတွက် ဒီနည်းက တစ်ကြိမ်တစ်ခါအတွက် အလွယ်နည်းသာဖြစ်ပြီး ရေရှည်မှာ ကိုယ့်ရဲ့ ပျက်စီးခြောက်သွေ့နေတဲ့အပေါ်ယံအသားလွှာ ကို ဆဲလ်အသစ်မြန်မြန်လဲစေဖို့ exfoliate တစ်ပတ်ကို ၂ ကြိမ်မှ ၃ ကြိမ် လုပ်ပေးခြင်းဖြင့် တင်းရင်းလှပသော အသားအရေကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။

Contouring အလုပ်များခြင်း

အလှဓာတ်ပုံတွေထဲမှာ ပါးရိုးထင်ပေါ်ပြီး မျက်နှာကြွလာအောင်၊ ပါးပိန်သွားအောင် ခြယ်ရတဲ့ Contouring ကို နေ့စဉ်လိမ်းမိတ်ကပ်မှာ အလွန်အကျွံ လိမ်းခြယ်ခြင်းဟာလည်း ဆိုးရွားတဲ့ လွဲမှားမှုတစ်ခုပါပဲ။ဓာတ်ပုံထဲမှာ လှပေမယ့် အပြင်မှာတော့ ပိုမလှတဲ့အပြင် ထူးဆန်းနေတတ်ပါတယ်။ နေ့စဉ်လိမ်းမိတ်ကပ်အတွက် Contouring လုပ်ခြင်းထက် ပါးနီဖျော့ဖျော့လေးသာလိမ်းခြင်းဖြင့် သဘာဝကျကျ လှလှပပလေး နေ့စဉ်လိမ်းမိတ်ကပ်ကို လိမ်းခြယ်ဖို့ တိုက်တွန်းလိုပါတယ်။

Lip Liner ထင်းထင်းဆိုးခြင်း

နှုတ်ခမ်းနီအတွင်းသားအရောင်နှင့် ခွဲထွက်ပြီး lip liner ကိုသိသိသာသာထင်ထင်ရှားရှား ကွပ်လိမ်းခြင်းဟာလည်း မိတ်ကပ်အလိမ်းမှားထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တကယ်တော့ lip liner ဟာ အတွင်းက နှုတ်ခမ်းသားအရောင် နဲ့ အရောင်ပြေးဖြစ်အောင် လိမ်းခြယ်အသုံးပြုသင့်သောအရာ ဖြစ်ပါတယ်။

မျက်ခုံးမွှေးအရောင်နဲ့ ဆံပင်အရောင် သိသိသာသာ ကွာခြားခြင်း

အခုနောက်ပိုင်းမှာ လူငယ်တော်တော်များများကလည်း ဆံပင်အရောင်တွေကို ဆိုးလာကြပါတယ်။ ဆံပင်အရောင်ဆိုးထားတာက မထူးဆန်းပေမယ့် ဆံပင်အရောင်နဲ့အရမ်းကို ကွဲလွဲနေတဲ့မျက်ခုံးမွှေးအရောင်ဆိုးထားတာကတော့ တော်တော်လေးကိုကြည့်ရအဆင်မပြေစေပါဘူး။ အမည်းရောင်ဆံပင်ပိုင်ရှင်များဟာ ခဲရောင်ဖျော့ဖျော့ မျက်ခုံးမွှေးရောင်ကို ဆိုးသင့်ပြီး ၊ ရွှေအိုရောင် အညိုရောင် ဆံပင်ပိုင်ရှင်များ အညိုဖျော့ (သို့) အရင့်ကို ဆိုးသင့်ပါတယ်။