ခွေးတစ်ကောင်ဟာ လူတစ်ယောက်ရဲ့ အကောင်းဆုံးမိတ်ဆွေပဲလို့ ပြောကြပါတယ်။ ခွေးတွေဟာ မိမိသခင်ကို သစ္စာရှိကြပါတယ်။ စစ်တမ်းကောက်ချက်တစ်ခုအရ ခွေးပိုင်ဆိုင်တဲ့ ခွေးသခင်တွေဟာ ကြောင်ပိုင်ရှင်တွေထက် ပိုပျော်ရွှင်ကြကြောင်း ဖော်ပြထားပါတယ်။ ခွေးမွေးထားခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုရခြင်းတစ်ခုတည်းတင် မကသေးပါဘူး။

ခွေးတွေဟာ ကျွန်ုပ်တို့ရဲ့ ဘဝမှာ ဘယ်အစိတ်အပိုင်းထိ အကျိုးပြုလဲ ကြည့်လိုက်ရအောင်နော်-

၁။ ခွေးမွေးထားခြင်းဟာ သင့်ရဲ့ ပျော်ရွှင်မှုအဆင့်ကို တိုးပွားစေပါတယ်

GSS က ကြီးမှူးပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာတော့ ခွေးပို်င်ရှင် ၃၆ ရာခိုင်နှုန်းဟာ အမှန်တကယ်ပျော်ရွှင်ကြပြီး ကြောင်ပိုင်ဆိုင်သူတွေထဲမှာ ၁၈ ရာခိုင်နှုန်းသာ ပျော်ရွှင်ကြကြောင်း အတည်ပြုထားပါတယ်။ အံ့သြဖို့ကောင်းတာက ခွေးရော ကြောင်ပါ မွေးထားသူတွေဟာ ခွေးမွေးထားသူထက် ပျော်ရွှင်မှုပိုနည်းကြောင်း သိရှိရပါတယ်။ ခွေးမွေးထားသူတွေဟာ သူတို့ခွေးလေးတွေနဲ့ အချိန်တူတူကုန်ဆုံးရတာကို ပျော်နေတတ်ပြီး ခက်ခဲတဲ့အချိန်တွေတောင် ခွေးလေးနဲ့ အဖော်ပြုနေတတ်ကြပါတယ်တဲ့။ ဒါကြောင့် မိသားစုဝင်နောက်တစ်ယောက် ထပ်ရသလိုပါပဲ။

၂။ အခြားဆက်နွယ်မှုတွေရှိနေပါသေးတယ်

ပျော်ရွှင်မှုတိုးတာက ခွေးပိုင်ဆိုင်တာနဲ့ ဆက်နွယ်မှုရှိရုံတင်မကသေးပါဘူး။ သုတေသနတစ်ခုမှာ ခွေးမွေးဖို့ ရွေးချယ်သူတွေဟာ ပေါင်းရသင်းရလွယ်ပြီး တက်ကြွသူတွေဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒီလူတွေဟာ သူတို့ရဲ့ ပုံစံကြောင့်ပဲ သူတို့ဘဝကို ကျေနပ်စေတာပါ။

၃။ ခွေးမွေးထားသူတွေဟာ အခြားသူတွေထက် ဆိုရှယ်ကျပြီး သွက်လက်ကြပါတယ်

သွက်လက်ခြင်းက ပျော်ရွှင်မှုကို ဦးတည်စေပါတယ်။ ခွေးမွေးထားသူတွေဟာ တစ်ပတ်မှာ ၂၁ မိုင်အထက် လမ်းပိုလျှောက်ကြပြီး ခွေး မမွေးထားသူတွေထက် ၇ မိုင်ပိုလျှောက်ကြပါတယ်။ ခွေးပိုင်ရှင်တွေဟာ ခွေးတွေနဲ့ လမ်းတူတူလျှောက်နေတဲ့အချိန် ပြင်ပဆောင်ရွက်မှုကိစ္စတွေကို တက်တက်ကြွကြွပါဝင်တတ်ပြီး လူတွေနဲ့ ပိုမိုထိတွေ့ဆက်ဆံတတ်ကြပါတယ်။

၎။ ခွေးပိုင်ဆိုင်ထားသူတွေဟာ နွေးထွေးတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ကြပါတယ်

လေ့လာမှုတစ်ခုမှာ ကလေးရှိတဲ့ မိသားစုတွေဟာ သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်အနေနဲ့ ခွေးတွေကို ရွေးချယ်ကြပါတယ်။ အားကိုးအားထားဖို့ မိသားစုအခိုင်အမာရှိခြင်းဟာ လူတစ်ယောက်ကို ဘဝအခက်အခဲတွေမှာ ပိုရင်ဆိုင်နိုင်စေပြီး စိတ်ပိုင်းဆိုင်ရာ တိုးတက်စေပါတယ်။ ခွေးမွေးထားသူတွေဟာ အကောင်းမြင်စိတ်တိုးပွားလာတာကို တွေ့မြင်ရပါတယ်။

၅။ ခွေးပိုင်ရှင်တွေဟာ စိတ်ဖိစီးမှုနည်းပြီး အသက်ရှည်ကြပါတယ်

သာရေးနာရေးကိစ္စတွေမှာ အားတက်သရောလုပ်ဆောင်တတ်ခြင်းကြောင့် ခွေးမွေးထားသူတွေဟာ နှလုံးရောဂါရပြီး သေဆုံးနိုင်ချေနည်းပါးကြပါတယ်။ ခွေးပိုင်ရှင်တွေဟာ သူတို့ ခွေးလေးတွေနဲ့ ခိုင်မာတဲ့သံယောဇဉ်တစ်ခု တည်ဆောက်ရင်း စိတ်ဖိစီးမှုလျော့နည်းကြပါတယ်။ ခွေးတစ်ကောင်ပိုင်ဆိုင်ထားခြင်းဟာ မိသားစုအတွက် အချိန်ပိုပေးဖို့ ဆင်ခြေကောင်းတစ်ခုဖြစ်သလို မိတ်ဆွေအသစ်တွေရရှိစေပါတယ်။ သူငယ်ချင်းအသစ်ရခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို တိုးတက်စေပါတယ်။

သင်ကကော ခွေးမွေးထားသူလား။ ခွေးလေးတွေ ပိုင်ဆိုင်ခြင်းကြောင့် အကျိုးကျေးဇူးတွေ ဘယ်လိုရှိသေးလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar