စိတ်ထဲမှာ ဘာမှ လုပ်ချင်စိတ် မရှိတော့ရင် ရုပ်ရှင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ တစ်ချို့တွေကတော့ စာအုပ်ကောင်းတစ်အုပ်အုပ် ဖတ်ဖို့ ပြောပါလိမ့်မယ်။ ရုပ်ရှင်က စာအုပ်ထက် သာတယ်လို့ ဆိုလိုတာ မဟုတ်ပေမယ့် ရုပ်ရှင်ကားကောင်းတစ်ကားဟာ လူတစ်ယောက်ရဲ့ စိတ်အခြေအနေပေါ် သိသာတဲ့ လွှမ်းမိုးမှု ဖြစ်စေလို့ပါ။

ဒီတစ်ခါမှာတော့ စိတ်ခွန်အားဖြည့်ရုပ်ရှင်ကားကောင်းတစ်ချို့ကို ညွှန်းချင်ပါတယ်။ ဒီထဲက ရုပ်ရှင်အများစုဟာ အဟောင်းတွေပါ။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာ ခေတ်ရဲ့ စမ်းသပ်မှုကို ကောင်းကောင်းကြီးဖြတ်သန်းခဲ့ပြီး ဒီနေ့အထိ ဂန္ဓဝင်ရုပ်ရှင်တွေအဖြစ် ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။

(၁) Forrest Gump

ရုပ်ရှင်လောကမှာ Forrest Gump ကို မသိရင် ရုပ်ရှင်ကားကောင်းတွေအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိပြီလို့ ပြောမရပါဘူး။ ဒီကားထဲမှာ ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီး တွမ်ဟန့်ဟာ သာမန်လူတွေထက် ဉာဏ်ရည်နိမ့်ပါးတဲ့ ‌ဖော်ရက်စ်ဂမ့်အဖြစ် သရုပ်ဆောင်ထားပါတယ်။ သမိုင်းဝင်အဖြစ်အပျက်ပေါင်းများစွာကို တွေ့ကြုံခဲ့ရသူ ၊ ဉာဏ်ရည်နိမ့်တယ်လို့ သတ်မှတ်ခံခဲ့ရတဲ့သူဟာ ကောလိပ်က ဘွဲ့ရ ၊ စစ်အတွင်းမှ ဂုဏ်ထူးဆောင်ဆုတွေရခဲ့သလို စစ်အပြီးမှာ သန်းကြွယ်သူဌေးကြီး ဖြစ်လာခဲ့သူအကြောင်း ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ကတော့ ကြည့်ရှုခံစားမှ ပိုပြီး ရသကို ပီပီပြင်ပြင် ခံစားနိုင်ပါလိမ့်မယ်။

(၂) Rocky

၁၉၇၆ ခုနှစ်မှာ ထွက်ရှိခဲ့ Rocky ဟာ သာမန်လက်ဝှေ့ကားတစ်ကားတော့ မဟုတ်ပါဘူး။ လူတစ်ယောက် အမြင့်ရောက်ဖို့ ဘယ်လောက်ကြိုးစားရသလဲဆိုတာကို ဒီရုပ်ရှင်ကြည့်ရင် သိနိုင်ပါလိမ့်မယ်။ မင်းသားကြီး ဆီဗက်စတာ စတားလုံးက သရုပ်‌ဆောင်ထားပါတယ်။

(၃) A Beautiful Mind

A Beautiful Mind ဟာ နိုဗဲလ်ဆုရ သင်္ချာပညာရှင်ဂျွန်နက်ရှ်အကြောင်းပါ။ ပါရမီရှင်တစ်ဦးဖြစ်တဲ့ ဂျွန်နက်ရှ်ဟာ စိတ်ကစဉ့်ကလျားရောဂါ Schizophrenia နဲ့ ရင်ဆိုင်နေရသူလည်း ဖြစ်ပါတယ်။ ထင်ယောင်မြင်မှားလောကထဲ ဖြတ်သန်းခဲ့ရတဲ့ ဂိမ်းသီအိုရီတော်လှန်ရေးသမား ပညာရှင်တစ်ယောက်ရဲ့ ဇာတ်ကြောင်းကို ကြည့်ရတာ စဉ်းစားရင်ခုန်စရာ အများကြီး ရစေပါလိမ့်မယ်။

(၄) Hidden Figures

ဒီရုပ်ရှင်က ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိရုပ်ရှင်အမျိုးအစားဖြစ်ပြီး ၂၀၁၆ က ထွက်ခဲ့တာပါ။ ကမ္ဘာပတ်လမ်းထဲ ဂျွန်ဂလင်းလိုက်ပါတဲ့အာကာသယာဉ်လွှင့်တင်မှုမှာ အဓိကနေရာက ပါဝင်ခဲ့တဲ့ အာဖရို-အမေရိကန် သင်္ချာပညာရှင်အမျိုးသမီး ၃ ဦးအကြောင်းဖြစ်ပါတယ်။