မင်္ဂလာပါ MyStyle Myanmar ကို အားပေးတဲ့ပျိုမေတို့ရေ။ သင်္ကြန်တွင်း ဘာလုပ်ဖို့ အစီအစဉ်တွေရှိကြလဲ။ ဥပုသ်စောင့်မလား။ ကားလေးနဲ့ လျှောက်လည်မလား။ မဏ္ဍပ်ထိုင်မလား။ စတုဒီသာသွားစားကြမလား။ သင်္ကြန်အချိန်အခါကတော့ ဝန်ထမ်းတွေအတွက်ကော ကျောင်းသူကျောင်းသားတွေအတွက်ကော ပိတ်ရက်ဖြစ်တာကြောင့် ပျော်စရာအကောင်းဆုံးအချိန်ပါပဲ။

တစ်နှစ်မှာ တစ်ခါပဲကျတဲ့ အချိန်အခါမို့ ကိုယ်လုပ်ချင်တဲ့အရာတွေလုပ်ဖို့ကတော့ အရေးကြီးပါတယ်။ သင်္ကြန်တွင်း ရှုပ်ရှုပ်ယှက်ယှက် ဘယ်ကိုမှမလည်ချင်တဲ့ ကောင်မလေးတွေရှိလား။ ပြောရရင်တော့ အိမ်တွင်းပုန်းတဲ့ကောင်မလေးတွေပေါ့နော်။

ဒီတော့ သင်္ကြန်တွင်း အကျိုးရှိရှိအိမ်တွင်းပုန်းနိုင်အောင် ကြိုစီစဉ်လို့ရတာလေးတွေ လုပ်လို့ရတာလေးတွေဖော်ပြပေးလိုက်ပါတယ်။ ကြိုစဉ်းစားထားတော့ အိမ်တွင်းပုန်းရတာအကျိုးရှိမှာအမှန်ပဲလေနော်။

၁။ ကိုယ်ကြိုက်တဲ့ဇာတ်လမ်းတွေကို စာရင်းလေးနဲ့ ချရေးပါ

Source: RVCJ Media

ကိုယ်သဘောကျတဲ့ ဇာတ်လမ်းကို ကြည့်ရတာက အချိန်ကုန်လို့ကုန်သွားမှန်းမသိပါဘူး။ အရင်က ကြိုက်ခဲ့တဲ့ ဇာတ်ကားဟောင်းတွေ၊ ခုလက်ရှိကိုယ်ကြည့်ချင်နေတဲ့ ဇာတ်လမ်းတွေကို ကြိုစဉ်းစားထားပါ။ ဟိုးအရင်ကဆို အခွေဆိုင်တွေက သင်္ကြန်တွင်းအတွက် အခွေတွေအများကြီးငှားလို့ရတာ မှတ်မိကြမှာပါ။ အားလပ်ရက်မှာ ကိုယ်ကြိုက်တဲ့ဇာတ်ကားတွေကြည့်ရင်း အချိန်ကုန်တာက တန်ပါတယ်နော်။

၂။ မုန့်လုပ်စားပါ

Source: Pinterest

ဘယ်လိုမုန့်စားချင်လဲ။ ဟော့ပေါ့လုပ်စားမလား။ မုန့်လုံးရေပေါ်လုပ်စားမလား။ ကိုယ်စားချင်တဲ့မုန့်တစ်မျိုးကို အိမ်က မိသားစုနဲ့ဖြစ်ဖြစ် ကိုယ့်လို အိမ်တွင်းပုန်းတဲ့သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် မုန့်လုပ်စားပါ။ ကိုယ်စားမယ့်မုန့်အတွက်တော့ ကြိုစဉ်းစားပြီး ဝယ်ထားဖို့ လိုမယ်နော်။

၃။ Challenge လုပ်ပါ

Source: Joyful Callers Ministry

သင်္ကြန်တွင်း (၄)ရက်မှာ ဝိတ်ကျအောင်လုပ်မလား။ အသားအရေပို Glow အောင်လုပ်မလား။ တဝကြီး လုပ်လိုက်ပါ။ ကိုယ့်ရဲ့ Challenge အောင်မြင်သွားရင်လည်း Facebook မှာတင်ပြီး ကြွားလို့ရတာပဲလေ။ ဒီလို Challenge လုပ်တာက သင့်အတွက် အကျိုးရှိသလို သင်္ကြန်တွင်း သူများပျော်နေတာတွေလိုက်ကြည့်ပြီး အားကျနေဖို့ အချိန်မရှိတော့ပါဘူး။

