လူတိုင်းမှာ ပြဿနာတွေတစ်ပုံတစ်ပင်ရှိပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းပုံကပဲ လူတစ်ယောက်နဲ့တစ်ယောက် ကွဲပြားသွားစေတာပါ။ သင့်ဘဝမှာ သင်ဖြစ်စေချင်တာက တစ်မျိုး၊ ဖြစ်လာတာက တစ်မျိုးကြုံဖူးမှာပါ။ ဥပမာ အိပ်ရာစောစောထချင်ပေမယ့် အမြဲနောက်ကျနေတာမျိုး၊ သွားချင်တဲ့နေရာတစ်ခုကို သွားမယ်လို့ စီစဉ်ထားပြီးမှ ပျက်သွားတာမျိုး၊ စိတ်ထဲက စားချင်နေတဲ့အစားအသောက်ကို ပိတ်ရက်မှာ စားဖို့ စဉ်းစားထားပေမယ့် အဲ့နေ့မှာမှ ဆိုင်ပိတ်နေတာမျိုး စတာတွေပါ။

ဒီလိုပြဿနာတွေ သင့်ဆီမှာ ရှိတယ်ဆိုရင် သင်တစ်ယောက်တည်း ကြုံနေရတာမဟုတ်ပါဘူး။ လူတိုင်းကြုံနေရပါတယ်။ ဒီဆောင်းပါးရေးနေတဲ့အချိန်မှာ စာရေးသူလည်း ဒီပြဿနာနဲ့ကြုံနေတာပါ။ တစ်ခါတလေ ဘဝက ကိုယ်ဖြစ်ချင်တဲ့အတိုင်း မဖြစ်လာပါဘူး။ ကဲ ဒီလိုဖြစ်လာတဲ့အချိန် ဘယ်လိုဖြေရှင်းရမလဲကြည့်လိုက်ရအောင်နော်။

၁။ ခြေတစ်လှမ်းနောက်ဆုတ်ပြီး ပြန်သုံးသပ်ကြည့်ပါ

သင်ဖြစ်ချင်တာဖြစ်မလာတဲ့အချိန် သင့်ဆီကို အလုံးလိုက် ရောက်လာမှာက Negative Thinking မကောင်းမြင်စိတ်တွေပါ။ ကိုယ့်စိတ်မကြည်တော့ မြင်သမျှက မျက်စိနောက်စရာတွေချည်းဖြစ်နေပါလိမ့်မယ်။ အရင်က လှနေတဲ့ အရာတွေက ဒီလိုအချိန်မှာ လှမနေတော့ပါဘူး။ အဆိုးမြင်စိတ်တွေပဲ ပေါက်ဖွားနေတတ်ပါတယ်။ ဒီလိုဖြစ်နေတဲ့အချိန်ဆို စိတ်ထဲက ငါတော့ အဆိုးမြင်နေပြီဆိုတာ အသိကပ်လိုက်ပြီး ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပါ။ ကိုယ့်ကိုကိုယ် မေးရမယ့် မေးခွန်းတွေက

၁။ ပြဿနာက ဘာလဲ

၂။ ဒီလို အဖြစ်မျိုး ကြုံနေရတာ ဒီကမ္ဘာမှာ သင်တစ်ယောက်တည်းလား။

၃။ ခုဖြစ်နေတဲ့ပြဿနာက အဆင့်သတ်မှတ်ရရင် ဘယ်အဆင့်လဲ။ Global ဝါရင့်အဆင့် ပြဿနာလား။ Local အဆင့်ပဲလား။

၎။ ခုဖြစ်သွားတဲ့ အခြေအနေကြောင့် သင့်ကို အဆိုးရွားဆုံးဘယ်လောက်ထိ ထိခိုက်သွားလဲ

၅။ နောက် တစ်နှစ် ငါးနှစ် ဆယ်နှစ်နေရင် ဒီပြဿနာက သင့်အတွက် အရေးကြီးဦးမှာလား။

ဒီမေးခွန်းတွေကို သင့်ကိုယ်သင် ပြန်မေးကြည့်ပါ။ သေချာတာတော့ သင်ခုဖြစ်နေတဲ့ ခံစားချက်က နောင်နှစ်များစွာကြာရင် သေးသေးလေးဖြစ်သွားဖို့ ရာခိုင်နှုန်းများပါတယ်။

၂။ ပြဿနာကို တေးမထားဘဲ ရင်ဖွင့်ချလိုက်ပါ

သင်ဖြစ်ချင်တာ ဖြစ်မလာလို့ စိတ်ညစ်နေတဲ့အချိန် တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ပါ။ ရင်ဖွင့်နေရင်းနဲ့ သင့်ပြဿနာက အဲ့လောက်မကြီးတာ တဖြည်းဖြည်းသိလာပါလိမ့်မယ်။ ဘယ်လိုပြန်ဖြေရှင်းရမလဲ အဖြေထွက်လာနိုင်ပါတယ်။ ရင်ဖွင့်တယ်ဆိုတိုင်းလည်း တစ်နေ့လုံးအဲ့အကြောင်းပဲပြောမနေပါနဲ့။ မဖြစ်ချင်တဲ့ကိစ္စပါဆိုမှ တစ်နေ့လုံး အဲ့အကြောင်းပြောရင်း ခံစားနေမှာလား။ ပြောပြီးတာနဲ့ အဲ့ပြဿနာကို မေ့ပစ်လိုက်ပါတော့။

၃။ ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာလို့ စိတ်ညစ်နေတဲ့ အခြားသူတွေရှိသေးတာ သတိရပါ

ခုဖြစ်နေတာက ဆိုးရွားပေမယ့် ဒီလိုဖြစ်နေတာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ ဒီလောကကြီးမှာ လူပေါင်း ၇ ကုဋေနီးပါးရှိပါတယ်။ သင့်လို ကြုံနေရသူ အနည်းဆုံး တစ်ယောက်နှစ်ယောက်တော့ရှိမှာပါ။ ဒီလိုတွေးပေးတာက ကိုယ့်ကိုကိုယ် အဆိုးတွေးနေတဲ့ အတွေးကို လျော့ကျစေပါတယ်။

၎။ သင့်ရဲ့အတွေးတွေကို စစ်ဆေးပါ

စစ်ဆေးတဲ့နေရာမှာ ဒီနည်းလမ်း လေးခုနဲ့ ပြုလုပ်ပေးနိုင်ပါတယ်။

  1. ရေးချပါ- သင်ခု အဆင်ပြေမနေတာ၊ မပျော်မရွှင်ဖြစ်နေတာ၊ မကျေနပ်ချက်အားလုံးကို စာအုပ်တစ်အုပ်ထဲ ချရေးလိုက်ပါ။
  2. အသံသွင်းထားပါ- သင်က စာရေးရတာ မကြိုက်ဘူးဆိုရင် သင့်ခံစားချက်တွေကို အသံသွင်းထားလိုက်ပါ။ ဒီလိုသွင်းပြီးတာနဲ့ ပြန်နားထောင်ကြည့်ပါ။ သင်ဘယ်လိုစိတ်ဖြေသိမ့်နိုင်မလဲ အဖြေထွက်လာပါလိမ့်မယ်။ အချိန်တွေကြာလို့ ပြန်နားထောင်တဲ့အချိန် ခုဖြစ်နေတဲ့ ကိစ္စတွေက ရယ်စရာတောင် ဖြစ်နေဦးမှာပါ။
  3. တရားထိုင်ပါ- တရားထိုင်တာက သင့်စိတ်ကို ငြိမ်းချမ်းစေပါတယ်။ စိတ်ညစ်နေရင်လည်း တရားထိုင်လိုက်တာက သင့်အတွက် ဖြေရှင်းနည်းပါ။
  4. တစ်ယောက်ယောက်ကို ပြောပြပါ- တစ်ယောက်ယောက်ကို ပြောပြတာက သင့်စိတ်ကို နှစ်သိမ့်ပေးရာရောက်ပါတယ်။

၅။ လက်ခံလိုက်ပါ

ကိုယ့်ရဲ့အတွေးတွေကို လက်ခံလိုက်ပါ။ အဆိုးရော အကောင်းရောပေါ့။ ငါဒါလေးတောင် မလုပ်နိုင်ဘူး။ ညံ့လိုက်တာ ဆိုတဲ့အတွေးကို လက်ခံလိုက်ပါ။ ခုလက်ရှိပေါ့။ တစ်သက်လုံးညံ့တယ်ဆိုတဲ့ ခံယူချက်မျိုး ခေါင်းထဲသွင်းခိုင်းတာမျိုးမဟုတ်ဘူးနော်။

၆။ ကိုယ့်ကိုကိုယ် အနားပေးပါ

ခုအချိန်မှာ ကိုယ်ဖြစ်ချင်တာ ဖြစ်မလာလို့ စိတ်ဓာတ်ကျနေတဲ့အခါ ကိုယ့်ကိုကိုယ် အနားပေးလိုက်ပါ။ လမ်းလျှောက်ပါ၊ သီချင်းနားထောင်ပါ၊ ဇာတ်လမ်းကြည့်ပါ၊ဒါမှမဟုတ် အိပ်စက်အနားယူလိုက်ပါ။ နားလိုက်တဲ့အချိန်မှာ အတွေးသစ်တွေပေါ်လာပါလိမ့်မယ်။

၇။ ခုအခြေအနေကို ကျော်ဖြတ်ရမယ့်အစိုင်အခဲအနေနဲ့ သတ်မှတ်လိုက်ပါ

ဘဝမှာ ကြုံရမယ့် အခက်အခဲတွေက အများကြီးပါ။ ဒီထက်ဆိုးတာတွေတောင် ဖြစ်နေဦးမှာပါ။ ကိုယ်သွားချင်တာလေး ဒီနေ့မသွားလိုက်ရပေမယ့် နောက်နေ့တွေ ရှိသေးတာပဲလေ။ ဖြစ်လာတဲ့အပေါ် စိတ်ပျက်ပါ။ စိတ်ညစ်ပစ်လိုက်ပါ။ ဒါပေမဲ့ အချိန်အကြာကြီးတော့ ခံစားမနေပါနဲ့။ သင်လုပ်စရာတွေအများကြီးကျန်ပါသေးတယ်။

၈။ ခုပြဿနာက ဘာကြောင့်ဖြစ်လာတာလဲ သုံးသပ်ပါ

ဒီလိုသုံးသပ်ခိုင်းတာက ဒီလိုမျိုး နောက်ထပ်မဖြစ်အောင်လို့ပါ။ ဖြစ်ချင်တဲ့အတိုင်းဖြစ်မလာတာ ကိုယ့်အပြစ်လည်း မကင်းပါဘူး။ နောက်တစ်ခါ ငါဘယ်လိုလုပ်လိုက်ရင် ဒါမျိုးမဖြစ်နိုင်တော့ဘူး။ ဖြစ်လာတဲ့ပြဿနာတွေကနေ သင်ခန်းစာယူလိုက်ပါ။

ဒီတော့ ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ အပေါ်က ပြောထားတဲ့ စိတ်ဖြေသိမ့်နည်းတွေနဲ့ ဖြေရှင်းကြည့်ပါ။ အရင်လို အကြာကြီး စိတ်ညစ်နေတာမျိုး ရှိတော့မှာမဟုတ်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar