မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ လူတစ်ယောက်က ချစ်မိပြီဆိုရင် အပျော်တွေအငိုတွေ ဒေါသတွေ မျိုးစုံခံစားရတော့တာပါပဲ။ လူတစ်ယောက်နဲ့ တွဲပြီဆိုရင် သူ့ရဲ့ ဆိုးကွက်ကောင်းကွက်အကုန်လုံးကို နားလည်ပေးရပါတယ်။ ကိုယ့်စိတ်နဲ့ အဆင်မပြေခဲ့ရင်တော့ရန်ဖြစ်မယ် စကားများမယ်..ဒါကသဘာဝပါပဲ။ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဆိုတဲ့စုံတွဲတွေလည်းရှိပါတယ်။ အမြဲ ကြောင်နဲ့ကြွက်လို ရန်ဖြစ်တတ်တဲ့စုံတွဲတွေအတွက် သတင်းကောင်းတစ်ခုရှိပါတယ်။

ဒါကတော့ ရန်ဖြစ်စကားများတဲ့စုံတွဲတွေက အသက်ပိုရှည်ပါတယ်တဲ့။ ဒီအတည်ပြုချက်ကိုတော့ အမေရိကန်နိုင်ငံမှာ သုတေသနပြုလုပ်ခဲ့ကြတာပါ။ ဘာကြောင့်လဲဆိုတာကြည့်လိုက်ရအောင်နော်။

သင်သာ အကြောင်းအရာတစ်ခုကို သိထားရင် ရန်ဖြစ်တာက သင့်အတွက် အကျိုးမယုတ်ပါဘူး

သင်စကားများတဲ့အချိန် ရန်ဖြစ်တဲ့အချိန်ဆိုရင် ခေါင်းတွေပူလာမယ်။ အသံတွေတုန်လာမယ်။ နှလုံးခုန်နှုန်းတွေမြန်လာမယ်။ စိတ်ထဲမှာ ဘာမှမစဉ်းစားမိတော့ဘူး။ ဒါက ရန်ဖြစ်တဲ့သူတွေမှာ များသောအားဖြင့်တွေ့ရတတ်တဲ့ခံစားချက်တွေပါ။ ရန်ဖြစ်တယ် စကားများတယ်ဆိုတာက ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။ ဒါပေမဲ့ သင်ဟာ ရန်ဖြစ်တဲ့အချိန်တိုင်း စိတ်ထဲမှာ အခုပြောတဲ့အကြောင်းအရာကို မှတ်ထားလိုက်ရင် ရန်ဖြစ်တာက သင့်ကိုအသက်ရှည်စေမှာပါ။

ရန်ဖြစ်ရင်အသက်ရှည်တယ်ဆိုတဲ့ လေ့လာချက်ကို အသက် ၃၀ ကျော် လက်ထပ်ထားတဲ့စုံတွဲပေါင်း ၁၉၂ တွဲနဲ့ ပြုလုပ်ခဲ့တာပါ။ ဒီလေ့လာချက်ရဲ့ အဓိကရည်ရွယ်ချက်က ရန်ဖြစ်တဲ့အပြုအမူက လူတစ်ယောက်ရဲ့ အသက်အန္တရာယ်ထိခိုက်မှုရှိစေလား စမ်းသပ်တာပါ။ စုံတွဲတိုင်းကို ရန်ဖြစ်တဲ့အချိန်ဘယ်လိုဖြေရှင်းလဲ ဘယ်လိုရင်ဆိုင်လဲဆိုတဲ့အကြောင်း မေးမြန်းတာပါ။ တချို့စုံတွဲတွေက “ကျွန်တော်/ကျွန်မကတော့ ဒေါသထွက်ရင် ပြောချင်တာပြောပစ်ပြီး ဝုန်းဒိုင်းကျဲလိုက်တာပဲ”ဆိုပြီး ဖြေထားပါတယ်။ တချို့ကတော့ “ဒေါသတော့ထွက်တာပေါ့ ဒါပေမဲ့ ကိုယ့်စိတ်ကို ထိန်းထားပါတယ်”ဆိုပြီး ဖြေကြပါတယ်။

ဖြေဆိုချက်ရလဒ်တွေအရ စုံတွဲတစ်တွဲမှာ တစ်ယောက်နဲ့တစ်ယောက် ဒေါသဖြေရှင်းပုံချင်း မတူညီတာက အသက်တိုစေတယ်ဆိုပြီး ဖော်ပြထားပါတယ်။ တစ်ယောက်က ဒေါသစိတ်ကို ချုပ်တည်းထားပြီး ကျန်တစ်ယောက်က ဝုန်းဒိုင်းကျဲတာက သေဆုံးခြင်းဖြစ်စဉ်ကို အားပေးတာနဲ့ တူကြောင်းဆိုထားပါတယ်။ ရန်ဖြစ်တဲ့အချိန် အကောင်းဆုံးနည်းလမ်းကတော့ နှစ်ယောက်လုံးရဲ့ ရင်ထဲဖြစ်နေတဲ့ နာကျင်မှုတွေ သံသယတွေအားလုံးကို အပြိုင်ပြောတာပါပဲ။

စကားတိတ်နေခြင်းက သင်တို့ပြဿနာကို မဖြေရှင်းပေးနိုင်ပါဘူး

ဘာကြောင့် နှစ်ယောက်လုံးခံစားချက်တူတူ ဖွင့်ထုတ်သင့်တာလဲ။ စုံတွဲတစ်တွဲမှာ တစ်ယောက်ကခံစားချက်ကို မြိုသိပ်ထားလိုက်ရင် ရန်ဖြစ်တဲ့အချိန် ပြတ်သားတဲ့ရလဒ်မျိုးထွက်မလာပါဘူး။ ယောကျာ်းက ဝုန်းဒိုင်းထကျဲနေတဲ့အချိန် မိန်းမက သူ့ဒေါသစိတ်ကို မြိုသိပ်ပြီးနေလိုက်တာက နှစ်ယောက်လုံးရဲ့ စိတ်ခံစားချက်ကို ပိုနာကျင်စေပါတယ်။ တအုံ့နွေးနွေးနဲ့ မြိုသိပ်မှုတွေက ကြာလာရင် ထုထည်ကြီးလာပြီး ဆိုးကျိုးတွေကိုပဲ ပြန်ဖြစ်စေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဖြေရှင်းပုံက မတူညီရင် ကြာလာတာနဲ့အမျှ ကျန်းမာရေးကိုပါ ဒုက္ခပေးလာနိုင်ပါတယ်။

ဖွင့်ထုတ်ပြောမှ သင်ဖြစ်နေတဲ့ကိစ္စကို သင့်လက်တွဲဖက်ကနားလည်မှာပါ

ခံစားချက်တွေကို အတူတူဖွင့်ထုတ်လိုက်တာက နောက်ဆုံးမှာ ဘယ်လိုဖြေရှင်းကြမလဲ။ ဒီပြဿနာကို ဘယ်လိုလုပ်ရင် ပြေလည်နိုင်မလဲဆိုတဲ့ ထွက်ပေါက်ကို နှစ်ယောက်လုံးရှာတွေ့နိုင်ပါတယ်။

ဒါကြောင့် နောက်တစ်ခါရန်ဖြစ်ရင် ကိုယ်ဖြစ်နေတာကို ဖွင့်ထုတ်ပြောပါ။ ဒီတာဝန်က နှစ်ယောက်လုံးအတွက် အရေးပါပါတယ်။ သင်တို့နှစ်ယောက်ရန်ဖြစ်တဲ့အချိန် နောက်ဆုံးမှာ ကျေနပ်တဲ့အဖြေကို ရရဲ့လား။ မရရင်တော့ တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးတဲ့အကျင့်ကို စမ်းလုပ်ကြည့်ပါ။ တစ်ယောက်နဲ့တစ်ယေက် ရန်ဖြစ်တဲ့စတိုင်မတူရင်တော့ အသက်ရှည်ခြင်းဆိုတဲ့ကောင်းကျိုးကို မရပါဘူးနော်။

ဒါကြောင့် မိန်းကလေးတွေအနေနဲ့ ကိုယ့်ကောင်လေးက ဘာဖြစ်နေလဲမေးရင် မပြောဘဲနေတာမျိုးမလုပ်သင့်ပါဘူး။ ကိုယ်ဖြစ်နေတဲ့ သံသယကို ပွင့်ပွင့်လင်းလင်းပြောပေးပါ။ ဒါမှ သူနားလည်မှာပါ။ ဒီတော့ MyStyle Myanmar ကိုအားပေးတဲ့ပရိတ်သတ်တို့ရေ။ ရန်ဖြစ်တယ်ဆိုတိုင်း မကောင်းတာမဟုတ်ပါဘူး။ ရန်ဖြစ်တဲ့ပုံစံမှန်ပါက အသက်ရှည်ခြင်းဆိုတဲ့ဆုလာဒ်ကိုပါ အပိုဆောင်းရမှာပါနော်။

Source: Pinterest

By MyStyle Myanmar