ကိုယ်တွေကြိုက်နှစ်သက်တဲ့ အနုပညာရှင်တွေဆိုရင် အမြဲ Follow လုပ်ထားတတ်ပြီးတော့ သူတို့တွေ ဘယ်လိုဝတ်တယ်၊ ဘယ်လိုစားတယ်၊ ဘယ်လိုနေထိုင်ကြတယ်ဆိုပြီးတော့ အမြဲလေ့လာတတ်ကြတာ ပရိတ်သတ်တွေအားလုံးရဲ့ ထုံးစံပါပဲ။

သူတို့ပြင်ထားတဲ့မိတ်ကပ်ပုံလေးတွေ၊ ဝတ်ပုံစားပုံလေးတွေနဲ့ ဓာတ်ပုံလေးတွေကို မြင်လိုက်ရင် ဘယ်လိုများ ဒီလိုလှနေအောင်လို့ လုပ်ရမလဲမသိဘူးဆိုတဲ့ အတွေးမေးခွန်းတွေက ခေါင်းထဲမှာ စီတန်းနေတာပါပဲ။

တကယ်တမ်းတော့ ဖြတ်လမ်းနည်းလေးတွေသာ သိထားမယ်ဆိုရင် ဓာတ်ပုံထဲမှာ ကြည့်ကောင်းနေစေဖို့အတွက် ဘာ Photoshop မှ လုပ်နေစရာမလိုတော့ပါဘူး။ ဒါဆိုရင် ကမ္ဘာကျော် အနုပညာရှင်တွေသုံးတတ်တဲ့ နည်းလမ်းလေးတွေက ဘာဖြစ်မလဲဆိုတာ အခုပဲကြည့်လိုက်ရအောင်ပါ။

၁။ မျက်စိမှေး၍ကြည့်ပါ

ဒီနည်းလမ်းလေးကတော့ အခုနောက်ပိုင်းမှာ အနုပညာရှင်တွေအများစု အသုံးများလာကြပြီး ဓာတ်ပုံထဲမှာ ပိုပြီးတော့ ငယ်ရွယ်သယောင်၊ မိန်းမဆန်သယောင်ထင်ရစေနိုင်ပါတယ်။ မျက်လုံးလေးကို အတန်ငယ်ကျဉ်းလိုက်ပြီး နည်းနည်းလေးပြုံးပေးလိုက်ပါ။

၂။ ဆံပင်တစ်ခြမ်းစောင်းလေး ချထားပါ။

မိန်းကလေးတွေ အားလုံးစံနမူနာထားရတဲ့ Kylie Jenner ရဲ့ နည်းလမ်းကောင်းလေးကတော့ သူမရဲ့ဆံကေသာလေးတွေကို အမြဲတမ်း ညာဖက်အခြမ်းမှာ ချထားပြီးတော့ ဓာတ်ပုံရိုက်တာပါပဲ။ ဆံပင်တစ်ခြမ်းစောင်းချထားခြင်းက မေးရိုးလိုင်းကို ပိုပြီးတော့ ပေါ်လွင်စေပြီး မျက်နှာကျကိုလည်း ပိုပြီးတော့ လှပစေမှာဖြစ်ပါတယ်။

၃။ အပေါ်စီးကနေ ပင့်ရိုက်ပါ

တည့်တည့်ကြီးကနေ ရိုက်တာထက် လက်ကိုအပေါ်မြှောက်လိုက်ပြီး အပေါ်စီးကနေ ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ မေးနှစ်ထပ်ဖြစ်တာတွေ ဒါမှမဟုတ် အလင်းအမှောင်မညီတာတွေနဲ့ မျက်နှာကျမလှမပဖြစ်မှာတွေကို ပူစရာလိုတော့မှာ မဟုတ်ပါဘူး။

၎။ မျက်နှာဘယ်ဖက်အခြမ်းကနေ အမြဲရိုက်ပါ

ဆယ်လ်ဖီပုံလေးတွေ ဆွဲတော့မယ်ဆိုရင် အများစုပြောလေ့ရှိတဲ့စကားက ကိုယ်အလှဆုံးဖြစ်မယ်လို့ထင်တဲ့ မျက်နှာခြမ်းကို သေချာသိထားဖို့ပါပဲ။ ဒါပေမယ့် အနုပညာရှင်အများစုကတော့ ဓာတ်ပုံရိုက်တယ်ဆိုရင် အမြဲတမ်း ဘယ်ဖက်အခြမ်းကိုပဲ အသားပေးပြီး ရိုက်ကြလေ့ရှိပါတယ်။

၅။ မေးကိုအောက်ငုံ့ထားပါ

အထက်မှာပြောခဲ့သလို ဓာတ်ပုံကို အပေါ်ကရိုက်ပါဆိုသလိုပဲ ခေါင်းကြီးမော့ထားတာထက် ခေါင်းလေးငုံ့ပြီးတော့ မေးကိုအောက်ချထားတာက ပိုပြီးတော့ မိန်းကလေးဆန်ဆန်နဲ့ ဆွဲဆောင်မှုရှိတဲ့ ဓာတ်ပုံလေးတွေကို ရိုက်ယူနိုင်စေပါတယ်။ ဒီလိုခေါင်းလေးငုံ့ပြီးတော့ ပုခုံးလေးကို အသာလေးပင့်ပေးခြင်းက မေးနှစ်ထပ်ပေါ်မှာလည်းမပူရတော့သလို မျက်လုံးလေးကိုလည်း ပိုပြီးဝိုင်းစက်သွားစေပါတယ်။

၆။ ကင်မရာကို တည့်တည့်မကြည့်ပါနဲ့

ဓာတ်ပုံရိုက်တဲ့အခါ ကြည့်ကောင်းဖို့အတွက် နောက်ထပ်သိထားရမယ့် အချက်တစ်ချက်ကတော့ ကင်မရာကို တည့်တည့်ကြီးမကြည့်ဘဲနဲ့ လွှဲပြီးကြည့်လိုက်ဖို့ပါပဲ။ ဒီလိုပို့စ်ပေးခြင်းက ကိုယ်မသိလိုက်တဲ့အချိန်မှာ ရိုက်လိုက်သလိုဖြစ်သွားစေပြီးတော့ ပိုပြီး သဘာဝကျကျ လှပတဲ့ ပုံလေးတွေရိုက်နိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။

Source: BrightSide