၎။ သီချင်းအကျယ်ကြီးနားထောင်ပါ

Source: Shutterstock

အားလုံးပျော်နေတဲ့ဒီအချိန်မှာ ဘယ်သူ့ကိုဂရုစိုက်မှာလဲ။ ကိုယ်နားထောင်ချင်တဲ့သီချင်းတွေကို အသံအကျယ်ကြီးနားထောင်ပစ်လိုက်ပါ။ ကပါကလို့ရပါတယ်။

၅။ ကိုယ်ဝါသနာပါတာကိုလုပ်ပါ

Source: shutterstock.com

သင်ဘာကို ဝါသနာပါလဲသင်အသိဆုံးပါ။ ပန်းချီဆွဲရတာ ဝါသနာပါလား။ ကရတာ ဝါသနာပါလား။ ဟင်းချက်ရတာ ဝါသနာပါလား။ ကိုယ်ဝါသနာပါတာလေးတွေ စာရင်းချရေးပြီး တစ်ခုချင်းစီ လုပ်ပါ။ ဒါကလည်း သင်္ကြန်ကို အိမ်မှာနေပြီး အကျိုးရှိရှိ အသုံးချတာပါ။

၆။ စာအုပ်ဖတ်ပါ

Source: shutterstock.com

စာဖတ်တာဝါသနာပါတဲ့ စာပေဝါသနာအိုးလေးတွေအတွက်တော့ စာဖတ်တာက အရသာတစ်မျိုးဖြစ်မှာပါ။ ကော်ဖီလေးသောက်ရင်း စာအုပ်လေးထိုင်ဖတ်ရင်း ဇိမ်ပဲနော်။

၇။ မျက်နှာပေါင်းတင်ပါ

Source: Indian Makeup and Beauty Blog

တခြားလူတွေ သင်္ကြန်တွင်း လျှောက်လည်ပြီး အသည်းမည်းလာတဲ့ အချိန်မှာ သင်ကတော့ မျက်နှာပေါင်းတင်ရင်းပိုတောင် သာပါသေးတယ်နော်။

၈။ တစ်နေ့လုံးဖုန်းသုံးပါ

Source: shutterstock.com

ကိုယ့်ရဲ့ အားလပ်ချိန်ပဲ။ ကိုယ်ကြိုက်တာလုပ်မှာပေါ့။ အရင်က အလုပ်မအားလို့ စာတွေကျက်နေရလို့ ဖုန်းတဝကြီးမသုံးနိုင်ဘူးလား။ ဒီအချိန်က ဖုန်းသုံးဖို့ အချိန်ကောင်းပါပဲ။ Facebook ထိုင်ပွတ်နေမလား။ ဂိမ်းဆော့တာ ဝါသနာပါတဲ့ကောင်မလေးတွေ ဂိမ်းဆော့နေမလား။ ကြိုက်တာသာလုပ်။ ပျော်စရာကြီးပါနော်။

၉။ အိပ်ပါ

Source: TreeHugger

အအိပ်မက်တဲ့ကောင်မလေးတွေအတွက် အကြိုက်ပါပဲနော်။ တစ်နေ့လုံးအိပ်နေလည်း ကိစ္စမရှိဘူးလေ။ ကိုယ်အိပ်ရေးပိုဝပြီး မျက်နှာလေးဖောင်းဖောင်းလေးနဲ့ ပိုတောင် ချစ်ဖို့ကောင်းနေမှာပါ။

၁၀။ အလှအပရေးရာတစ်ခုခုလုပ်ပါ

Source: greenvitals.net

သင်္ကြန်ပြီးတော့ ပိုလှလာတာ မကောင်းဘူးလား ပျိုမေတို့ရေ။ လက်သည်းပုံဖော်တာ၊ မိတ်ကပ်လိမ်းလေ့ကျင့်တာ အလှအပနဲ့ပတ်သက်တာ တစ်ခုခုလုပ်ရင်း ကုန်ဆုံးပါ။

ဒီလောက်ဆိုရင်တော့ ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး ပျိုမေတို့ သင်္ကြန်တွင်းကို အကျိုးရှိရှိကုန်ဆုံးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တစ်ခုပြောလိုတာက တစ်ရက်လောက်တော့ လည်သင့်ပါတယ်နော်။ သင်္ကြန်ရေမထိရင် မကျန်းမာဘူးလို့ ပြောစကားလည်းရှိတာပဲလေ။ ကဲ ဒီတော့အိမ်မှာပဲနေမယ့် ကောင်မလေးတွေ အိမ်တွင်းပုန်းအနုပညာကို လှလှပပ ဖန်တီးလိုက်ပါတော့နော်။